ဝေဖန်ရေးရာ မောင်စွမ်းရည်

 မောင်စွမ်းရည် – ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မရိုက်သင့် 

 

 မောင်စွမ်းရည် – ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မရိုက်သင့် 

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၈
ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာနိုင်ငံသားအားလုံးက ခြွင်းချက်မရှိ လေးစားချစ်ခင်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ကြီးဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကိုမှ လုပ်ကြံခံရတယ်ဆိုတာကတော့ အာဏာရူးခြွင်းချက်ပေါ့။ ရူးတယ် ဆိုကတည်းက စိတ်ဓာတ်ပုံမှန်မဟုတ်တော့ဘူးပေါ့။
တနိုင်ငံလုံး ပြည်သူတွေက လေးစားချစ်ခင်ကြတဲ့ ပုဂ္ဂိုလ်ကြီးကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ကြားလျှင် ကြားချင်း အလွန်ဝမ်းသာသွားပါတယ်။ ဒါပေမဲ့ သတင်းတွေထွက်လာတော့ ဇာတ်ညွှန်းဇာတ်လမ်းကိစ္စတွင်၊ သရုပ်ဆောင်သူကိစ္စတွေ။ သရုပ်ဆောင်သူဆိုတာကလည်း “ ဆန်း” ဆန်းတဦးတည်းကိစ္စမဟုတ် ဆန်းရဲ့ မိဘ၊ သားသမီး၊ ဇနီး စတဲ့မိသားစုဝင်တွေ၊ ကျောင်းသားဘ၀၊ စစ်သားဘ၀၊ နိုင်ငံရေးသများဘ၀ ပေါင်းသင်းဆတ်ဆံခဲ့သူတွေ၊ မောင့်ဘက်တန်၊ နေရူး၊ ချာချီ၊ အက်တလီ၊ ဒေါက်တာဘမော်၊ ကိုနု၊ ကိုဘဟိန်း၊ ညိုမြ၊ ကျော်ငြိမ်း၊ ဗဆွေ၊ သခင်သန်းထွန်း၊ သခင်စိုး စတာတွေ။ ပြည်တွင်းပြည်ပ။ အိမ်တွင်းအိမ်ပ အသိုင်းအ၀ိုင်းတွေကို တွေးကြည့်လိုက်တော့ အလွန့်ကိုမလွယ်တဲ့ကိစ္စပါလားလို့ တွေးမိလိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတဦးတည်းကိုပဲကြည့် သူ့ဘ၀နဲ့ သူ့စရိုက်လက္ခဏာ (သူ့ရုပ်အမူအရာ၊ စိတ်အမူ အရာ) ထိမိပေါ်လွင့်ဖို့ရာကိုက အလွန်မလွယ်တဲ့ကိစ္စပါ။ သူ့စရိုက်လက္ခဏာကို ပေါ်လွင်အောင်စာနဲ့သရုပ်ဖော် ရေးပြီးမှ လူကလိုက်ပြီး သရုပ်ဆောင်ရမှာမဟုတ်လား။ မျက်မှောက်ခေတ်မှာ သူ့ရုပ်အမူအရာ သူ့စိတ်အမူ အရာတို့ကို ထပ်တူကျမကျ အကဲဖြတ်အတည်ပြုနိုင်မည့်သူ ဘယ်သူရှိသေးလို့လဲ။ ဦးအောင်ဆန်းဟာ ပွင့်ပွင့်လင်းလင်းပြောတတ်တယ်၊ ဒဲ့ဒိုးတည့်တည့်  ပြောတတ်တယ်၊ ပရိယာယ်မာယာမရှိဘူးဆိုလိုက်တာနဲ့
သူ့အမူအရာကို သရုပ်ဆောင်သူက ခပ်ရိုင်းရိုင်းသရုပ်ဆောင်ပြရုံနဲ့ မပြီး။ ဒီလိုပြောဆိုပြုမူနေတာနဲ့
တပြိုင်တည်း သူ့စိတ်စေတနာက မရိုင်းဘူး။ အလွန်ကြီးမားကျယ်ပြန့်နက်ရှိုင်းတဲ့ စိတ်စေတနာရှင်။ ဒါကို
မျက်လုံး၊ မျက်နှာ အသံထဲမှာ၊ အမူအရာဖန်တီးဖေါ်ထုတ်သရုပ်ဆောင်ရမှာ အလွန့်အလွန်ကို မလွယ်တဲ့ကိစ္စပါ။
 ဦးအောင်ဆန်းရဲ့ ဘ၀ဇာတ်လမ်းဟာ အများပြည်သူနဲ့ စပ်ဆက်လာပြီး “သမိုင်းဝင်”လာတော့မှာက
တက္ကသိုလ်ကျောင်းသား သမဂ္ဂသမိုင်းပါ။ သမဂ္ဂအဆောက်အဦကြီးကလည်း ဇာတ်နောက်ခံသမိုင်းမှာ
အရေးကြီးတာပဲ။ ဒါပေမယ့် မရှိတော့တဲ့ အဆောက်အဦကို ဆက်တင်လုပ်လို့ရပေမယ့်လူတွေကို “ဆက်တင်”
လုပ်ခိုင်းရတာက မလွယ်ပေဘူး။ ခိုင်းရမယ့်လူကလည်း “အရည်အချင်း”လိုသလို သရုပ်ဆောင်ခိုင်းခံရမယ့်
သူကလည်း အရည်အချင်းလိုတာပါပဲ။ ဒီလို “ခိုင်းတတ်”၊ “လုပ်တတ်”တဲ့ကိစ္စတွေကို ဒါရိုက်တာတွေ၊
သရုပ်ဆောင်တွေက ပိုပြီးနားလည်ကြမှာပေါ့။ ဘယ်လောက်ပဲ နားလည်နားလည် “ခိုင်းသူ”နဲ့ “လုပ်သူ”တွေဟာ
ဦးအောင်ဆန်းခေတ်ကို သိနေနားလည်လိုက်သူတွေ မဟုတ်ကြတော့ပါဘူး။ ဟိုးဟို့ရှေးရှေး ပုဂံခေတ်၊
အင်းဝခေတ်က်ု ရိုက်ရတာကမှ လွယ်လိမ့်ဦးမည်။ အဲ့ဒီရာဇ၀င်ခေတ်တွေက အလွန်ဝေးလွန်းတော့ သူတို့ရဲ့
သရုပ်ဆောင်မှုတွေ ပီ၊ မပီ ဆိုတာ ပရိတ်သတ်ကလည်း အလွန်ဝေးခဲ့ပြီဖြစ်တော့ အဝေးချင်းချင်း တူမျှနေ
ကြတယ်လေ။ ဦးအောင်ဆန်းရဲ့ခေတ်က မနီးမဝေးဖြစ်နေတယ်။ ခေတ်ကိုခေါ်ရင် “မျက်မှောက်ခေတ်” သို့
“သမိုင်းကဏ္ဍ”ခေါ်ရတဲ့ ခေတ်ထဲမှာပဲ ရှိနေကြတော့ သရုပ်ပီမပီ အကဲခတ်ဖြတ်နိုင်တဲ့အပိုင်းတွေ အများကြီး
ရှိပေဦးမယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ရှင်မွန်လှတို့က အဝေးအတိတ်မှာ။
ဦးအောင်ဆန်းရဲ့ ဘ၀သမိုင်းထဲမှာ ပထမဆုံး အရေးပါတဲ့ တက္ကသိုလ်သမဂ္ဂကဏ္ဍမှာ တက္ကသိုလ် ကျောင်းဆောင်တွေနဲ့ စာသင်ခန်းတွေက ရှိနေသေးတယ်။ သမဂ္ဂအဆောက်အဦကို ဆက်တင်လုပ်လို့ရတယ်။ လူတွေကကော ဘယ်နှယောက်ကို “၀ါး” ထားလို့ရမလဲ။ ကိုကြီးနု၊ တက်ဘုန်းကြီးသိန်းဖေ၊ ကိုလှဖေ (ဗိုလ်လက်ရာ)၊ ကျော်ငြိမ်း၊ ဗဟိန်း၊ ဗဆွေ . . . ။ တက္ကသိုလ်ကနေပြီး အပြင်နိုင်ငံရေးလောက၊ စာပေလောကနဲ့ ဆက်စပ်တော့ သူနဲ့အတူ ကိုအောင်ကျော်တောင် ပါလိုက်သေး။ ကြီးပွားရေးဦးလှဆီ သွားကြသတဲ့။ သခင်သန်းထွန်း၊ သခင်စိုးတို့နဲ့ တွေ့ကြရသတဲ့။ ဒို့ဗမာအစည်းအရုံးကိုဝင်တော့ ဆရာကြီးသခင်ကိုတော်မှိုင်းဆိုတာ တို့ဗမာအစည်းအရုံးကြီးရဲ့ အကြီးဆုံးခေါင်းဆောင်လေ။ ဆရာကြီးရဲ့ကဏ္ဍကို ဘယ်လိုဝါးထားခဲ့မလဲ။ ဒို့ဗမာအစည်းအရုံးထဲကိုဝင်ပြီးနောက် ကွန်မြူနှစ်ပါတီဖွဲ့တာ၊ ဗမာ့ထွက်ရပ်ဂိုဏ်း(Burma freedom block) ဖွဲ့တာ ဘယ်သူတွေရှေ့တန်းကပါသလဲ။ ဗိုလ်လက်ျာ(သခင်လှဖေ)၊ သခင်ဗဟိန်း၊ ဂိုရှယ် (သခင်ဘတင်)၊ ဆက်လက်ပြီး ဒေါက်တာဘမော်၊ ဘကြီးဘဖေ၊ ဦးသိမ်းမောင်၊ ဂဠုန်ဦးစောတို့လည်း ပါဦးမှာပေါ့။ အဲဒီ ဒို့ဗမာအစည်းအရုံးကပြီးတော့ ဂျပန်ကို စစ်ပညာသင်အတူသွားရတာက ဗိုလ်ရန်အောင်၊ ဂျပန်ပြည်ရဲဘော်သုံးကျိပ်ထဲမှာ ဗိုလ်နေ၀င်း၊ ဗိုက်လက်ယာ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ရန်အောင်စတဲ့ ရဲဘော်ကြီး တွေကို သိပ်ဝါးလို့မရဘူး။
ထိုင်းနိုင်ငံမှာ သွေးဖောက်ပြီး ဗမာ့တပ်မတော်ဖွဲ့တာတွေ အဲဒီကမှ ဗမာပြည်ထဲကို ဂျပန်တွေနဲ့ ၀င်လာတာတွေရယ်။ အဲဒါတွေက ခပ်ဝါးဝါးလုပ်လို့ရမယ်ထင်ပါတယ်။ နောက်တစ်ခန်းက အင်္ဂလိပ်နဲ့ ဂျပန်တိုက်ပွဲအခန်း။ အဲဒီအခန်းမှာ ဗမာပျောက်ကျားတပ်သားတွေ ရရာအ၀တ်အစားတွေဝတ်၊ ရရာလက်နက်ဆွဲပြီး တော်လှန်ကြတဲ့အခန်းက လူများရင်ပြီးမှာပဲထင်တယ်။ အစ၀င်ကတည်းက ယူနီဖောင်းမရှိသေးဘူး လက်ပတ်ကြယ်နီလည်း ရရာလက်နက်ဆွဲရာမှာ တော်မီဂမ်းတွေ၊ စတင်းဂန်းတွေ မပေါ်သေးဘူးထင်ပါတယ်။ နှလုံးပြူးသေနတ်၊ တစ်လုံးထိုးသေနတ်၊ ခြောက်လုံးပြူးစတဲ့ တောသူကြီးတွေကိုင်တဲ့ လက်နက်မျိုးတွေနဲ့ ဓားတွေ၊ လှံတွေပါပဲ။
ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလ (ဖတပလ)ဖွဲ့ကြပြီဆိုရင်တော့ ထင်ရှားတဲ့သူတွေပါလာပြီး အတွင်းရေးမှူးက သခင်သန်းထွန်းလေ၊ သခင်စိုး၊ သခင်ဗဟိန်းတို့လည်းပါတယ်။ ဖွဲ့တာက ပဲခူးက တပ်ရင်း၎ ဗိုလ်ကျော်ဇောအိမ်မှာ ဗိုလ်ကျော်ဇောရဲ့ အိပ်ရာပေါ် မှာတဲ့။ ဒေါ်ခင်ကြည်ကလည်း နို့စားနွားမ ရှာဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါလာသေးတာ။ ပါဝင်ကြသူတွေက ကွန်မြူနှစ်တွေချည်းဆိုသည့် နိုင်ငံရေးသမိုင်းမှာ မှုန်ဝါးထားခဲ့ချင်လို့မရဘူး။ ဗိုလ်နေ၀င်းတို့က မှုန်ဝါးထားခဲ့ချင် ပေမယ့်ဦးအောင်ဆန်းက မှုန်ဝါးလို့မရပေဘူး။
ဖက်ဆစ်တော်လှန်ရေးပြီးပြီဆိုတော့ တက်နေ၀န်းအလံကြီးဆွဲချပြီး ဗြိတိသျှအလံပြန်တင်။ ဦးနု၊ ဦးအောင်ဆန်းတို့ ဘိလပ်သွားကြ။ အက်တလီ၊ ချာချီ၊ ဘုရင်ခံဆာဒေါ်မန်စမစ် စသည်။ ဦးအောင်ဆန်း ဆေးရုံတက်ခန်းသို့၊ ဒဂုန်တာရာကို စန္ဒရားတီးခိုင်းတဲ့ အခန်းတို့ကလည်း ပါဦးမှ။ ဦးအောင်ဆန်းရဲ့ အနုပညာ ခံစားမှုနှလုံးသားကို အဲလိုအခန်းလေးတွေမှာပဲ ဖော်ထုတ်ပေးရမှာ။ တော်လှန်ရေးသမား၊ သေနတ်သမားကြီး မှာလည်း တေးဂီတခံစားလို့ရတဲ့ နှလုံးသားရှိပါတယ် ဆိုတာ ဖော်ပြဖို့ကလည်း မေ့ချန်ထားလို့မဖြစ်ပေဘူး။
မပါမဖြစ်တဲ့ အခန်းတခန်းက ပင်လုံညီလာခံ။ အဲဒီမှာ တက်ရောက်လာသူတွေကလည်း လူထုကြားမှာ ထင်ရှားသူတွေပါသေးတယ်။ ဒူးဝါးဆင်ဝါနောင်၊ မိုင်းပွန်စော်ဘွား၊ ဦးခွန်ထီး၊ တင်အေး(ရှမ်းပြည်)စတဲ့ ပုဂ္ဂိုလ်ကျော်တွေပါကြတယ်။ ဇာတ်လမ်းနိဂုံးချုပ်ကာနီးမှာမှ သရုပ်ဆောင်တွေက ပိုလို့များလာရော့သလားမသိ။
လုပ်ကြံခံရတဲ့ အခန်းက အစည်းအဝေးခန်းပေကိုး။ အစည်းအဝေးတက်ရောက်ပြီး လုပ်ကြံခံရသူတွေကလည်း ထင်ရှားသူတွေ ချည်း။ ဒီးဒုတ်ဦးဘချို၊ ဦးဘ၀င်း၊ သခင်မြ၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စတဲ့ပုဂ္ဂိုလ်ကြီးတွေ။ အစည်း အဝေးမတက်ဖြစ်တဲ့ သခင်နုကလ မပါမပြီး။ လုပ်ကြံခိုင်းတဲ့ ဂဠုန်ဦးစောကလည်း မပါမပြီး။ သူက အဓိက ဂုန်းရုပ်။ လူဆိုးပေကိုး။ တရားသူကြီး ဆာဘဦး တို့ကလည်းပါသေး။ ဂဠုန်ဦးစောကိုတော့ ကြိုးပေးခန်းထဲ ပါစေချင်သဗျ။
အရင်းချုပ်လိုက်ရရင် ဦးအောင်ဆန်းရဲ့ဇာတ်လမ်းမှာ ဇာတ်ရံတွေက တော်တော်လေးများနေပါတယ်။ ဒီဇာတ်ရံတွေကလည်း တိုင်းပြည်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကများနေပါတယ်။ ဒါပေမဲ့ မှုန်လို့ဝါးလို့ရတာ တွေလည်း အများကြီးပါ။ မပါမဖြစ်ပေမယ့် ဆရာဒဂုန်တာရာလို စန္ဒရားတီးတဲ့ ဇာတ်ရံဆိုရင် ကျောပေးပြီး ဘိုတွေဆံရှည်လှိုင်းတွန့်တပ်ပေးလိုက်ရုံနဲ့လည်း ပြီးနိုင်မှာပေါ့။ အဲသလို မှုန်ဝါးလို့ရသူတွေလည်း ရှိတော့ရှိမှာပါ။ ဗိုလ်နေ၀င်းကိုတော့ မှုန်ဝါးလို့မရဘူးထင်တယ်။ လတ်နက်တွေ ဂဠုန်ဦးစောကို ထုတ်ပေးရာမှာ ဗိုလ်နေ၀င်း ပါတယ်လေ။ စာအုပ်တွေမှာ ၀ါးထားတယ်။ အရေးကြီးတဲ့ ဇာတ်ရံတွေနဲ့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတွေ စာရင်းလုပ်ကြည့်တာပါ။ အတော်မလွယ်တာတွေ တွေ့ရပါတယ်။
ဒီလိုမလွယ်တာတွေကြောင့် ကမ္ဘာမှာ အမျိုးသားခေါင်းဆောင်ကြီးတွေကို ရုပ်ရှင်မရိုက်ကြတာလို့ ကြားဖူးပါတယ်။ တိတိကျကျ ကြားဖူးတာက ကိုဟိန်းလတ်ပြောတာပါ။ ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း အတ္ထုပ္ပတ္တိကို သူတို့နိုင်ငံက ရုပ်ရှင်ရိုက်တာဟာ သမ္မတကြီးဟိုချီမင်းရဲ့ ရုပ်အမူအရာ၊ စိတ်အမူအရာ စရိုက် မပေါ်မှာစိုးလို့တဲ့။ ဟုတ်တယ် ဗိုလ်ချုပ်အောင်ဆန်းရော၊ သူ့ဇာတ်ရံတွေရော သူရုပ်မပေါ်ရင် ရိုက်ရကျိုးမနပ်ပေဘူး။ သရုပ်ပေါ်ဖို့ကလည်း မလွယ်ပေဘူး။ ဒါကြောင့် မရိုက်တာကပဲ ကောင်းလေပါရဲ့လို့ ၀င်ပြောရတာပါ။
ဒါပေမဲ့ တကယ်ရိုက်ထားတဲ့ သတင်းမှတ်တမ်းတွေကိုတော့ စနစ်တကျ ကူးယူစီစဉ်ထိန်းသိမ်းရုံမက လူထုလက်ထဲကိုပါ ပို့ဆောင်ပေးသင့် တယ်လို့ ထင်မြင်ကြောင်းပါခဗျာ။ ဒါလည်း အတ္ထုပ္ပတ္တိပဲမဟုတ်လား။ ပခက်တွင်းကနေ သင်္ချိုင်အးထိဖော်ပြစရာ မလိုဘူးထင်ပါရဲ့။
 မောင်စွမ်းရည်
၂၀၁၈ စက်တင်ဘာလ နယူးယောက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts