ကဗျာ မြန်မာပြည်တွင်း

ကိုစိန်သစ်၊ သင်းရည်လွင် – ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်၏ (၇၃) နှစ်မြောက်မွေးနေ့ကဗျာများ

ဆရာမောင်အောင်ပွင့် သို့
ကိုစိန်သစ် 
(မိုးမခ) နိုဝင်ဘာ ၁၂၊၂၀၁၈

 အဲဒီ့နေ့ကပေါ့
စမ်းချောင်း မကြီးကြီးလမ်း တိုက်ခန်းကျဉ်းကျဉ်းထဲ
(၉၀)ခုနှစ်များဆီက
” အဖြူရောင်ပဲ့တင်သံများကဗျာရွတ်ပွဲ “
မှတ်မှတ်ရရပါပဲ
ဆရာမောင်သာနိုးက သူ့ မလင်းပြာကို
အသံနေ အသံထားနဲ့ ရွတ်ဆိုပြ
ငါးရိုးနင်တဲ့ ငွေလမင်းကြီးလေ
သောက်ရေနဲ့လ ပျောက်လေတဲ့ ည
သူ့ရင်ပူ ည
ငါ့ရင်ထဲမှာ ရှိန်းမြမြ လှ
နောက်တော့
ကောင်းကင်တော်တမ်းချင်းကို တခုတ်တရ
အသံထွက်အော် အော်ရွတ်ခဲ့ရ
ဘာတွေဆိုနေတာလဲကွ
အရည်မရ အဖတ်မရ အဆို အဆူ အဆဲခံရလည်း
ကြိတ်ပြီး ပီတိဖြစ်ရ ပျော်ခဲ့ရ
မြို့ထဲကို ရောက်တယ်ဆို
လေထန်ကုန်းကိုသွား
သူတို့တွေ တယောက်ပခုံးသားထဲ
တယောက်ဝင် ထိုင်နေကြပုံများ
မိုးမှုန်မှုန်တွေရဲ့ကြား
ခပ်လှန်းလှန်းတနေရာက ကြည့်ငေးရ
လက်ဖက်ရည်က အဓိကမကျ
ကိုယ်လေးစား အားကျသူတွေ ငေးမျှော်ရတာကိုက
ထူးခြားလွန်းတဲ့ အရသာခံစားရ
တခါသား မနက်အစောပိုင်းဗျ
ပန်းဆိုးတန်း ကိုဖိုးဇော် ဆိုင်ရှေ့တွေ့ရ
ပုရွတ်ဆိတ်ခေါင်းကြီးလေ သူ့ သားနဲ့ သမီး
စာတအုပ်ဖတ်ပြီးတိုင်း မုန့်ဖိုးပေးကြောင်း ကြားသိရ
လေးစားရက်က ပိုလေးစားရ
နောက် ရေဒီယိုအတင်းမှ အဖမ်းခံရတယ် ကြားသိရ
သူပေါ့ဗျဆိုပြီး
မဲလေး ကဗျာရွတ်ဖတ်ပြတော့
အဖေ့မျက်လုံးဟာ မှိုင်းဝေလို့ သက်ပြင်းရှည်ကြီးချလို့
ရာဘင် နဲ့ အာရာဖတ်
ဒီကလပ် နဲ့ မင်ဒဲလား
ကမ္ဘာ့ငြိမ်းချမ်းရေး ဆုတွေ ရ ရသွားလေရဲ့တဲ့
” သတ္တိရှိတဲ့ လူတွေဟာ ခွင့်လွှတ်ဖို့ကို မကြောက်ရဘူး ” တဲ့
( မင်ဒဲလား )
အမုန်း ရဲ့ အဆုံး အချစ် ရဲ့ အစ
ငြိမ်းချမ်းရေး ရဲ့ မုခ်ဦး ဒီကာလ
ကျုပ်တို့မဟုတ် ဘယ်သူ လုပ်မှာတုန်း တဲ့
အခု မဟုတ် ဘယ်တော့ လုပ်မှာတုန်း တဲ့
သူ့ ရဲရဲတောက် စကားလုံးတွေ စာသားတွေလေ
ငြိမ်းချမ်းရေးကို မျှော်ခေါ်နေတယ်
ပုရွတ်ဆိတ်ခေါင်းကြီးလေ
သူ့ ကျောပြင်ကျဉ်းကျဉ်းလေးနဲ့
ငြိမ်းချမ်းရေး လရောင်ကို ကဲ့ကဲ့ သယ်ယူပေးနေပုံများ
ဆရာပွင့်ရေ
ပြည်းတွင်းစစ် ထာဝရ ငြိမ်းချမ်းရေး ရလိုက်ကြပုံများ
အရသာရှိရှိ ခံစားပျော်ရွှင်ကြည့်စမ်းစေချင်သား
ဆရာ ဒီ့ထက်ပိုပြီး ကျန်းမာပြီး အသက်ရှည်ပါစေ။ ။

ကိုစိန်သစ်
၂၀၁၈ – ၁၁ – ၁၁ ( ၁၉ : ၀၀ )
….

၇၃ နိုဝင်ဘာ
သင်းရည်လွင်

အနားမှာ ကျွန်တော်တို့ 
ငေးခဲ့ရတဲ့ ငြိမ်းချမ်းရေးသမား
လေထန်ကုန်းက စလို့ 
လေးစားစွာချစ်ရ
ဘဝမှာ
အမှတ်ရဆုံး
သားလေးကို မောင်ကြီးငြိမ်းချမ်း
သမီးလေးကို လုံမငြိမ်းချမ်း
ငြိမ်းချမ်းရေးအကြောင်းပြု
အဲသည် အမည်နာမတွေ
ကျွန်တော့်ရင်ဘတ်ထဲ
လွန်ခဲ့သောအနှစ်နှစ်ဆယ်ကျော်
လွမ်းတယ်ဆိုတာ လွမ်းသင့်လို့လွမ်းတာကွ
ဟုတ်ကဲ့ဆရာ
ကျွန်တော် လွမ်းပါတယ်
အဖြစ်အပျက်တွေက ပဉ္စလက်ဆန်လွန်း
ကျွန်တော်တို့
ပြန်မပြောချင် တဲ့ အကြောင်းတွေ
ဆရာမ တောင်ဇလပ်ဖြူပါမှ
ဒီဇာတ်က ပိုလွမ်းလို့ကောင်းမှာ မဟုတ်လား
ဒီ့ထက် ပိုဆုံတွေ့ချင်သေးတယ်
ငါးရိုး နင်တဲ့ ငွေလမင်း
တောပြန်သွားရတဲ့  အတိတ်
သွေးမတိတ် တဲ့ ဒဏ်ရာ
ကျွန်တော်တို့  နာနေတုန်းပါပဲ
သတိတရပါ ဆရာ
ကျွန်တော် ဒီနေ့မရောက်နိုင်ခဲ့ဘူး
ကျွန်တော့် စာစုသေးသေးလေး
အလားမမြောက်ပါဘူး
ချစ်ခြင်းက ကဗျာဖြစ်တာ
လေးစားချစ်ခင်စွာပါဆရာ
ကျန်းမာရွှင်လန်းနေပါ
ကဗျာကို ချစ်တဲ့သူ
ငြိမ်းချမ်းရေး ဆေးရောင်ခြယ်
ဆရာနေကောင်းနေမှဖြစ်မယ်ဆရာ ။

သင်းရည်လွင်
၁၁၁၁၂၀၈
ကဗျာဆရာကြီး မောင်အောင်ပွင့် ၇၃ နှစ်ပြည့် မွေးနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts