စာစုတို

နိုလှိုင်း ● နှစ်​သစ်​ဟောင်း

နိုလှိုင်း ● နှစ်​သစ်​ဟောင်း
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၉

၁။
အဲဒီလိုနဲ့ ကျွန်​​တော်​တို့ ၂၀၁၈ဆိုတာကြီးကို ထားခဲ့လိုက်​ရတယ်​​ပေါ့။ ဖြစ်​ပျက်​ခဲ့သမျှ​ကိစ္စ​တွေကို​မေ့ပြီး​တော့လည်း စိတ်​အသစ်​နဲ့အတူ နှစ်​သစ်​ကိုဆက်​သွားရလိမ့်​မယ်​​ပေါ့။ မနက်​ခင်းဟာ သူ့သဘာဝအတိုင်း နိုးထလာခဲ့ပါတယ်​။ သူ့သ​ဘောသူ​ဆောင်​ပြီး ကုန်​ဆုံးသွားတဲ့နှစ်​တစ်​နှစ်​အတွက်​ ကျွန်​​တော့်​မှာဘာများနှုတ်​ဆတ်​စရာရှိပါ့မလဲဆိုတာ ​တွေးမိတယ်​။ ​ဘယ်​လိုအ​ကြောင်းအရာ​တွေ မပြီးပြတ်​​သေးတဲ့လုပ်​စရာကိစ္စ​တွေများ လုပ်​ဖို့ကျန်​ခဲ့​သေးလဲလို့လည်း စဉ်းစားဖြစ်ပါတယ်​။ ကျွန်​​တော့်​အတွက်​​တော့ နှစ်​​ဟောင်းကို​ပျော်​ရွှင်​စွာကုန်​ဆုံးပစ်​လိုက်​မယ့်အ​ကြောင်းလည်း မရှိသလို ပစ္စလက်​ခတ်​ထားခဲ့ဖို့လည်း မရည်​ရွယ်​ပါဘူး။ ​ပျော်​ရွှင်​စရာဆိုတဲ့ကိစ္စ​တွေလည်း ကျွန်​​တော့်​အတွက်​​တော့ သိပ်​ကိုရှားပါး​နေတုန်း​ပဲ​ပေါ့။ ​လောကဓံလည်း သူ့သဘာဝအတိုင်းနှိပ်​စက်​လာတတ်​မြဲ။ ထု​ထောင်းရိုက်​ပုတ်​​နေဆဲ​ပေါ့​လေ။ ဒီအတိုင်းပဲ မသိလိုက်​မသိဘာသာ နှစ်​အ​ဟောင်းကို ချန်​ရစ်​ခဲ့ချင်​ပါတယ်​။ ကျန်​ရစ်​ခဲ့ရ​တော့မယ်​ဆို​ပေမယ့်​ ကျွန်​​တော်​တို့ဘယ်​လိုများဖြတ်​သန်းကုန်​ဆုံးခဲ့ပါသလဲတဲ့။ အဲဒီလို ​တွေးမိ​နေခဲ့တာပါ။ အဲဒီအတွက်​ ကျွန်​​တော့်​ဘက်​မှာလည်း ​ပြောစရာအ​ကြောင်း​တွေဒီထက်​ပိုရှိခဲ့မယ်​ဆိုရင်​ ကုန်​ဆုံးသွားတဲ့နှစ်​ထဲက အဖြစ်​အပျက်​နည်းနည်း ကျွန်​​တော့်​ခံစားချက်​နည်းနည်းနဲ့ ညည်းညူ​အော်​ဟစ်​ထားတဲ့ ဟို​ရောက်​ဒီ​ရောက်​စာတစ်​​စောင်​ပဲ ဖြစ်​မှာ​ပေါ့။ ဘယ်​ဆီကိုပို့လွှတ်​လိုက်​ရမှန်းမသိပဲ လက်​ထဲက​နေ ရုန်းကန်​ပျံသန်းသွားတဲ့ ငှက်​က​လေးတစ်​​ကောင်​လိုပဲ ဖြစ်​​နေမှာ​ပါ။ ကျွန်​​တော်​ တတ်​နိုင်​ခဲ့သ​လောက်​နဲ့ပဲ ​ပေါ့​လေ။

၂။
နှစ်​စတုန်းက ကျွန်​​တော့်​လက်​ထဲမှာ ​ငွေစက​လေးအနည်းငယ်​ရှိခဲ့ဖူးတယ်​။ နည်းနည်း​လေးဆိုမှ တကယ့်​နည်းနည်း​လေးရယ်​ပါ။ ဒါ​ပေမယ့်​ အဲဒီ​ငွေ​ကြေးအနည်းငယ်​​လောက်​ဟာ ပြီးဆုံးသွားခဲ့တဲ့နှစ်​​ဟောင်းက လက်​ကျန်​​ငွေလား။ တစ်​​နေရာရာကဝင်​လာတဲ့​ဝင်​​ငွေအသစ်​လား​ဆိုတာ​တော့ ကျွန်​​တော်​မမှတ်​မိ​တော့ဘူး။ တစ်​ခါတ​စ်​ခါကျရင်​ အဲဒီလို လက်​ကျန်​ရှိ​နေတတ်​တဲ့​ငွေ​အနည်းငယ်​​လောက်​နဲ့လည်း ဘာရည်​ရွယ်​ချက်​မှမရှိ ဟိုဟိုဒီဒီ ​လျှောက်​သွား​နေမိတာပဲ​လေ။ ​နောက်​ပြီး အခု​လော​လောဆယ်​ ကျွန်​​တော့်​မှာ အလုပ်​ရယ်​အကိုင်​ရယ်​လို့​လည်း အတည်​တကျမရှိဘူး​။ အိမ်​အပြင်​​ရောက်​​ရောက်​​နေတယ်​ဆိုတာလည်း တစ်​စုံတစ်​​ယောက်​က ကျွန်​​တော့်​ကိုအလုပ်​ရှိလို့လှမ်း​ခေါ်မလား တစ်​​နေရာရာမှာ​ငွေ​လေးနည်းနည်း​လောက်​ပဲထပ်​ရှာနိုင်​လိမ့်​မလားရယ်​လို့ ကျွန်​​တော်​​မျှော်​လင့်​​နေမိတာ​လောက်​ပဲ။ ဒါ​ပေမယ့်​ အဲဒါလည်း မဖြစ်​နိုင်​ဘူးဆိုတာ သိ​နေခဲ့ပြီးသား​ပေါ့။ ကျွန်​​တော့်​အတွက်​ လတ်​တ​လောဝင်​​ငွေဆိုတာ တစ်​ခါတ​လေရတတ်​တဲ့ စာမူခအနည်းငယ်​​လောက်​ရယ်​ တစ်​ခါတစ်​ခါကျမှ ရင်းနှီးတဲ့သူ​တွေလှမ်း​ခေါ်တတ်​တဲ့ စက်​ပစ္စည်းပြင်​တဲ့အလုပ်​တစ်​ခုရယ်​ပဲရှိ​တယ်​။ အဲဒါ​တွေကလည်း အချိန်​တိုင်းလုပ်​ကိုင်​​နေရတာမျိုးမဟုတ်​​တော့ ကျွန်​​တော့်​ဝင်​​ငွေက ပုံမှန်​မရှိဘူး။ လခစားအလုပ်​တစ်​ခုခုဝင်​လုပ်​ဖို့ကျပြန်​​တော့လည်း ကျွန်​​တော့်​မှာ လတ်​တ​လော အဆင်​သင့်​မဖြစ်​​နေဘူး​လေ။ ဒီလို​ဖြစ်​​နေ​နေရတာလည်း ကျွန်​​တော့်​အတွက်​ အကျင့်​ပါ​နေပါပြီ။

ပြီးခဲ့တဲ့နှစ်​​တွေတုန်းကဆိုရင်​​တော့ ကျွန်​​တော့်​မှာ ဒီထက်​ပိုပြီးစုထား​ဆောင်းထားတဲ့​ လက်​ကျန်​​ငွေ​လေးအနည်းအကျဉ်း​လောက်​ ရှိ​ခဲ့​ပါ​သေးတယ်​။ ကိုယ်​ပိုင်​အလုပ်​က​လေးလုပ်​လို့ရမလိုပုံစံမျိုး​လောက်​​ပေါ့​လေ။ ဒီ​ခေတ်​ထဲ ကိုယ်​ပိုင်​လုပ်​ငန်းဆိုလို့ သိပ်​ကြီးကြီးကျယ်​ကျယ်​​တွေများဖြစ်​​နေမလားလို့ မထင်​ပါနဲ့ဦး။ ကျွန်​​တော်​ဆိုလိုတာက ရပ်​ကွက်​ထဲက လက်​ဖက်​ရည်​ဆိုင်​​သေး​သေး​လေးတစ်​ဆိုင်​​လောက်​ ဒါမှမဟုတ်​ ကားနဲ့ထီလက်​မှတ်​လှည့်​​ရောင်းလို့ရတဲ့ပမာဏ​လောက်​ လမ်းထိပ်​မှာ ထမင်း​ကြော်​ဆိုင်​တစ်​ဆိုင်​​လောက်​ဖွင့်​လို့ရမယ်​ထင်​ရတဲ့ ​ငွေ​ကြေးအနည်းငယ်​​လောက်​ကိုဆိုလိုတာပါ။ ဆိုင်းကြီးကန္နားကြီးနဲ့ဟီးထ​နေ​အောင်​ဖွင့်​ဖို့ဆိုတာ​တော့ ကျွန်​​တော့်​အတွက်​ အိပ်​မက်​ထဲမှာ​တောင်​ ထည့်​မမက်​ရဲတဲ့ကိစ္စကြီးပါ။ ကျွန်​​တော်​ဆိုလိုတာက ကိုယ့်​အလုပ်​​လေးနဲ့ကိုယ်​​အေး​အေး​ဆေး​ဆေး​နေလို့ရမယ်​ ထမင်းစားဖို့အတွက်​ပူစရာသိပ်​မလိုတဲ့အလုပ်​မျိုး​တွေ​ပေါ့။ ကျွန်​​တော်​သွားချင်​တဲ့အချိန်​ ကျွန်​​တော်​သွားမယ်​။ ဘယ်​သူမှ​စေခိုင်းမှုမပါပဲ လွတ်​လွတ်​လပ်​လပ်​ရှင်​သန်​​နေလိုတာ​ပေါ့​လေ။ ဒါ​ပေမယ့်​ အဲဒီစိတ်​ကူးဟာ အိပ်​မ​ပျော်​ည​တွေနဲ့အတူ လုံးပါးပါးခဲ့ရတယ်​။ အဲဒီလို​ငွေစ​ကြေးစ​လေးကိုင်​ထားခွင့်​ရတဲ့နှစ်​တစ်​နှစ်​ဟာလည်း ကျွန်​​တော့်​ဘဝထဲက​နေ အလျင်​အမြန်​ပဲထွက်​ခွာသွားခဲ့ပြန်​တာပါပဲ။

၃။
ဒီတစ်​နှစ်​အတွက်​လည်း ​ဆောင်းရာသီ​ရောက်​လာခဲ့သလို နှစ်​အသစ်​ဟာ အလိုလို​ရောက်​လာဦးမှာပဲ​ပေါ့။ နှစ်​အ​ဟောင်းကို စိတ်​​ကျေနပ်​​လောက်​စရာပုံစံနဲ့ ကျွန်​​တော်​ဖြတ်​သန်းနိုင်​ခဲ့တယ်​လို့ ​ပြောလို့မရခဲ့ဘူး။ ဘယ်​သူကများ ကိုယ့်​လက်​ရှိဖြစ်​တည်​မှုနဲ့ ​ရောင့်​ရဲလွယ်​တတ်​ကြပါသလဲတဲ့။ ဘယ်​သူကမှ ကိုယ်​ရ​နေတဲ့အရာ​တွေနဲ့ ​ကျေနပ်​နိုင်​ကြလို့လဲ။ ကျွန်​​တော်​ဟာ အမြဲတမ်း လိုအင်​ဆန္ဒ​နောက်​လိုက်​ရင်း စိတ်​ပင်​ပန်းမွန်းကျပ်​​နေသူတစ်​​ယောက်​​တော့လည်း မဟုတ်​ခဲ့ပါဘူး။ ဒါ​ပေမယ့်​ ကျွန်​​တော့်​မှာ မိသားစုရှိတယ်​။ က​လေး​လေး​တွေရှိတယ်​။ ကျန်​တာ​တွေဘာမှမစဉ်းစားဘူးဆိုရင်​​တောင်​ က​လေး​တွေ​ရဲ့​ရှေ့​ရေးကိုတတ်​နိုင်​သ​လောက်​ ငဲ့ကြည့်​ရဦးမှာ​ပါ။ ဝင်​​ငွေပုံမှန်​ရတဲ့အလုပ်​တစ်​ခုကို ကျွန်​​တော်​လုပ်​ချင်​ပါတယ်​။ အရင်းအနှီးမရှိ​ပေမယ့်​ လုပ်​လို့ရတဲ့အလုပ်​မျိုး​တွေ ကျန်​​တော်​ကြိုးစားကြည့်​တယ်​။ ဒါ​ပေမယ့်​ ဒီတစ်​နှစ်​ထဲ ကျွန်​​တော့်​​မျှော်​လင့်​ချက်​​တွေဟာ သဲထဲသွန်​တဲ့​ရေလိုဖြစ်​ခဲ့တယ်​ဆိုတာကိုပဲ မချင့်​မရဲ​ပြော​ခဲ့ရပါတယ်​။ တကယ်​ကို သဲထဲသွန်​တဲ့​ရေ​တွေချည်းပဲ။ ကျွန်​​တော်​ကြံစည်​ခဲ့သမျှအရာမ​ရောက်​ခဲ့ စိတ်​ကူးယဉ်​အိပ်​မက်​ဟာ နှစ်​​ဟောင်းနဲ့အတူကျကျန်​ရစ်​ခဲ့တယ်​​လေ။ ကံတရားအတိုင်းပဲဆိုပြီး ကံကိုပစ်​ချဖို့လည်း မရည်​ရွယ်​ပါဘူး။ တခြားအ​ခြေအ​နေတစ်​ခုနဲ့လည်း ကျွန်​​တော့်​ဘက်​ကမ​ပြောင်းလဲနိုင်​ မဖန်​တီးနိုင်​ခဲ့ဘူး​လေ။ ဒီ​တော့ ကံတရားအတိုင်းပါပဲ။

အခုဖြစ်​​နေရ​နေတဲ့ဘဝကလည်း ကျွန်​​တော်​စိတ်​​လေပြီး ​လျှောက်​လုပ်​​နေတဲ့အလုပ်​​တွေမှမဟုတ်​ခဲ့တာပဲ​လေ။ စာ​တွေ​ရေးဖြစ်​ခဲ့တာက​တော့ ကျွန်​​တော့်​အတွက်​​နောက်​ဆုံး​မျှော်​လင့်​စရာဆိုတာထက်​ ​ကောက်​ရိုးတမျှင်​ဟာအသက်​ကယ်​ကြိုးလိုဖြစ်​ခဲ့ပါတယ်​။ ကျွန်​​တော်​​ပြောချင်​တာက ဒီဘက်​နှစ်​ပိုင်း​တွေမှာလုပ်​ခဲ့သမျှ အ​ယောင်​​ယောင်​အမှားမှားနဲ့လုပ်​မိလုပ်​ရာ​တွေလုပ်​ခဲ့တာမျိုးမဟုတ်​ဘူးလို့ ဆိုလိုတာပါ။ ကူတွယ်​ရာမဲ့သလိုဖြစ်​​နေတာမျိုးလည်း မဟုတ်​ပါဘူး။ အစကတည်းက ဆုံးဖြတ်​ခဲ့ပြီးသားမှာ တချို့ ကိစ္စ​တွေက ထင်​သလိုဖြစ်​မလာခဲ့တာမျိုး​တွေ​ပေါ့။ ကျွန်​​တော့်​အတွက်​​တော့ စာ​တွေ​ရေးဖြစ်​​နေတာကသက်​သက်​ အလုပ်​အကိုင်​အဆင်​မ​ပြေတာကသက်​သက်​ပါပဲ။ ဒီလိုထမင်းငတ်​တဲ့ကိစ္စ​တွေချည်း စိတ်​ကူးယ်​​နေတာကိုးတဲ့။ ကျွန်​​တော်​အ​နေနဲ့ စာ​ထဲစိတ်​​ရောက်​​နေလို့ ဘာမှမလုပ်​ချင်​မကိုင်​ချင်​ဖြစ်​​နေတာမျိုးမဟုတ်​ဘူးလို့ ဆိုပါရ​စေ။ ​ပြောခဲ့သလိုပဲ။ အတတ်​နိုင်​ဆုံးလှုပ်​ရှး​နေခဲ့တာပဲမဟုတ်​လား။ ရှိတဲ့​ငွေ​လေးသာ တစ်​စစနဲ့ ကုန်​သွားခဲ့ရတာ။ လစဉ်​ဝင်​​ငွေအနည်းအကျဉ်းရရ​နေတဲ့ အလုပ်​တစ်​ခုပြီးတစ်​ခု ​လျော့ပါးသွားခဲ့ရတာ။ စိတ်​ကူးယဉ်​စီစဉ်​ထားတဲ့အလုပ်​​တွေ ပျက်​သွားခဲ့တာ စသည်​ဖြင့်​​​ပေါ့။ စာ​တွေမ​ရေးဖြစ်​ခဲ့ဘူးဆိုရင်​ ဒီလိုအ​ခြေအ​နေမှာ ကျွန်​​တော်​ဘာဖြစ်​​နေမလဲလို့ မခန့်​မှန်းတတ်​ပါဘူး။ မွန်းကျပ်​လွန်းတဲ့ည​တွေထဲ ဝမ်း​ရေးအတွက်​ကြံရာမရဖြစ်​ဖြစ်​​နေတတ်​တဲ့ အိပ်​​ရေးပျက်​နာရီ​တွေက ကျွန်​​တော့်​ကိုတစ်​ခုခု​တော့ဖြစ်​သွား​စေနိုင်​ခဲ့တယ်​​မဟုတ်​လား။ အခုလိုစာ​တွေ​ရေးဖြစ်​​နေတာက​တော့ ကျ​နေတဲ့စိတ်​ကိုမရရ​အောင်​ဆွဲတင်​ခဲ့ရတဲ့ ကြိုးတစ်​စလို့သာ ကျွန်​​တော်​ခံစား တန်​ဖိုးထားခဲ့ရပါတယ်​။

၎။
နှစ်​​ဟောင်းမှာ ဘာရခဲ့သလဲဆိုရင်​ ဒဏ်​ရာရခဲ့တယ်​။ ရင်​ထဲမှာပန်း​တွေပွင့်​​နေတာမဟုတ်​ဘူးဆိုတဲ့ ဗန်းစကားလို ဆူးနင်းမိတဲ့နှစ်​တစ်​နှစ်​ပါပဲ။ ကျွန်​​တော်​မှမဟုတ်​ပါဘူး။ အပြင်​​လောကမှာလည်း ဘာမှအရာမ​ရောက်​တဲ့အဖြစ်​အပျက်​​တွေနဲ့ ထူးမခြားနားပြဇာတ်​​တွေနဲ့ ယိုယွင်းပျက်​စီးလာတဲ့ဝမ်းတစ်​ထွာကိစ္စ​တွေချည်းပဲ​ပေါ့။ ကျွန်​​တော်​တို့အားလုံးညည်းညူ​နေတဲ့​ခေတ်​မှာ ကျွန်​​တော်​လည်းအားလုံးနဲ့အတူတူ သီချင်းတ​အေး​အေး မ​နေခဲ့ရပါဘူး။ မလည်​ပတ်​တဲ့ဝင်​​ငွေအတွက်​ ဒီထက်​ပိုပြီး​တော့ ပြုတ်​ကျမသွား​အောင်​ အ​ကြွေးနဲ့ကာထားရတယ်​။ အခုထက်​ပိုဟန်​မပျက်​​အောင်​ ဆန္ဒမှန်​သမျှ ချိုးနှိမ်​ထားရတယ်​။ လက်​ဖက်​ရည်​​သောက်​ရင်​ မုန့်​မစားရဲ စီးကရက်​​သောက်​ချင်​ရင်​ ​ရေသန့်​ဘူးမဝယ်​ရဲဘူးဆိုသလိုမျိုး ထမင်းစားပြီးတိုင်း ခံတွင်းချဉ်​မှာစိုးလို့ ဘီယာ​​သောက်​ရင်​ တွက်​​ခြေမကိုက်​မှာစိုးလို့ အဝတ်​အစားဝယ်​ရင်​ ​သေးကုန်​မှာစိုးလို့စတဲ့အ​ကြောင်းပြချက်​​တွေနဲ့ ​ချွေတာ​နေလိုက်​​တော့တယ်​။ ဒါ​ပေမယ့်​ ငယ်​ထိပ်​​ပေါ်​ရောက်​လာတဲ့ပူပန်​မှာက​တော့ ဘယ်​အချိန်​မှ ​လျော့ပါးမသွားခဲ့ပါဘူး။ ​နောက်​တစ်​နှစ်​လည်း ​နောက်​အ​ကြွေးစာရင်းအသစ်​နဲ့ ပြန်​လည်​ပတ်​ရဦးမှာပဲ​ပေါ့။

ကျွန်​​တော့်​တစ်​​ယောက်​တည်းအတွက်​ဆိုရင်​ ဟိုးတုန်းကလို ​ငွေယားက​လေးရှိလာလို့ ဟိုဆိုင်​ဒီဆိုင်​ သွားထိုင်​လိုက်​မဟဲ့ဆိုတဲ့စိတ်​ကူးမျိုးက သိပ်​ကိုရှားသွားခဲ့ပါတယ်​။ တကယ်​လည်း အဲဒီလိုသုံးနိုင်​​လောက်​တဲ့အ​ခြေအ​နေမျိုးမရ​တော့သလို ကိုယ့်​လက်​ထဲမှာလည်းအပိုသုံးစရာ​ငွေ​ကြေးတစ်​စုံတစ်​ရာမရှိ​တော့ဘူး​လေ။ အရင်​ကရခဲ့သလို လုပ်​နိုင်​ခဲ့သ​လောက်​လည်း အလုပ်​ကိုက မ​ကောင်း​တော့ပါဘူး။ တစ်​ခါတ​လေ အ​ပေါင်းအသင်း​တွေနဲ့ဆိုင်​ထိုင်​တဲ့အခါ သိသိသာသာကိုပဲ အရင်​က​လောက်​တက်​တက်​ကြွကြွ ဖြစ်​မ​နေ​တော့ဘူးဆိုတာ ကိုယ့်​ကိုယ်​ကိုယ်​သတိထားမိခဲ့တယ်​။ ကိုယ့်​မှာရှင်းစရာအဆင်​သင့်​ရှိမ​နေတဲ့အ​ပေါ် အမြဲအားနာရတတ်​လို့ ဆိုင်​လည်းသိပ်​မထိုင်​ဖြစ်​​တော့ပါဘူး။ တစ်​ခါတစ်​ခါ ​ဘေလ်​ရှင်းတဲ့အခါ စာရွက်​ကိုယူကြည့်​မိတဲ့အခါ​တွေဆို ပါးစပ်​​ဟောင်​​လောင်းနဲ့အံ့သြ​နေခဲ့ရတယ်​။ ​ဈေးနှုန်း​တွေက အရင်​ကလိုမဟုတ်​​တော့ပါလား။ ​ဈေးကြီးလှချည်​လား ဘယ်​လိုစိတ်​နဲ့များစားရ​သောက်​ရမှာပါလိမ့်​ဆိုပြီး အလန့်​တကြားအိပ်​မက်​လန့်​နိုးသွားသူလို ဖြစ်​ရတယ်​။ စီးကရက်​တစ်​ဘူးကအစ လမ်း​ဘေးကထမင်း​ပေါင်းတစ်​ပွဲကအစ လက်​ဖက်​ရည်​တစ်​ခွက်​ကအစ အရာရာအားလုံး ​ဈေး​တွေတက်​​နေတယ်​။ အဲဒါဘာလဲဆို​တော့ ကုန်​ခန်း​နေတဲ့စိတ်​ဟာတည်းထားမရပဲ ပြုတ်​ကျ​လာ​နေပါတယ်​ဆိုမှ လတ်​တ​လော ဘဝအဆင်​မ​ပြေပါဘူးဆိုမှ ပိုပိုခက်​ခက်​လာတဲ့ဝမ်း​ရေး​တွေ ပိုပိုကျပ်​တည်းလာတဲ့အ​ခြေအ​နေ​တွေ​ပေါ့။ ကျွန်​​တော်​မှ​တော့လည်း မဟုတ်​ပါဘူး။ ဒါ​တွေကို အကုန်​လုံးရင်​ဆိုင်​​နေကြရတာပါပဲ။ ကာရာအို​ကေဆိုင်​​တွေများလာ​ပေမယ့်​ ​​လျော့​ဈေး​တွေနဲ့ပိုမိုဆွဲ​ဆောင်​လာရတယ်​။ ​လောကပါလတရား​တွေ ပိုမိုဆိတ်​သုန်းလာတယ်​။ ဓမ္မနဲ့အဓမ္မပိုပြီး အားပြိုင်​လာခဲ့ပါတယ်​။ အရာရာယိုယွင်းလာတဲ့စိတ်​​တွေနဲ့ ဘယ်​​တော့မှဆပ်​မကုန်​တဲ့အ​ကြွေး​တွေနဲသာ နှစ်​​ဟောင်းကိုနှုတ်​ဆက်​ခဲ့ရပါတယ်​လို့ပဲ ဆိုပါ​တော့။ ဒါ​ပေမယ့်​ အဲဒါ​တွေကိုမှ မလိုချင်​ပါဘူး မရချင်​​တော့ပါဘူးဆိုလည်း ကိုယ်​​ရွေးထားတဲ့လမ်းမှာ ဒီအတိုင်းထားခဲ့လို့မရ ဖြုတ်​ချချန်​ရစ်​ခဲ့လို့မရ နှစ်​အသစ်​ထဲထိ​အောင်​ထပ်​မံသယ်​​ဆောင်​သွားကြရမှာပဲ မဟုတ်​လား။ နှစ်​​ဟောင်းကသာ သူ့သ​ဘောသူ​ဆောင်​ကျန်​ခဲ့မယ်​ ပြဿနာအသစ်​​တွေက​တော့ လက်​မခံချင်​လည်း ပါလာဦးမှာပဲမဟုတ်​လား။ အားလုံး Happy New Year!။ ​ပျော်​စရာ အမြန်​ ပြန်​ရပါ​စေသား​ပဲ​ပေါ့။

နိုလှိုင်း
၂၀၁၉ ဇန်​နဝါရီ ၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts