သတင်းပဒေသာ

အောင်ငြိမ်းချမ်း (Myanamr Now) ● တပ်နှင့် AA တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းရှိ မြိုလူမျိုးများ ရွာလုံးကျွတ်ထွက်ပြေး

အောင်ငြိမ်းချမ်း (Myanamr Now) ● တပ်နှင့် AA တိုက်ပွဲကြောင့် ပုဏ္ဏားကျွန်းရှိ မြိုလူမျိုးများ ရွာလုံးကျွတ်ထွက်ပြေး
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၈


“နောက်ထပ် မြိုလူမျိုးစု ၂၀၀ နီးပါး တိုက်ပွဲဒေသတွင်ပိတ်မိနေသည်ဟု စစ်ပြေးများကဆိုသည်”

(ရန်ကုန်) – တပ်မတော်နှင့် ရခိုင်တပ်မတော် AA တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သုံးရက်ဆက် တိုက်ခိုက်ခဲ့ကြပြီး နောက် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မြိုလူမျိုးစုများနေထိုင်သည့် ဖက်ဝန်းချောင်းရွာမှ ရွာသားများသည် ၄င်းတို့၏ ကျေးရွာ အား စွန့်ခွာပြီး ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရသည်။

လက်နှက်ကိုင် နှစ်ဖွဲ့သည် ဒီဇင်ဘာ ၆၊ ၇ နှင့် ၈ သုံးရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်နေခဲ့ကြသည်ဟု ရွာသားများက ဆိုပြီး သေနတ်သံများသည် ကျေးရွာနှင့် တစ်ရက်ပြီးတစ်ရက် ရွာနှင့် နီးကပ်လာသောကြောင့် ဖက်ဝန်းချောင်းကျေးရွာကို စွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း ဖက်ဝန်းချောင်းအုပ်ချုပ်ရေးမှူး ဦးသောကြာဦးက ပြောသည်။

“အခု အရမ်းဒုက္ခရောက်တာပဲ။ တစ်ရွာလုံး ရုတ်တရက်ထွက်ပြေးခဲ့တာကြောင့် ဘာမှသယ်လာဖို့အချိန်မရဘူး” ဟု ဖက်ဝန်း ချောင်းကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် တောဖျားချောင်းဒေသ သင်ပုန်းတန်းရွာသို့ ရောက်နေခဲ့သည့် မြိုရွာလူကြီးက Myanmar Now ကို ဖုန်းဖြင့်ပြောသည်။

စစ်ပြေးများ၏ အဆိုအရ တိုက်ပွဲဖြစ်ပွားရာအနီးအနားတွင် ကျောက်ဆည်တောင်ကျေးရွာ၊ မောင်နှမကျေးရွာနှင့် သပြူးချောင်းကျေးရွာများရှိနေပြီး အဆိုပါကျေးရွာ ၃ ရွာတွင် မြိုတိုင်းရင်းသား ၂၀၀ ၀န်းကျင်ခန့် ပိတ်မိနေသည်။

၎င်းတို့ ထွက်ခွာလာပြီးနောက် ရွာအနီး တိုက်ပွဲများအဆုံးသတ်သွားသည်ဟု သတင်းများ ကြားရသော်လည်း ရွာသို့ ပြန်မပြန်ကို စစ်ပွဲအခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်မည်ဟု ဦးသောကြာဦးက ပြောသည်။

“ဖြစ်နိုင်ရင် မပြန်ချင်သေးဘူး။ တိုက်ပွဲထပ်ဖြစ်မှာ စိုးရတယ်” ဟု ၄င်းကဆိုသည်။

စစ်ပြေး ဒုက္ခသည် ၄၀ ကျော် ရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်နိုင်ရန် စီစဉ်ပေးထားပြီး အစားအသောက်နှင့် အ၀တ်အစားများ ထောက်ပံ့ပေးထားကြောင်း သင်ပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ကပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးကို Myanmar Now က ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ရခိုင့်တပ်မတော် သတင်းနှင့် ပြန်ကြားရေး ဌာန Facebook ၏ ဒီဇင်ဘာ ၅ရက် ထုတ်ပြန်ချက်အရ ဘူးသီးတောင်အခြေစိုက် ခမရ(၅၆၄) နှင့် ၄င်းတို့အကြား ဒီဇင်ဘာ လဆန်းကတည်းက တိုက်ပွဲများ ပြင်းထန်နေခဲ့သည်ဟုဆိုသည်။

ရခိုင်တပ်မတော် တပ်သားများ တောတွင်းလှည့်လည်နေစဉ် (ဓာတ်ပုံ – AAသတင်းနှင့် ပြန်ကြားရေးဌာန)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts