ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း မောင်အောင်မွန် ဖြစ်ရပ်များ၊ အမှတ်တရများ

၈-၈-၈၈ ရောင်းစားသူ–ကောင်းစားသူနှင့် သေသွားသူများ (၂)


၈-၈-၈၈ ရောင်းစားသူ–ကောင်းစားသူနှင့် သေသွားသူများ (၂)
ဝင်းအောင်ကြီး (မောင်အောင်မွန်)

(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈
(၁)
၈-၈-၈၈ အရေးအခင်းခေါ် တပြည်လုံးလူထု အုံကြွမှုကြီးဆီသို့ ဦးတည်နေသော ကိစ္စရပ်များကား များပြားစုံလင်လှပါဘိ။ လူ့အလွှာအသီးသီး နှစ်ပေါင်းများစွာ အတိဒုက္ခရောက်နေကြရပြီး ထွက်ပေါက်မရှိ ပိတ်မိနေကြရ၏။စမ်းသပ်ခန်းထဲက ကြွက်လေးပမာ ဟိုလျှောက်တိုး ဒီလျှောက်တိုးသလို မြန်မပြည်သူတွေ ခံစားနေကြသည်။
(၂)
သမိုင်းစကားနှင့်ဆိုရသော် Remote Causes. ၈-၈-၈၈ အရေးအခင်းဆီသို့ မြန်မာပြည်ကြီး ရွေ့လျှားလာနေသည်မှာ ၁၉၆၂ ခု နောက်ပိုင်း မဆလ ခေတ်ပျက်ချိန်ကတည်းပါ။ ကျောင်းဆရာများက ပညာရေးစနစ်ကို စိတ်ပျက်၊ ဆရာဝန်များက လူနာကုသဖို့ ရေမန်းအားကိုးရမလို–စသဖြင့် စသဖြင့်။
(၃)
 ပြည်သူတွေ ငတ်ကြသည့်ထဲ သတင်းလည်းပါ၏။
ဦးနေ၀င်း မရမ်းကုန်း သမ၀ါယမ အရောင်းဆိုင်သွားကြည့်ပုံ ဧရာမ သတင်းဓာတ်ပုံ၌ အထင်အရှား ဖေါ်ပြထားသော ဈေးနှုန်းများသည် အခြားနေရာများ မဆိုထားနှင့် ထိုဆိုင်မှာပင် ထိုနှုန်းအတိုင်း မရောင်းပါ။ သတင်းစာအစစ်ဖတ်ခဲ့ရသူတို့ခမျာ ယောင်ချာချာ။
(၄)
 သတင်းစာပိုက်ပြီး မွေးလာသူဟု ဆိုလောက်သော ကိုလှအောင်၊ အထောက်တော်သတင်းစာ အယ်ဒီတာချုပ်လုပ်ခဲ့သည်။ ထိုသတင်းစာသည် စစ်တပ်နှင့်နီးစပ်သောကြောင့် တပ်ရဲ့အထာကိုလည်းသိ၏။ ထိုးဖေါက်တတ်၏။
(၅)
သည်လိုနှင့်ပင် သတင်းဂျာနယ်သည် လျှမ်းလျှမ်းတောက် ဖြစ်ခဲ့၏။
သတင်းငတ်နေကြသည့် ပြည်သူတို့အားထားရာ ပုဂ္ဂလိက သတင်းဂျာနယ်။ အင်အားတောင့်သည့် အဖွဲ့ကောင်း–၊ ကိုယ်ပိုင်တိုက်ခန်း၊ ပုံနှိပ်စက်စသည်တို့နှင့်–။ မြန်မာ့အသံလခ၏ (၂)ဆပေးမည်၊ သတင်းဂျာနယ်သို့ လာခဲ့ဖို့ခေါ်ဖူးသည်။ ကျွန်တော်က မစွန့်စားရဲ။
သူကမူ သတင်းနှင့် ပတ်သက်လာလျှင် စွန့်စားမြဲ သူ့ဥာဉ်ကြောင့် အပိတ်ခံရပြန်သည်။
(၆)
ကျွန်တော်တို့ (၃) ယောက်အား အထတ လှအောင်က သူ့စီအစဉ်ပြောပြ၏။
စာ-နယ်-ဇင်း ဆိုသောစကားထဲက သတင်းစာနှင့်ဂျာနယ် ထုတ်ခဲ့ပြီးပြီ၊ ယခုအကြိမ်တွင်မူ ဇင်း–ဇင်း မဂ္ဂဇင်းဟုသုံးမည်၊ သို့သော် ရှုမ၀၊ သွေးသောက်၊ ပဒေသာ၊မြ၀တီ တို့လိုမဟုတ်၊ အဓိကကျသော သတင်းကို အားထားရမည်၊ ထို့ကြောင့် သတင်းမဂ္ဂဇင်းဟု နာမည်ပေးမည်–စသဖြင့်။
ဆွေးနွေးကြ တိုင်ပင်ကြ၏။
(၇)
၈-၈-၈၈ အရေးအခင်းကြီး၏ သတင်းများ၊ ဓာတ်ပုံများ ပထမဆုံး စွန့်စားဖေါ်ပြသည့် သတင်းမဂ္ဂဇင်း ထိုနေ့တွင် သန္ဓေတည်ခဲ့၏။ ထို့နောက်မွေးဖွါးပုံကို ဆက်လက်ရေးသားပါမည်။
၂၀၁၈ ခု၊ဇူလုင် (၂၉) ရက်နေ့

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts