ခရီးသွား ဆောင်းပါး မြန်မာပြည်တွင်း

မော်ဆူးသစ် – ကဗျာခရီးသွား ခေါ်နူးစုမ် တေးသွားနှင့် ကခုန်စုတ်ချက်များ

ကဗျာခရီးသွား ခေါ်နူးစုမ် တေးသွားနှင့် ကခုန်စုတ်ချက်များ
မော်ဆူးသစ်
(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၈
ချမ်းအေးလွန်းလှတဲ့ဒီဇင်ဘာမှာခရီးထွက်ရတာက အနည်းငယ်ကသိကအောက်နိုင်မယ်ဟု တွေးထားခဲ့ပေ မယ့် တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့။ အထူးသဖြင့် ဒီခရီးစဉ်မှာ ဘယ်သူတွေ ဘယ်ဝါတွေ ဘယ်နှစ် ယောက်လိုက်ပါမည် ဘယ်နှစ်ရက်နေမည်၊ ဘယ်မှာတည်းခိုမည် ဆိုတာမျိုးစီစဉ်ထားခြင်းမရှိခဲ့။ ကဗျာ၊ ပန်းချီ၊ သီချင်း၊ ဓာတ်ပုံ ဝါသနာတူတွေချည်း ဒီဇင်ဘာအားလပ်ရက် အပျော်ခရီး ထွက်ခြင်းမျိုးမို့ပိုပြီး လွတ် လပ်ပျော်ရွှင်စရာဖြစ်ရတာကြည်နူးနေမိသည်။
ပခုက္ကူကနေ မနက် ၅ နာရီခွဲ စထွက် လာတော့ ကားပေါ်မှာ ကားမောင်းသူဖိုးချမ်း(ပုံတောင်ပရိုင်းမိတ်မြေ) ကျနော်နှင့်ပြေဇော် သုံးယောက်သာပါသည်။ မြို့ရှောင်လမ်းအတိုင်းစထွက်လာတော့ အိပ်မှုန်စုံမွှားမီးရောင် ကျိုးတိုးကျဲတဲကြား မနက်ခင်းလမ်းထလျှောက်ကြသူ တချို့တလေကိုသာ တွေ့ရသေးသည်။ ချမ်းအေးလှသည့်ဒီဇင်ဘာရဲ့အိပ်ရာမှာ ပခုက္ကူက အိပ်ရာထ နောက်ကျနေ တာလည်း ဖြစ်နိုင်သည်။
ငြိမ်းချမ်းရေးချိုးဖြူ ငှက်တံဆိပ်တပ်ဆင် ထားသည့်အပြာရောင်ကားလေးသည် ရောင်နီပျို့စအညာဆောင်းထဲ တရိပ်ရိပ်ပြေးနေသည်။ အတွေးနဲ့ငြိမ်သက်လိုက်ပါလာရင်း မြိုင်ဝင်ခါနီးချိန်မှာတော့ ဆရာမြသန်းတင့်၏ တမာနုချိန်စစ်တမ်းထဲက မြိုင်အဝင် တမာတန်းကို တကူးတက ထကြည့်ဖြစ်သည်။ ဓာတ်ပုံတော့မရိုက်ဖြစ်ခဲ့။ အချိန်က ဓာတ်ပုံရိုက်ဖို့လည်းသိပ်မကောင်း လှဟုထင်မိသည်။
‘အညာနွေပူအောက် ရွက်ယောင်းချောက်တို့ကြွေသစ်ပြီးစ တမာနုချိန်အညာကိုလွမ်းတဲ့အကြောင်း နွေအလွမ်း’ ကို ဆရာမြ ဖွဲ့ပြခဲ့သည်။ ဆရာမြသန်းတင့်ချစ်သူများတွေ့ဆုံပွဲကျင်းပသည့်အချိန်က တမာနုချိန်နွေဦးမှာပင် ဖြစ်သည်။ မှတ်မှတ်ရရ ပထမဆုံး အကြိမ် ဆရာမြသန်းတင့် စာချစ်သူများတွေ့ဆုံပွဲကို ကိုသျှားနှင့်အတူ တက်ရောက်ဖြစ်ခဲ့တာ အမှတ်ရနေမိသေး သည်။
နောက်အကြိမ်များတွင်တော့ မရောက် ဖြစ်ခဲ့။

မြိုင်ဝင်ခါနီးအချိန်သည် နေထွက်စမို့ ရောင်နီဦး၏ငွေနှင်းမှုန် ဇာပုဝါပါးအောက်တွင် ဆရာမြချစ်သည့်တမာတန်းသည် တမျိုးတမည် လွမ်းစရာကောင်း နေပြန်တော့သည်။ ဒီနှစ်မှာ ဆရာမြကွယ်လွန်ခြင်းနှစ် (၂၀) ပြည့်ပွဲကျင်းပဖို့စီစဉ်နေကြောင်း မြိုင်မြို့ တမာနုချိန် စာပေရပ်ဝန်းက ကြားသိရသည်။
အရောက်သာလာချင်မိပါရဲ့…တမာနုချိန်အညာ……။
မြိုင်ရောက်ချိန်မှာ လွန်းအိမ်သစ် မင်း ခန့်(မြိုင်)နှင့် နွေငယ်တို့ (၃)ယောက် မင်းခန့်ရုံးရှေ့ကဆိုင်တွင် အဆင်သင့်ပြင်ဆင်ပြီး စောင့်နေကြသည်။ နွေငယ်နှင့်လွဏ်းအိမ်သစ်က မြိုင်နှင့် ၁၂ မိုင်အကွာ ‘လက်ယက်မ’ ကနေ မြိုင်မှာလာဆုံ။ မြိုင်မြို့တဖန် ၆း ၃၀ တွင် ဆက်ထွက်လာခဲ့သည်။

မြိုင်အထွက်မှာပင် ကိုသာဂေါင်ဆီ ‘ကံမ’ ဆီမှ မလိုက်ဖြစ်တော့ကြောင်း ဖုန်းဝင်လာသည်။ မလိုက်ဖြစ်ပေမယ့် ” သူ့ဆီဝင်ခဲ့ဦး၊ မနက်စာစားဖို့စောင့် နေမယ်” ဟုဆို၍ ကိုသာဂေါင်ဆီဝင်ပြီး မနက်စာ စားခဲ့ကြသေးသည်။ 
ကံမမှ ပေါက်ခရီးမှာ တဖြည်းဖြည်း မြင့်တက်သွားသယောင်ရှိသည်။ နေရောင်ခြည်အောက်က လမ်းဘေးဝဲယာမြင်ကွင်းများကမူ သွေ့ခြောက်မြဲ၊ အညာ သရုပ်သကန်မပြောင်းလဲသေး။
ကံမမှပေါက်လမ်းတွင် ရေပြာသည် မြို့တမျှစည်ကားသာယာလှသည့် ရွာကြီးတရွာဖြစ်သည်။ ကျွန်နော်တို့ရောက်ချိန်ထိ ဈေးမကွဲသေး။ စည်ကားသည်ထက် သန့်ရှင်းသပ်ရပ်လှပမှုက စိတ်ရွှင်လန်းစေ သည်။ ရေပြာဈေးပိုင်းလမ်းဆုံမှ တောင်ဖက်သို့ချိုး ကွေ့ပြီး ရေပြာလွန်သည်နှင့်လှပလွန်းသည့်ရေပြာတံတားကို ကျော်ဖြတ်ရသည်။ ချောင်းကူးတံတားမို့မမြင့်လှသော်လည်း အတော်လေးရှည်လျားသည်။ ကျယ်ပြန့်လှသည့်ချောင်းရိုးတလျှောက် ကြက် သွန်စိုက်ခင်းအများအပြားကိုတွေ့ရသည်အခါ ကျွန်တော့် ဇာတိဆင်တဲဝချောင်းကြီးနှင့်တူလှသည်ဟု တွေးမိသေး သည်။ ရေပြာသည် ကဗျာဆရာတင်မောင်အေး(ပခုက္ကူ) ၏ဇာတိဖြစ်သည်။ ဆရာတင်မောင်အေးသည် မြန်မာကဗျာ ဂန္တဝင်တခေတ်၏ထင်ရှားသည့်စာဆိုတဦးဖြစ်သည်။ မှတ်မှတ်ထင်ထင် ဆရာနွေကိုထူး(ပခုက္ကူ)၏စာပေဗိမ္ဗာန်စာမူ ဆုရ ‘ပရစ်ဖူးနှင့် နှစ်ဦးနွေ’ ကဗျာစာအုပ်မှ ဆရာတင်မောင်အေး၏အမှာစာကို ပြန်သတိရနေမိသည်။ ထိုအမှာစာတွင် မြန်မာကဗျာ(ဂန္တဝင်ကဗျာ)အပေါ် ဆရာ့၏မြတ်နိုးတွယ်တာပုံ ချစ်မက်စိတ်ကြီးမားပုံကို အတိအလင်း ဆိုထားခဲ့သည်။ ဆရာတင်မောင်အေးကား လွန်ခဲ့သည်နှစ်ကပင် ကဗျာ့နတ်ထံ ပျံလွန်ခဲ့လေပြီ။ ဆရာ့အနုပညာ ဆရာစာကဗျာကို အောက့်မေ့တသလျက် ဂါရဝပြုလိုက်ပါရဲ့ ရေပြာကဗျာ ……။
ရေပြာမှဆက်၍ ပေါက်မြို့သို့ဆက်ခဲ့ ရာ ခရီးသည် တဖြည်းဖြည်းတိုး၍ တက်ခဲ့ရာဖြစ်သည်။ လမ်းဝဲယာရှုခင်းများက ကုန်းပြင်မြင့်ဆန်လာပြီး သျှိုမြောင် ချောက်ကမ်းပါးနှင့် ချောင်းမြောင်း ပိုထူထပ်လာသည်။ မြေလတ်ပိုင်းခရီးလမ်းများတွင် တွေ့ရတတ်သော ကျေးလက် ရွာငယ်များ၊ လယ်ကွင်းများ တဖြည်းဖြည်းဝေးဝေးလာသည်။ ရံခါ တောအုပ်မှိုင်းမှိုင်း တောင်ကုန်းနိမ့်နိမ့်များကို ကျော် ဖြတ်ရသည်။
ပေါက်မြို့သို့ရောက်သည့်အခါ ကဗျာ ဆရာ စိုးခိုင်ညိမ်းဆီဖုန်းဆက်ဖြစ်သည်။ အစီစဉ်မရှိပါဘဲ သူလည်းလိုက်ပါလာခဲ့ရာ ပိုပျော်ရွှင်စရာဖြစ်ရသည်။
ပေါက်မြို့ဈေးရှေ့မှာခေတ္တနားပြီး လိုအပ်တာတွေ ဝယ်ဖြစ်သည်။ ပေါက်သည်ပင်လျှင် ယောနယ်ထဲဝင်လာခဲ့ပြီဆိုတာ သိသာလာသည်။ စကား ပြောဟန်မှာ မြေလတ်ပိုင်းနှင့်မတူ။ မြန်မာစကားပေမယ့် ပြော’ဟန်’ အနည်းငယ်ထူးလာသည်ကို သတိပြုမိသည်။
ပေါက်မှဆက်ထွက်ခဲ့ရာ ပုံတောင်-အတက်ခရီးက ပို၍မတ်စောက်လာသည်။ မြင်ကွင်းများကား ပို၍စိမ်းစိုလာသည်။ သျှိုမြောင် ချောင်းရိုးများပိုထူထပ် လာသည်။ ပုံတောင်ကြိုးဝိုင်းကို ကျော်ဖြတ်ချိန်မှာတော့ သစ်ကြီးဝါးကြီးများပေါက်ရောက်ရာ သစ်တောကြီးများဖြင့် မြင်ကွင်းက ရိုးမဆန်လာသည်။
အမြင့်ပေ(၂၂၀၀)ရှိ ပုံတောင်ထိပ်သို့ ၁၀  နာရီတွင်ရောက်ရှိသည်။ ပုံတောင်ထိပ် ဗောဓိပက္ခိယစေတီတော်ကို ဖူးမျှော်ကြသည်။ ကားသမားများကား စေတီတော်အနီးရှိ အနောက်မယ်တော် အမေရေယဉ်နတ်နန်းကို ဦးတိုက်ကြသည်။

ပုံတောင်ကိုကျော်၍ ဆင်းလာခဲ့ရာ ကျောက်ထုမြို့သို့မဝင်မီ ၂ မိုင်အလို ပန်းဆန်လမ်းခွဲမှ မိအယ်ရွာသို့ဝင်၍ ကျော်ရဲသွင်ကို ဝင်ခေါ်ကြသည်။ သူ့ဖုန်းကခေါ်မရ။ လိုက်မည်မလိုက်မည်မသေချာပေမယ့် သူ့ရွာကိုရောက်ဖူးအောင်သွားကြမည်ဟုဆိုကာ လာခဲ့ကြ သည်။ အားလုံးကကြန့်ကြာမည်ကိုလည်းမစိုးရိမ်၊ ရောက်ချင်တဲ့အချိန်ရောက်၊ ရောက်ချင်ရာရောက် စိတ်တူကိုယ်တူ အေးဆေးသမားများမို့ တော်တော့သည်။
မိအယ်ရွာသို့ရောက်သည့်အခါ ပုံတောင်အတက်အဆင်း လမ်းဒဏ်ကြောင့် ကျွန်တော်နှင့်ကိုစိုးခိုင်ညိန်းမှာ မလှုပ်နိုင်တော့။ ကျော်ရဲသွင်အိမ်သို့ပင်မလိုက်နိုင်တော့ပဲ ကားပေါ်မှာပင် အိပ်ပျော်နေကြသည်။ ခေတ္တမှေးနေစဉ်မှာပဲ နှိုးခေါ်သံကြားလို့ ထကြည့်တော့ မန္တလေးသား ရတုသွေးဖြစ်နေသည်။ 
ကျွန်တော်တို့အံ့သြသလို သူလည်း ရုတ်တရက်ဆုံရတာမို့ ဝမ်းသာနေသည်။ ကျွန်တော်တို့ရတုသွေးအိမ် ရောက်ခဲ့ရသည်။ ပြေဇော်တို့၊ ကိုဖိုးချမ်းတို့တဖွဲ့ လုံးက မိအယ်ရွာထိပ်ကြီးချောင်းမှာ ရေသွားချိုးနေကြသည်ဆိုသဖြင့် ကျွန်တော်တို့ရေချိုးလိုက်သွားကြသည်။ ရွာကိုပတ်ခွေစီးဆင်းနေသော ကြီးချောင်း၏ကမ်းပါး ကုန်းမြင့်တလျှောက်တည်ထားသည့်မိအယ်ရွာသည် ယောဓလေ့ ဆန်သောအညာရွာကြီးတရွာဖြစ်ပြီး စည်ပင်ဖွံ့ဖြိုးသည်။ စိုက်ပျိုးဖြစ်ထွန်းသောယာမြေ လယ်မြေများစွာရှိသဖြင့် စီးပွား ဖွံ့ဖြိုးဟန်တူသည်။ ကြီးချောင်းသည် အထက်ယောတောင်ကြောမှ ပတ်ခွေစီးဆင်းလာသဖြင့် သစ်ဝါးခုတ်ယူ မျှောချဖို့ အဆင်ပြေဟန်ရှိသည်။ 
ကျွန်တော်တို့ရေချိုးဆင်းရာတွင် အိမ် သုံးရန်ခုတ်ယူထားသော ဝါးစည်းသစ်စည်းများ အနည်းငယ်တွေ့ရသည်။ ရွာပတ်လည်ကို ချောင်းရိုးကပတ်ခွေစီးဆင်း လျက် တောင်ကြောအစွန်ကုန်းမြင့်ပိုင်း၌တည်ရှိနေသောရွာတည်နေပုံသည် လှပရုံမျှမက ရွာဦးထိပ်ချောင်းရိုးအစပ်မှ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဘုံခုနှစ်ဆင့်ပြဿဒ်နှင့် အံ့မခန်းရှေးလက်ယာအဆောက်အဦးကြီးဖြစ်သည်။ ရွာဦးကျောင်းဝင်းအတွင်းတွင် ရွာဦးစေတီသည်လည်း ကြည်ညိုသပ္ပာယ်ဖွယ်တည်ရှိနေသည်။ 
စာသင်ကျောင်းကား ရွာ၏အရှေ့ဖက် ချောင်းခြားလျက် ကုန်းမြင့်လေးပေါ်တွင် တည်ရှိသည်။ ရွာလည်လမ်းမှစာသင်ကျောင်းဆီသို့ တံတား ၂ စင်းထိုးထား သည်။ တစ်စင်းမှာ လှည်းများ၊ ကားများပါသွားနိုင်အောင် ရေလွတ်ရုံအမြင့် ခိုင်ခိုင်ခန့်ခန့်် ဖြစ်သည်။ ကပ်လျက်တစ်စင်းမှာ ပေ ၅၀ လောက်အမြင့် အင်္ဂလိပ်အက္ခရာအက်စ်(S) ပုံသဏ္ဍာန်သွယ်သွယ် ကြိုးတံတားဖြစ် သည်။ ကြိုးတံတားပေါ်မှ ရွာကိုလည်းကောင်း၊ ရွာဝန်းကျင်ရှုခင်းသာများကိုလည်းကောင်း စီး၍မြင်နိုင်အောင်ဖန်တီး ထားသည်မှာ အနုပညာဆန် လွန်းလှသည်။ မိအယ်ရွာသားများသည် အနုပညာဆန်ရုံသာမကသေး” ကြီးချောင်း ‘ရေစီးအားကိုသုံး၍ ကိုယ်ထူကိုယ်ထ တာဘိုင်ရေအားလျှပ်စစ်ထုတ်ယူကာ အိမ်ခြေ(၁၈၀)ကျော်တရွာလုံး မီးပေး ထားသည်မှာ (၁၃)နှစ်ရှိပြီဆို၍ အံ့သြကြရသည်။
  
ကြီးချောင်း၌ ရေချိုး၍ သာမောစွရှုခင်း များဖြင့် နွမ်းသမျှပြေခဲ့ပြီးနောက် ရတုသွေးတို့အိမ်သို့ပြန်ခဲ့ပြီး ရတုသွေး၏နှမတော် မို့မို့သင်းစီစဉ်ပေးထားသည့် မြေပဲ လှော်၊ သကြားပေါက်ပေါက်၊သင်္ဘောသီးစိတ်၊ လက်ဖက်သုပ်နှင့်ကော်ဖီကို အလုအယက် စားသောက်ကြသည်။ နောက် မိအယ်ရွာ၌တအိမ်ထီး တည်းကျန်ရှိတော့သည့် ရှေးလက်ရာမပျက် တောင်သားလူမျိုး *(ပျူ )နေအိမ်ကို သွားရောက်ကြည့်ရှုခဲ့ကြသေးသည်။ အပြန်၌ရတုသွေးကိုပါ အပါခေါ်လေရာ ကန်ပက်လက်မှ ပြန်ရောက်တာ (၂) ရက် ပင်မပြည့်သေးသော ရတုသွေးခမျာ နှမတော်ချောကလျာ မို့မို့သင်းဘက် လည်ပြန်ကြည့်နေရှာ၏။ ‘လိုက်ချင်လိုက်သွားလေ’ ဆိုသည့်ကဗျာဆန်လှသည့် ယောသံနွဲ့နွဲ့ကြောင့် အားလုံးပျော်ရွှင်သွားကြသည်။
ဒါမှ ပါရမီဖြည့်ဖက် ကဗျာကွ.. လို့ သံပြိုင်ဟစ်ကြွေးရင်း….
တဖန် မိအယ်ရွာမှ ပန်းဆန်လမ်းခွဲသို့ ပြန်ထွက်ခဲ့ပြီး နေလည်စာစားကြသည်။ ယောဓလေ့ ဖော်ရွေပျူငှာလှသလို ဈေးသက်သာလှပြီး အစားအသောက် ဟင်းမျိုးစုံလှသည်။ ပန်းဆန်လမ်းခွဲဟာဖြင့် လမ်းခုလတ် ယာဉ်ရပ်နားစခန်းများတွင် ထမင်းစားဖူးသမျှ၌ ပြောစမတ်ပြု လောက်ဖွယ် မြိန်ယှက်ဖော်ရွေလှပေသည်။ ပန်းဆန်မှ မြောက်ဘက်ဖိုဆက်သွားလျှင် ထီးလင်း -ဂန့်ဂေါလမ်းဖြစ် သည်။ တောင်ဖက်ဆက်သွားလျှင် ကျောက်ထု၊ ဆော၊ ကန်ပက်လက်လမ်းဖြစ်သည်။
နေ့ ၁၂ မှာ ပန်းဆန်လမ်းခွဲမှကျောက် ထုကိုဆက်ထွက်လာခဲ့ရာ လမ်းခရီးကား ပိုတိုး၍ မြင့်မားမတ်စောက်လာသည်။ တောင်ကြောများမှာ ပိုမိုတွန့်ခေါက် ယှက်ဖြာစပြုလာပေသည်။ ကျောက်ထုမရောက်မီ လမ်းခုလတ်၌  ခရိုတောင်နောက်ခံဖြင့် (ကျောင်းကြီးရှင် ချစ်) စေတီတော်ကို ကားလမ်းဝဲဘက်ခြမ်း၌ လှမ်း၍ဖူးတွေ့နိုင်သည်။
ကျောင်းကြီးရှင်ချစ်ဘုရားပွဲသည် တန်ခူးလတွင် ယောတနယ်လုံး အုံးအုံးကျက်ကျက်စည်ကားသိုက်မြိုက်စွာကျင်းပသည့် ယောဘုရားပွဲတော် ဖြစ် သည်။
ကျောက်ထုအဝင် ယောချောင်းသည် သာယာလှပြီး ဓာတ်ပုံရိုက်ဖို့အလွန်ကောင်းမွန်သည့် ရှုခင်းများလည်း ရှိပေသည်။ ကျောက်ထုအလွန်ဆက်သွားလျှင် မင်းတပ်သို့ (၁၂)မိုင်အလို ကံကြီးလမ်းဆုံမှ မင်းတပ်-မတူပီမြို့များသို့ဆက်သွားနိုင်သော်လည်း ကျွန်တော်တို့အဖွဲ့က မင်းတပ်ကိုမသွားတော့ဘဲ ကံကြီးလမ်းဆုံမှ မကွေးတိုင်း၏အစွန် ချင်းပြည်နယ်အစပ်ဖြစ်တဲ့(ဆော)မြို့ကို ခရီးဆက် ခဲ့ပြီး ဆော- ကန်ပက်လက်လမ်းအတိုင်း ဆက်ထွက်လာခဲ့သည်။

ဆောမရောက်မီ ပချီချောင်းသည် ချင်းတောင်တန်းမှစီးဆင်းလာရာ ချောင်းကျယ်ကြီးဖြစ်သည်။ ပချီချောင်းမှာ ကားလမ်းတံတား တည်ဆောက်ဆဲဖြစ်ပြီး ယာယီတံတားမှကူးရသည်။ (ဆော)သို့မဝင်မီ မျဉ်းပြိုင်များသဖွယ်ယှက်ဖြာသွယ်တန်းနေသော တောင် တန်းကြီးများ နှင့်ယှဉ်လျက် စီးဆင်းနေသောချောင်းရိုးတလျောက် တောင်ပေါ်ရွာငယ်များကို မြင်တွေ့နိုင်သည်။ ထိုတောင်ကြောပေါ်တွင် လက်ယက်တွင်းတူး ရေနံမှော်များလည်း ရှိသည်ဆိုသည်။
ဆောမြို့သည် တောင်ပေါ်လမ်းဆုံ မြို့လေးဖြစ်ပြီး ထိုမှ(အိုင်ကြီး- ဆိပ်ဖြူ -ချောက်)လမ်းအတိုင်း မြေပြန့်သို့ပြန်ဆင်းနိုင်သည်။ ကျွန်းသစ်တောကြီးများပိတ်ဆီးလျက် တောင်ကြောဝဲယာလှည့်ကာ ယှဉ်လျက်တက်သွားရသော ချင်းတောင်အတက် လမ်းသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းလှသည်။
           
ကန်ပက်လက်ဆီသို့အတက်လမ်းသည် ပိုမိုမတ်စောက် ချောက်ချားဖွယ်ပင်ဖြစ်၏။ အသူတရာချောက်ကမ်းထက် တောင်စွယ်အစွန်းမှ မော်တော်ဆိုင်ကယ်များ ထိုးထိုးတက်သွားသည်မှာ အသည်းယားစရာ။ ကန်ပက်လက် မြို့နယ်အဆုံး (………) တောင်ပေါ် ချင်းရွာ လေးဆီသို့ ဒီလမ်းအတိုင်း မော်တော်ဆိုင်ကယ်စီးကာစာသင်သွားရသော သူငယ်ချင်းရတုသွေးနှင့် မို့မို့သင်းတိုအတွက် စိတ်မကောင်းဖြစ်မိသည်။ သူတို့ပြန်တိုင်းသွားတိုင်း အတူပါသည့်လသားအရွယ်ကလေးအတွက်လည်း စိုးရိမ်မိသည်။
မိုးတွင်းဆိုလျှင် တောင်စွယ် မြေသား ပတ်လမ်းများထုံးစံအတိုင်း မြေပြိုလမ်းပျက်သဖြင့် လမ်းမှာပင်(၂)ရက်(၃)ရက် သောင်တင်နေရဖူးသည်မှာ ခဏခဏ ပဲဟု ရတုသွေးက ဆိုသည်။ ဒီလမ်းခရီးနှင့် ဒီဒေသ ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နေတာ နှစ်နှစ်ကျော်ပြီ ဆို၍ သူငယ်ချင်းတို့အတွက် ဂုဏ်ယူမိသည်။ အလေးပြုမိသည်။
ကန်ပက်လက်တောင်စခန်းမြို့လေးသို့အဝင် (ကန်သာယာရွာ)သည် ချင်းတောင်တန်းကြီးရဲ့အစွယ် တောင် စောင်းပေါ်မှီတွယ်နေသည့် လှပသပ်ရပ်သောတာင်ပေါ်ချင်းရွာလေးဖြစ်သည်။ တောပန်းတောင်ပန်းအစုံ စည်းရိုးလေး များ တစ်အိမ်တန်း နှစ်အိမ်တန်းမြေညှိလျက် တောင်ကမ်းပါးနံရံမှာ ရွာလေးတည်နေပုံက မြင့်မြင့်စွန်းစွန်း ကျွန်းပင် ကြီးပေါ်မှ ရောင်စုံသစ်ခွတစ်ခိုင် တွယ်ကပ်သွယ်ကျပွင့်ပြနေသလိုပင်။
ကန်ပက်လက်မြို့အဝင်တွင် ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းကိုတွေ့ရသည်။ ဘုံအဆင့်နှင့်ပြသာဒ်ပါသော ခန့်ခန့်ထည်ထည် အဆောက်အဦးကြီးဖြစ်သည်။ ၅ မိနစ်လောက်ဆက် မောင်းလာရာ(မက်သဒစ်အသင်းတော် ဘုရားရှိခိုးကျောင်း)ကို တွေ့ရသည်။
ချပ်ကျောင်းသည် ဘယ်ဘက်တောင် စောင်း တောင်နံရံတွင် လှပတင့်မောဖွယ်တည်နေပြီး ထိုတောင်စောင်းပတ်လမ်းအတိုင်း ဘယ်ဖက်သို့ချိုးဝင်ခဲ့ရာ အသင့်စောင့်ကြိုနေသည့် ကဗျာဆရာစတီဗင်(ကန်ပက်လက်)ကို တွေ့ရသည်။
ဘုရားကျောင်းအောက်ဖက် တောင် စောင်းလမ်းအတိုင်း ၅ မိနစ်လောက်မောင်းဝင်လိုက်တော့ စတီဗင်နှင့် ဇနီး-တွီးထုန်(ခ) တွီးတွီးတို့တည်ထောင်ပြုစု ထားသည့် (မိဘမဲ့ကလေးများပြု စုပျိုးထောင်မှုဂေဟာ)ကို ရောက်သည်။
ညနေဖက် ဘောလုံးကစားနေကြရာမှ အပြေးလာရောက်ဆီးကြိုနှုတ်ဆက်သည့် စတီဗင်၏သားငယ် သမီးငယ်လေးများကို ချစ်စဖွယ်တွေ့ရသည်။ ကျောင်းပိတ်ရက် ဆော့ကစားနေကြချိန်မို့ အများက အားကစားဝတ်စုံလေးတွေကို ဝတ်ဆင်ထားကြသည်။ စတီဗင်၏ဇနီး တွီးတွီးနှင့် ကျောင်းသားခပ်ခပ်ကြီး ၂ ယောက် ၃ ယောက်က ကျွန်တော်တို့တည်းခိုနားနေဖို့နေရာ ချထားပေးသည်။ 
အမြင့်ပေ ၈၀၀၀ ကျော်၏ညနေဖက် ရာသီဥတုက ဆီးကြိုနှုတ်ဆတ်လိုက်ရာကားပေါ်ကတဖွဲ့လုံး မီးဖိုဆီပြေးကြရသည်။ 
စတီဗင်၏သားသမီးလေးများက အလွန်ဖော်ရွေအလိုက်သိတတ်ကြရာ ကျွန်တော်တို့အတွက် မီးဖို နားတွင် ထိုင်ခုံများချထားပေးပြီး မီးထပ်ဖြည့်ကြသည်။ ချင်းစကား အတော် လေးရနေပြီဖြစ်သည့် ရတုသွေးက သူတို့နှင့်အဖွဲ့ကျနေသည်။ သူတို့မှာ မြန်မာစကားလည်း ကောင်းကောင်းတတ်ကြ သည်။ ရိုးရာချင်းစကားလည်း တတ်သည်။ ရတုသွေးနှင့် အချို့စကားလာပြောကြသည်။ အချို့က ရတုသွေး ပြော သည်ကိုနားမလည်ကြ၍ စတီဗင်က ဝင်ထောက်ပေးရသည်။ 
ချင်းမျိုးနွယ်စုတိုင်းရင်းသား (၅၃)မျိုး ရှိပြီး မျိုးနွယ်စုအလိုက် ဘာသာစကားဓလေ့မတူကြောင်း သိရသည်။ (တစ်တောင်ကျော်ရင် စကားတစ်မျိုး) ဟု မှတ်သားရကြောင်း ရတုသွေးအဆိုအရ သိရသည်။
သူတို့အထဲမှ ရတုနဲ့စကားပြောအဆင် ပြေသည့် ဒီမွန်ဒူး -ဒါဝိ -ဘူတပ်တို့နှင့် ကျွန်တော်တို့စကားလက်ဆုံကျခဲ့ကြသည်။ ဖော်ရွှေပွင့်လင်းပြီး ချစ်စရာ ကောင်းလှသည်။

စတီဗင်၏ဂေဟာမှာ ကလေး (၅၈) ယောက်ခန့်ရှိပြီး အရွယ်စုံဖြစ်သည်။ လသား ရက်သားအရွယ်လေးများပင် ရှိသည်။ စတီဗင်တို့ ဇနီးမောင်နှံပြုစုခဲ့ သည်မှာ ဘွဲ့ရပြီးသူ၊ ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်နေသူများပင် ရှိသည်။ ဂေဟာသို့ လာရောက် ပို့ဆောင်သည့်ကလေးအားလုံးကို ကျောင်းထားပေးသည်။ ကလေးအားလုံးမှာ တမိတည်းမွေးများထက်ပင် သွေးသက် ကြသည်။ တယောက်ကိုတယောက် ဦးစားပေးတတ်ကြသည်။ ကြီးသူက ငယ်သူကိုပြုစုစောင့်ရှောက် ထိန်းသိမ်း တတ်သည်။ စတီဗင်၏ဇနီး တွီးတွီးသည် အံ့သြဖွယ်ပင် ဂေဟာကို တစ်ယောက်တည်းစတင်၍ ကိုယ်ထူကိုယ်ထတည်ထောင်ခဲ့သည်မှာ ယခုဆိုလျှင်(၁၅)နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

ထွီးထွီးသည် ချင်းတောင်တန်းမှ လေးစားအားကျဖွယ် နိုက်တင်ဂေး တစ်ယောက်ပင်ဖြစ်သည်။
ညဘက်မှာ ကန်ပက်လက် တောင်စခန်းမြို့ရဲ့ညရှုခင်းများကို လျှောက်ကြည့်ကြပြီး ” ကန်ပုလဲ  Restrarunt” မှာ ရိုးရာနွားနောက်သားကြော်၊ ဆတ်နီ ခေါင်ရည်၊ ချင်းရိုးရာ-ပြာဟင်း ကိုက်လံ၊ အစိမ်းကြော်တို့ဖြင့် စတီဗင်က ဧည့်ခံသည်။
မြို့ထဲကပြန်လာသည့်အခါ စတီဗင်၏ဇနီး တွီးတွီးက ထမင်းပွဲအသင့်ပြင်ဆင်ထားသည်။
နွားနှောက်သားကင် ဆာဗူးသီး၊ ကြက်သား၊ အရွက်သုပ်၊ ပိထောင်းနှင့် ငရုပ်ကောင်းဟင်းရည်ပူပူက ထမင်းမြိန်လှ သည်။
ထူးခြားလှသည်က ဟင်းများမှာ ဆီ၊ အချိုမှုန့်၊ လုံးဝမသုံးဘဲချက်ထားပေမယ့်ဆီ အချိုမှုန့်ပါမှဟင်းဖြစ်သည်ထင်သော ကျွန်တော်တို့လျှာလည်လောက်အောင် စားကောင်းခြင်းဖြစ်သည်။

ညဖက်မှာ စတီဗင်က မီးပုံကြီးတစ်ပုံစီစဉ်ထားပြီး မီးပုံဘေးမှာအားလုံးဝိုင်းထိုင်ကာ ကဗျာရွတ်ပွဲလေးကျင်းပကြသည်။ စတီဗင်(ကန်ပက်လက်) ပေတူး၊ ကျော်ရဲသွင်၊ ကျွန်တော်၊ ရတုသွေး၊ မင်းခန့်(မြိုင်) ငိုရီ၊ စိုးခိုင်ညိန်း၊ ဖိုးချမ်း (ပုံတောင်ပရိုင်းမိတ်မြေ)၊ နွေငယ်၊ ပြေဇော်၊ လွန်းအိမ်သစ်တို့ အလှည့်ကျ ရွတ်ဆိုခဲ့ကြသည်။ စတီဗင်ရဲ့ ကျောင်း သားလူငယ် လေးများနှင့် စတီဗင်ရဲ့အကို ကိုဘူခိုက်လည်း စိတ်ဝင်တစား လာနားထောင်ကြသေးသည်။

ပျော်ရွှင်ကြည်နူးစရာ ကန်ပက်လက် ကဗျာရွတ်ပွဲညပါပဲ။

ညဥ့်နက်လာတဲ့အခါ တောင်ပေါ်လေနုအေးညင်းညင်းကြောင့် အအေးဒဏ်ပိုကဲလာရာ ည ၁၀ မှာ ကဗျာရွတ်ပွဲလေး ကို အောင်မြင်ပျော်ရွှင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်။ ပွဲပြီးတော့ မြို့ခံကဗျာဆရာတွေဖြစ်သည့် စတီဗင်နှင့်ပေတူးက ဒါဟာ ကန်ပက်လက်ရဲ့ ပထမဦးဆုံးကဗျာရွတ်ပွဲဖြစ်ပြီး နှစ်စဉ် ဒီရက် ဒီဇင်ဘာ၂၄ ရက်ညမှာ ကဗျာရွတ်ပွဲလေး ကျင်းပမှာဖြစ်လို့ နှစ်စဉ်လာခဲ့ကြရန် ဖိတ်ခေါ်ပါသည်။

မနက်ဖက် ဝိတိုရိယတောင်ထိပ်ကိုနေထွက်အမီတက်ဖို့စောစောပဲအိပ်ရာဝင်ခဲ့ကြသည်။

မနက် ၃ နာရီမှာ အိပ်ရာထကြရသည်။ အဝတ်အစားပြင်ဆင်ပြီး အပြင်မှာ အရမ်းအေးနေလို့ စောင်ခြုံ ထားရသည်။ ၃ နာရီ ၄၅ တွင် ကန်ပက်လက် တောင်စခန်းမြို့လေးမှ ဝိတိုရိယ( ခေါ် )ခေါနုသုမ် ဆီသို့ မိုင်(၂၀) ခရီးကိုကား ဖြင့် စတင်ခဲ့သည်။ တောင်ခြေစခန်းမှာ ကားထားခဲ့ပြီး ခြေလျင်တက်ရမည်ဖြစ်သည်။

ကျွန်တော်တို့ တောင်ခြေရောက်ချိန်တွင် စောလွန်းသေး၍ လူသိပ်မရှိသေး။ တောင်တက်ဆိုင်ကယ်ကယ်ရီသမားများ ပင်မရောက်ကြသေး။ တောင်ခြေမှာမီးလှုံရင်း ခေတ္တစောင့်ကြည့်သေးသည်။ ကန်ပက်လက်မှ စတီဗင် ထည့်ပေးလိုက် သည့်ဒေးဗစ်ကို စုံစမ်းကြည့်ခိုင်းရာ ကယ်ရီစောင့်မည်ဆိုလျှင်လည်း တပြိုင်တည်း ( ၁၀ )စီးလောက်ရနိုင်မည်မဟုတ် ဟုဆိုသဖြင့် ကျွန်တော်တို့အဖွဲ့ ၄ နာရီ၄၅ တွင်ခြေလျင်စတက်ကြသည်။ မှောင်နေသဖြင့် ဖုန်းမီးဖွင့်ပြီး လျှောက်ကြရ သည်။ အပူခိန် ၁၀ ဒီဂရီ စင်တီဂရိတ်အောက်မှာ မေးချင်းရိုက်နေသော်လည်းတက်ကြွလွန်းနေသဖြင့် အပြေးအမြန် တက်ကြရာ မကြာခင် မောပန်းလွန်းပြီး နားတွေအူလာသည်။ ခဏနားပြီး ဖြည်းဖြည်းမှန်မှန် အသက်ရှုရင်းတက်မှ တဖြည်းဖြည်း အမောလုံလာသည်။

ကျွန်တော်တို့ စတက်လာပြီး နာရီဝက်လောက်အကြာမှာတော့ တောင်တက်ကယ်ရီသမားများ တက်လာကြသည်။ ထိုင်ရင်း နားရင်းလျှောက်ရင်း တောင်တဝက်လောက်အရောက်မှာတော့ ပြန်ဆင်းလာသည့် ဆိုင်ကယ်ကယ်ရီသမား များကို တားပြီးတောင်တက်ဖို့ငှားရသည်။ လိုက်ပို့ပေးသည့်ဒေးဗစ်၊ လွန်းအိမ်သစ်၊ နွေငယ်၊ ကျော်ရဲသွင်နှင့် ပြေဇော် တို့ကတော့ ခြေလျင်ပဲရောက်အောင်တက်မည်ဆိုကာ ဆိုင်ကယ်တက္ကစီမစီးဘဲ ခြေလျင်ဆက်တက်ကြသည်။

ဆိုင်ကယ်ကယ်ရီစီးရသည်ကလည်း မသက်သာ၊ ရိုလာကိုစကာ စီးရသလိုပင် အသည်းထိတ်စရာကောင်းလှသည်။ စိုးရိမ်သဖြင့် ဖြေးဖြေးမောင်းဖို့ပြောရသည်။ သို့သော်လည်း မတ်စောက်လွန်းလှသောအတက်များဖြစ်သည့် အလျောက် အရှိန်နှင့်မောင်းမှ အဆင်ပြေသည်ကို နားလည်ထားရသည်။ တောင်အထွဋ်ပိုင်းထိကား ဆိုင်ကယ်တက်မရ၍ ခြေ လျင်တက်ရသည်။ မှောင်နှင့်မည်းမည်း တောင်ထိပ်ရောက်သောအခါ တောင်ထိပ်၌ညအိပ်သူများပင်ရှိသည်ကို တအံ့ တသြတွေ့ရသည်။

နေမထွက်မီအာရုဏ်ပျို့မှာပင် ဆိုင်ကယ်နှင့်တက်သူရော ခြေလျင်တက်သူရော ကျွန်တော်တို့အဖွဲ့လူစုံသွားသည်။ အမြင့်ပေ(၁၀၂၀၀) ခေါနုသုမ် တောင်ထိပ်ရောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်သည်။ ယခင်အခေါ် ‘ဝိတိုရိယ’၊ ယခုအခေါ် ‘နတ်မတောင်’ ချင်းအမည် ‘ခေါနုသုမ’်(တောင်ထိပ်မှာတော့”ခေါ်နူးစုမ် ”ဟုရေးထား) တောင်ထိပ် ကို (၁၉၃၆)ခုနှစ်တွင် ဘေလီမိုး-ကြိုးဝိုင်းအဖြစ်စတင်သတ်မှတ်ခဲ့ပြီး (၁၉၉၇)တွင် အမျိုးသားဥယျာဉ်အဖြစ် အဆိုပြု သတ်မှတ်ကာ (၂၀၁၂)ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြင့်သတ်မှတ်ခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်-မင်းတပ်-မတူပီ၊ သုံးမြို့နယ်အတွင်းကျရောက်ကာ ဧရိယာ(၂၇၁၆၂၀၂) ဧကကျယ်ဝန်းလျက် အမြင့်ပေ(၁၀၂၀၀)မြင့်သည်။ တောင်ထွဋ် နှစ်ခုရှိသည်။ အရှေ့ဖက်တောင်ထွဋ်ပေါ်တွင် ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော်ကြီးတစ်ဆူရှိပြီး အနောက်ဖက်တောင်ထွဋ်ပေါ်တွင် တောင်ဦးစေတီတော်ကို ဖူးတွေ့ရသည်။ မြေပြန့်မှ ခရီးသွားများအဖို့ အအေးဒဏ်က ပြင်းလွန်းလှသည်ဆိုသော်လည်း မခံမရပ်နိုင်အထိတော့မဟုတ်ပေ။

တောင်ထွဋ်ပေါ်မှစီး၍ကြည့်လျှင် အရပ်လေးမျက်နှာရှိ တောင်ပင်လယ်ကိုသာတွေ့ရသည်။ တောင်တန်းများကား အဆုံးမရှိဟုပင် ထင်ရသည်။ ထိုအဆုံးမရှိ တောင်တန်းများအကြားရွေးလျားနေသော တိမ်သားကြေးခွံတိမ်ပင်လယ် မှာ တကယ့်ရေလှိုင်းများသဖွယ် လှပလွန်းလှသည်။ အမြဲတမ်းမော့ကြည့်ခဲ့ရသောတိမ်များကို အပေါ်စီးမှငုံ့ကြည့်ရ သည့်အရသာကလည်း ထူးခြားလှသည်။

အရှေ့ဖက်ဆီမှ ပုစွန်ဆီရောင် နေမင်းကြီးထွက်ပြူလာသောအခါ တိမ်လွှာပြင်မှာ ပုဇွန်ဆီရောင်တောက်လျက် နေဝန်း နီဝိုင်းစက်လာချိန်ကို စောင့်ကြိုနေကြသော ကင်မရာအပေါင်းက အမြင်အမျိုးမျိုးဖြင့် ကြိုဆိုလျက်ရှိပေသည်။

နေထွက်ချိန်ကို ဓာတ်ပုံရိုက်ပြီးမှ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်သို့ လှည့်ကြည့်ကြသည်။ ယခင်အခေါ် ဝိတိုရိယတောင် ထိပ်၊ ယခုနတ်မတောင် ချင်းအမည် ခေါ်နူးစုမ်တောင်ထွဋ်ပိုင်းတွင်ကား တောင်ဇလပ်ပန်းတမျိုးသာ ပေါက်ရောက် နိုင်သည်။ အခြားသစ်ကြီးဝါးကြီးများမပေါက်ရောက်နိုင်ပေ။

တောင်ဇလပ်ပန်းကား အနီနှင့်အဝါနှစ်မျိုးရှိသည်။ ဒီဇင်ဘာတွင်ကား တောင်ဇလပ်အနီအနည်းငယ်သာ ပွင့်စပြုသေး သည်။ အဝါကို တောင်ထွဋ်ပိုင်းတွင် သိပ် မတွေ့ရ။ အမြင့်ပေ(၉၈၃၅)မှာတော့ တောင်ဇလပ်ဝါများ ပေါက်ရောက် ရင်းဒေသဟု ရေးထားသည်။ တောင်ထွဋ်ပိုင်းမှ ဆင်းလာရာ လမ်းတလျှောက်မှာတော့ တောင်ဇလပ်ပင်များအပြင် အခြား ထင်းရှုး၊ ချယ်ရီ၊ တောင်ရိုးဝါး( ကျူ ရိုးကဲ့သို့ ဝါးသေးသေးငယ်ငယ်- ရုက္ခဗေဒအမည်မဟုတ် )နှင့်အခြား အပင်များကို တွေ့ရ သည်။

နတ်မတောင်အမျိုးသားဥယျာဉ်အတွင်း အမြင့်ပေ (၉၀၀၀)ကျော်နှင့် အမြင့်ပေ(၈၀၀၀)ကျော်တို့တွင် ငှက်ကြည့်စခန်း များ ရှိသည်။ ချင်းပြည်နယ်၏အထိမ်းအမှတ် သင်္ကေတ အောက်ချင်းငှက်များအပြင် ငှက်ပြာချောက်၊ မျက်ခုံးဖြူနှင့် အခြားရှားပါးငှက်မျိုးစိပ်များစွာလည်း ရှိသေးသည်။
တောင်ထိပ်ကို မနက်စောစောနေထွက်အမီဆိုင်ကယ်ကယ်ရီနှင့်တက်ပြီး အဆင်းမှာ ခြေလျင်ဆင်းခဲ့ခြင်းက ရှုခင်း ကြည့်ဖို့၊ ဓာတ်ပုံရိုက်ဖို့ ပိုအခွင့်သာသည်။

အခြားတောင်ပေါ် Resort များလို လမ်းခုလပ်မှာ စားသောက်ဆိုင်များမရှိသေးသဖြင့် တောင်တက်ဖို့ ပြင်ဆင်က တည်းကပင် လမ်းခရီးအတွက် စားသောက်စရာ ရေအပြည့်အစုံ ယူသွားသင့်ပေသည်။
January မှာ အအေးဒဏ်လည်းလျော့သွားသလို တောင်ဇလပ်တွေလည်း တစ်တောင်လုံးရဲရဲတောက်ပွင့်ချိန်မို့  တောင် တက်ဖို့အဆင်ပြေဆုံး အချိန်ဖြစ်ပေလိမ့်မည်။

ခေါ်နူးစုမ်ကို နုတ်ဆက်ခဲ့ပြီး စတီဗင်တို့ မိဘမဲ့ဂေဟာသို့ပြန်ကြဖို့ဖြစ်သော်လည်း သင်းအုပ်ဆရာတော်က ဖိတ်ခေါ် သဖြင့် ကန်ပက်လက်ဘုရားကျောင်းမှာ ခရစ်စမတ်ထမင်းသွားစားခဲ့သးသည်။
ဆောက်လက်စ ဘုရားကျောင်းကြီးမှာ ထုထည်ကြီးမားပြီး ခိုင်ခံသောအဆောက်အဦးဖြစ်သည်။ ထမင်းစားပြီး သင်း အုပ်ဆရာတော်ကိုနှုတ်ဆက်၍ ပြန်လာခဲ့ကြသည်။

စတီဗင်၏ကျောင်းကလေးသည် စိတ်ကိုကြည်လင်အေးမြစေသလို ကလေးများသည်လည်း သိမ့်မွေ့နှစ်လိုဖွယ် အပြည့် ဖြစ်သည်။ ဘယ်တော့မှ ဆူဆူပူပူမအုပ်ထိန်းရ။ ဇတီဗင်၏ဇနီး တွီးတွီးမှာသစ်ခွချစ်သူတစ်ယောက် ဖြစ်သည်။ ကျောင်းတွင်သစ်ခွမျိုးစိတ်အစုံစုံ ပျိုးထားသည်။ အချို့ကို ဥယျာဉ်ထဲရှိ သီးပင်စားပင်များပေါ်တွင် တွယ်စိုက်ထား သေးသည်။ ထိုသစ်ခွများအားလုံး တောတောင်အနှံ့ရှာကာ စတီဗင်ရှာပေးထားသည်ဆို၍ ကြည်နူးမိရပြန်သေးသည်။ မျိုးစိတ်အမျိုးမျိုးအလှကိုယ်စီမို့ လိုချင်ပေမယ့် တွီးထုန်(တွီးတွီး)အတွက် စတီဗင် တကူးတကပေးထားသည်မို့ မတာင်းရက်တော့ပေ။

ကျွန်တော်တို့ပြန်ခါနီးတွင် စတီဗင်၏မိဘမဲ့ဂေဟာစာကြည့်တိုက်အတွက် စာအုပ်လက်ဆောင်တွေပေးဖြစ်ခဲ့ကြသည်။ ကလေးတို့အတွက် လက်ဆောင်သီးသန့်မပေးဖြစ်၊ ကလေးတွေအတွက် လက်ဆောင်တစ်ခုခုဝယ်ပေးဖို့သာ စတီဗင် ကိုပေးခဲ့သည်။ အမှန်မှာ စတီဗင် ဒီလိုမိဘမဲ့ဂေဟာကို ထူထောင်ပြုစုနေမှန်းလည်း ကျွန်တော်တို့ကြိုတင်မသိခဲ့၍ဖြစ် သည်။ ပြန်ခါနီးတွင် စတီဗင်နှင့် တွီးတွီးတို့၏သားသမီးလေးများက ခရစ်စမတ်သီချင်းများသီဆိုတီးခတ်ပြီး ဆုတောင်း ပေးကြသည်။

ညနေ(၄)နာရီမှာ ချင်းတောင်တန်းမှ မိဘမဲ့ကျောင်းလေးကို နှုတ်ဆက်လျက်၊ စေတနာရှင် ကရုဏာရှင် စတီဗင်နှင့် တွီးထုန်(ခ)တွီးတွီးတို့ဇနီးမောင်နှံကိုနှုတ်ဆက်လျက်၊ တောင်ဇလပ်ပန်းတို့ မြေ’ကန်ပက်လက်တောင်စခန်းမြို့’လေး ကို နှုတ်ဆက်လျက်၊ ငြိမ်းချမ်းရေးအပြာရောင်ကားလေး မြေပြန့်ဆီပြန်ခဲ့ကြသည်။

ခေါ်နူးသုမ်ကို မြစ်ဖျားခံလျက် တောင်ပင်လယ်ဆီစီးဆင်းသွားသော ‘ဆော’ချောင်းကို အပေါ်ဖက်မှလှမ်းမြင်တွေ့ရ သည်။ တောင်တန်းအသွယ်သွယ်တောင်ပင်လယ်ကြား ချောင်းဝှမ်းလွင်ပြင်တလျှောက် တောင်ပေါ်ချင်းရွာလေးများ ကို လှမ်းမြင်ရသည်။ ဖိုးချမ်း(ပုံတောင်ပရိုင်းမိတ်မြေ)က မီးအိမ်ရှင်မလေးသီချင်းကို ရုတ်တရက် ထဖွင့်လိုက်သည်။ အတွေးကိုယ်စီငြိမ်သက်ရင်များမှ ပြိုင်တူပွင့်ထွက်သွား……

ဂျင်းဂျား …ဂျန်ဂျာ …ဂျင်းဂျား …ဂျန်ဂျာ ဟေ့…
ဂျင်းဂျား…..ဂျန်ဂျာ ဟေ့

မော်ဆူးသစ်
25th Dec 2018
6 Jan 2018 8:46:53 a.m.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts