စာပဒေသာ အတွေးအမြင် မြန်မာပြည်တွင်း

ပြည်သစ်ဟန် – စာကြည့်တိုက်များ တံခါးပိတ်နေသောအခါ

စာကြည့်တိုက်များ တံခါးပိတ်နေသောအခါ


ပြည်သစ်ဟန်
(မိုးမခ) ဒီဇင်ဘာာ ၂၉၊ ၂၀၁၈


အင်္ဂလိပ်​အနုပညာနဲ့သုခုမ ​ဝေဖန်​​ရေးဆရာ”ဂျွန်​ရပ်​စကင်း”က ဤသို့ဆိုဖူးသည်​။

လူမျိုးတမျိုးဟာ စာ​ပေကိုအထင်​​သေး​နေရင်​၊ အနုပညာကို အထင်​​သေး​နေရင်​၊ သဘာဝကို အထင်​​သေး​နေရင်​၊ ​မေတ္တာကရုဏာကို အထင်​​သေး​နေရင်​၊ ပိုက်​ဆံကိုချည်းမက်​​မော​နေရင်​ အဲဒီလူမျိုးဟာ ကြာရှည်​ခံမှာမဟုတ်​ဘူး။

အထူးသဖြင့်​ စာ​ပေနှင့်​ဆက်​စပ်​ပြီး ​ပြောချင်​ပါသည်​။
ကျွန်တော်တို့၏အားလပ်ချိန်အသုံးပြုမှုကို စာနယ်ဇင်းနှင့် မည်မျှဆက်စပ်နေသေးကြောင်း တွေးတောမိသည်။

ဒီမိုကရေစီစနစ်ဆီလျှောက်လှမ်းနေသော ယခုလိုအချိန်တွင် ယခင်အာဏာရှင်အဆက်ဆက်ကအနေအထားထက် သတင်းစာ၊ ဂျာနယ် မဂ္ဂဇင်းတွေမှာ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်အတူ အပြိုင်းအရိုင်း ပေါ် ထွက်နိုင်ခွင့်ရှိလာပြီဖြစ်ပါသည်။ အခြားသောလုံးချင်းစာအုပ်တွေလည်း ယခင်ကတိမ်မြုပ်ပျောက်ကွယ်နေသောအကြောင်းအရာများဖြင့်
မကြာခဏထွက်ရှိလာသည်ကိုတွေ့ရပါသည်။


လွတ်လပ်စွာရေးသားဖော်ထုတ်နိုင်ခွင့်နှင့်အတူ စာနယ်ဇင်း နယ်ပယ်တွင်မကပဲ အခြားသောလုံးချင်းများဖြစ်သော အတ္ထုပ္ပတ္တိစာအုပ်တွေ၊ လုံးချင်းဝတ္ထုစာအုပ်တွေ၊ ကဗျာစာအုပ်တွေ၊ တွေးခေါ်မြော် မြင်ရေးဆိုင်ရာစာအုပ်တွေ၊ သမိုင်းဆိုင်ရာစာအုပ်တွေ စသည်စသည်ဖြင့် စဉ်ဆက်မပြတ်ထွက်ပေါ်နေနိုင်ရေးသည် လိုလားတောင့်တအပ် သောအရာဟူ၍ ထင်မြင်ယူဆမိပါသည်။

ပြင်ပစာနယ်ဇင်းနယ်ပယ်နှင့် အခြားစာပေနယ်ပယ်များတွင် သာမကပဲ ကလေးစာပေဖွံဖြိုးတိုးတက်လာမှုနှင့်အတူ ကျောင်းတွင်းစာကြည့်တိုက်နှင့်ကျောင်းပြင်ပစာကြည့်တိုက်များ ပြန်လည်အသက်ဝင် လှုပ်ရှားနိုင်မည်လားဟူ၍ မရဲတရဲဖြင့်မျှော်လင့်ကြည့်နေမိသည်။ ကျွန်တော်မရဲတရဲဖြင့်ဆိုရခြင်းအကြောင်းမှာ မြန်မာင်ငံ၏စာကြည့်တိုက်ပုံ သဏ္ဌာန်မျိုးစုံရွေ့လျားပျောက်ကွယ်လာခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ခန့်ရှိပြီဟု မှန်းဆမိပါသည်။


ကျောင်းစာကြည့်တိုက်ဆိုလျှင် ဆရာ၊ ဆရာမများနှင့် ကလေးတွေအကြား စာသင်ကျောင်းတကျောင်း၏ပရိဝဏ်အတွင်းမှာရှိနေနိုင်သည်ဟူသော အဆက်အစပ်တွေပင် အတော်လေး ဝေးကွာနေ ပြီဖြစ်ပါသည်။ ကျောင်းပြင်ပစာကြည့်တိုက်များမှာလည်း ပို၍ပင် ပျောက်ကွယ်၍နေကြပါသည်။


စာအုပ်အငှားဆိုင်များနှင့်ပတ်သက်၍လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် တဖြည်းဖြည်းပျောက်ကွယ်နေကြသည်ကိုစိတ်မကောင်းစွာဖြင့် တွေ့မြင်နေရပါသည်။

ကျွန်တော်နှင့်သိကျွမ်းခင်မင်ရသော ဆရာ၊ ဆရာမတချို့ မှာ ထူးထူးခြားခြားကျန်ခဲ့သော (၁၀)နှစ်ဝန်းကျင် ခန့်လောက်ကပင် ရွေ့လျားစာကြည့်တိုက်ပုံစံဖြင့် လုပ်ဆောင်နေသည်ကိုချီးမွမ်းမိရင်း
ယခုကာလတွင် အံ့ဩဖွယ်ရာတွေ့မြင်နေရပါသည်။ သူတို့၏လုပ်ဆောင်ပုံမှာ တောနယ်တဝိုက်မှ နီးစပ်ရာ၊ စိတ်သဘောတူညီရာ စာသင် ကျောင်း (၁၀)ကျောင်းပေါင်းရုံးပြုလုပ်ကြခြင်းဖြစ်ပါသည်။


ထိုကျောင်း(၁၀)ကျောင်းမှာ တစ်လကြာလျှင် စာအုပ်များ အားလုံးစုစည်းပြီး တနေရာတည်းတွင်စုဝေးပေါင်းတွေ့ဆုံကြသည်။ ဖတ်ပြီးသားစာအုပ်နှင့် မဖတ်ရသေးသောစာအုပ်များကိုဖလှယ်ကြရင်းဖြင့် တစ်လတခါ ပြန်လည်စုရုံးကြရင်းရွေ့လျားစာကြည့်တိုက်ကိုအသက်သွင်းနေကြခြင်းဖြစ်ပါသည်။


ကျွန်တော်သူတို့၏ရွေ့လျားစာကြည့်တိုက်နှင့်အတူ စာဖတ် ရှိန်မြင့်တင်နေပုံကို လေးစားမိသွားပါသည်။ အမှန်တကယ်သူတို့၏ရွေ့လျားစာကြည့်တိုက်သည် ယခုကျွန်တော်တင်ပြသည်ထက်ခက်ခဲသော အခြေအနေများ အများအပြားရှိပါသည်။

နယ်မြို့မှာနေထိုင်သောစာရေးဆရာ “မောင်ခိုင်လတ်” ထံ မှ လှေ၊သဘောင်္တို့ဖြင့် သယ်ယူကြရခြင်းဖြစ်ပါသည်။ တောကစာသင်ကျောင်းဆီရောက်ဖို့ မိုးရွာသောကာလများတွင် အခက်အခဲများစွာနှင့် သယ်ဆောင်ကြရသည်။ ဤကဲ့သို့တင်ပြရခြင်းမှာ ဆရာ”မောင်ခိုင်လတ်”နှင့်အတူ ရွေ့လျားစာကြည့်တိုက်လုပ်ဆောင်နေကြသောကျွန်တော့် မိတ်ဆွေဆရာ၊ ဆရာမများသည် ကိုယ်ထူကိုယ်ထကိုယ်အားကိုယ့်ခွန်ဖြင့် ပြုလုပ်ကြရခြင်း ဖြစ်ပါသည်။


ရင်းနှီသိကျွမ်းရာ ရန်ကုန်စာနယ်ဇင်းနယ်ပယ်မှ လှူဒါန်း သောစာအုပ်များနှင့်အတူ မိမိကိုယ်တိုင်ဝယ်သော စာအုပ်များဖြင့် ရွေ့လျားစာကြည့်တိုက်ကို အသက်ဆက်နေကြရခြင်းဖြစ်ပါသည်။ ဤသည်မှာ ကျွန်တော်လက်လှမ်းမီသမျှ စာပေချစ်စိတ်နှင့် စာဖတ်ရှိန်မြှင့်တင်နေကြသောအဝန်းအဝိုင်းလေးတခုရှိနေသည်ကို ချပြကြည့် ခြင်းဖြစ်ပါသည်။

ကျန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန့်တော်၏တူမလေး တယောက်ဖြစ်သူ စာအော်ကျက်နေသည်ကိုကြည့်လိုက်မိပါသည်။ သင်ရိုးညွှန်းတမ်းစာအုပ်မဟုတ်သော (လက်ဖက်ရည်တွင် အသင့်ဖျော် အထုပ်)အသင့်အမေးအဖြေပါပြီးသား စာအုပ်တစ်အုပ်ထဲမှစာများကို အော်ကျက်နေခြင်းဖြစ်ပါသည်။ အသင့်ကျက်လိုက်ရုံဟူ၍ ဆိုရမည်ပင်။


ကျွန်တော်ကြားသိဖူးသောပညာရေးဟူသည် “စာကိုလည်း သင်ရင်း စိတ်ကိုလည်းသင်ရာသည်။ ဘာတွေကိုတွေးရမည်ဆိုသည်ထက် ဘယ်လိုတွေးရမည်ကိုသင်ယူခြင်းမည်ပေသည်”ဟူ၍ ဆရာကြီး ဦး​အောင်​သင်းပြောဖူးသည်ကို မှတ်သားမိပါသည်။


ဆရာ၊ ဆရာမက တွေးတောတတ်အောင်၊ တွေးတော စဉ်းစားနိုင်အောင် အလေ့အထုံချပေးခြင်းသည် သင်ရိုးညွှန်းတမ်းထဲမှ ဆရာ၊ ဆရာမတွေ၏တာဝန်၊ အားထုတ်ရမှုနှင့် ကျောင်းသား ငယ်လေးတွေ၏နောက်ဆက်တွဲ သင်ယူအားထုတ်မှုအဆင့်ထိသွားရသောအရာဟု၊ ဆရာကြီးတွေ ပြောခဲ့ဖူးသည်ကို ဖြန့်ကျက်ဆင့်ပွားမိ သော ပညာရေးပုံစံဖြစ်ပါသည်။


ယခုပညာရေးသည် အသင့်ကျက်ဖို့ရာသာဖြစ်နေသည်ကို စိတ်မကောင်းဖွယ်ရာတွေ့မြင်နေရပါသည်။ ယင်းသို့ ကိုယ်ပိုင်တွေးတောစဉ်းစားတတ်သောအလေ့အထုံတွေကို စာဖတ်ခြင်းမှသာ အနီးစပ် ဆုံး ပို့ဆောင်ပေးနိုင်သည်ဟူ၍ ယူဆမိပါသည်။ ကျောင်းသားဖြစ်စေ၊ ဆရာ၊ ဆရာမဖြစ်စေ၊ အလုပ်သမား၊ လယ်သမားဖြစ်စေစသည် စသည်ဖြင့် လူတိုင်းစာဖတ်ခြင်းဆီမှသာ ထိုအရာတွေကို မျှော်လင့်နိုင်စကောင်းပါသည်။


သို့သော်လည်း စာသင်ကျောင်းများသည် စာကြည့်တိုက် တွေနှင့် ဝေးနေဆဲဖြစ်ပါသည်။ စာသင်ကျောင်းပြင်ပသည်လည်း စာကြည့်တိုက်တွေနှင့် ဝေးနေဆဲဖြစ်ပါသည်။ အငှားဆိုင်တွေလည်း ပျောက်ကွယ်ကုန်ကြပါပြီ။ ကျွန်တော်တို့၏စဉ်းစားတွေးတောခြင်းအလုပ်အတွက် အထောက်အကူပြုပေးမည့်အားလပ်ချိန်တွေမှာ အခြား သောကိစ္စများက နေရာဝင်ယူနေပြီဖြစ်ပါသည်။


စာဖတ်ခြင်းအတွက် နေရာအတော်လေး ပါးလျားသွားပြီ လားဟူသည်မှာ စာသင်ကျောင်းများမှာ စာကြည့်တိုက်များနည်းပါးသွားခြင်းနှင့်အတူ လစ်ဟာမှုတခုကို ချိန်ထိုးပြသနေသလိုပင်ဖြစ်သည်။

နိုင်ငံတနိုငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်လည်း စာဖတ် ခြင်းနှင့် စာပေအနုပညာအပေါ်သက်ရောက်မှုရှိနေပါသည်။ ဆင်းရဲကျပ်တည်းသော၊ ဝမ်းစာရေးအတွက်လှုပ်ရှားရုန်းကန်နေရသော ပြည်သူ ထုအတွက်စာဖတ်ခြင်းဆီမရောက်နိုင်သည်မှာ လက်တွေ့ကျသောအချက်တချက်ပင်။


ခြွင်းချက်တော့ရှိပါမည်။ စာပေနှင့်လူ့အဖွဲ့အစည်း၊ စာကြည့် တိုက်နှင့် လူ့အဖွဲ့အစည်း၏အနာဂတ် စသည်တို့သည် ဆက်စပ်အကျိုးပြုနေသောပုံရိပ်များဖြစ်ပါသည်။ ထိုပုံရိပ်များသည် စာဖတ်သူနည်းပါး လာသော၊ စာကြည့်တိုက်များနည်းပါးလာသောခေတ်ရေစီးမှာ အဘယ်သို့များလှပနိုင်မည်လဲ။ ကျွန်​​တော်​တို့တ​တွေ ဘယ်​လိုပူး​ပေါင်း လုပ်​​ ဆောင်​ကြမလဲဆိုသည်​မှာ အ​ရေးကြီး​သောအချက်​တ​ခုပင်​ဖြစ်​သည်​။

 

အထူးသဖြင့် စာကြည့်တိုက်များ တံခါးပိတ်နေသော အခါပေါ့… ။

ပြည်သစ်ဟန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts