ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ကချင်စစ်ပွဲဟာ တကယ်ပဲ “အဆုံးသတ်မရှိတဲ့ စစ်ပွဲ” ဖြစ်နေပြီလား

ဇင်လင်း ● ကချင်စစ်ပွဲဟာ တကယ်ပဲ “အဆုံးသတ်မရှိတဲ့ စစ်ပွဲ” ဖြစ်နေပြီလား
(မိုးမခ) ဇူလိုင် ၆၊ ၂ဝ၁၈

မြန်မာပြည်မှာ ‘ငြိမ်းချမ်းရေး’ ဒါမှမဟုတ် ‘ချွင်းချက်မရှိ စစ်ပွဲတွေ ရပ်စဲရေးကိစ္စ’ ဟာ လာမယ့်ဆယ်စုနှစ်တခု နှစ်ခုအတွင်း ဖြစ်ပေါ်လာနိုင်မယ်လို့ထင်ပါသလားဆိုတဲ့ မေးခွန်းအတွက် လက်ရှိအခြေအနေ ဖြစ်စဉ်တွေအရ အဖြေမရှိသေးပါလို့ ဆိုရ ပါလိမ့်မယ်။ ဘာကြောင့် ငြိမ်းချမ်းရေး အလားအလာ မှေးမှိန်နေရတာလဲ။ ယေဘုယျအားဖြင့် ငြိမ်းချမ်းရေး အလှမ်းဝေးနေ ရခြင်းဟာ အဆုံးအဖြတ်ပြုနိုင်တဲ့ ခေါင်းဆောင်ပိုင်းပုဂ္ဂိုလ်များ အလိုလောဘကြီးလွန်းတဲ့အတွက် ဖြစ်ပါတယ်။ တနည်းအား ဖြင့် အတ္တနဲ့မာန်မာန အစွဲအလမ်းတွေကို လျှော့မချနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးစကားဝိုင်း တွေမှာ သာမန်စကားလုံး အသုံးအနှုန်းတွေကအစ အချိန်အတော်ကြာအောင် ညှိနှိုင်းနေရတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားလုံး ကိုတောင် မြင်ပုံမြင်နည်းတွေ အတော်ခြားနားနေခဲ့တဲ့အတွက် လက်ခံသဘောတူလာရေးအတွက် အချိန်တွေ အတော်ယူ ဆွေးနွေးခဲ့ရတဲ့ သာဓကရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို စတင်လုပ်ဆောင်နေပြီဆိုသော်လည်း၊ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်သေးတဲ့အတွက်၊ စီးပွားရေး လူမှုရေးကဏ္ဍတွေမှာ အာဆီယံဒေသအတွင်းမှာတောင် အဆင့်အနိမ့်ဆုံး နိုင်ငံဖြစ်နေပါတယ်။ အခု လတ်တလောမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ် စတဲ့ ဒေသအသီးသီးမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ဘန်ကောက်အခြေစိုက် အာရှဒေသ စစ်ဖက်ရေးရာနှင့် လုံခြုံရေးကဏ္ဍ အထူးလေ့လာကျွမ်းကျင်သူ အန်တိုနီဒေဗီးစ် (Anthony Davis) က ၂ဝ၁၈ မေလ ၃ဝ ရက်နေ့ Asia Times Online သတင်းစာမှာ ကချင်စစ်ပွဲကိစ္စ လေ့လာ သုံးသပ်ချက် A vision for war without end in Myanmar ဆိုတဲ့ အထူးဆောင်းပါးတစ်ပုဒ်  ရေးသားဖေါ်ပြ ခဲ့တယ်။ “အဆုံးသတ်မရှိသော မြန်မာစစ်ပွဲအား လေ့လာသုံးသပ်ချက်” လို့  Anthony Davis က ဆောင်းပါးခေါင်းစည်း တတ်ထားတယ်။ သူ့တင်ပြချက်များက စိတ်ဝင်စားစရာကောင်းတယ်။ ကချင်စစ်ပွဲ လွယ်လွယ်နဲ့ စစ်ပြေငြိမ်းဖွယ်မရှိပုံကို စစ်ရေး နိုင်ငံရေး ရှုထောင့်ကနေ တင်ပြထားတယ်။ တပ်မတော်က KIA ကို စစ်ရှိန်မြှင့် ဖိတိုက်နေခြင်းဟာ NCA စာချုပ်ကို လက်မှတ်မထိုးတာကြောင့် သာမကဘဲ၊ မြောက်ပိုင်း မဟာမိတ်အဖွဲ့(FPNCC) နဲ့ ပူးပေါင်းခြင်းကြောင့်လည်းဖြစ်တယ်လို့ သူက ဆိုတယ်။ ကချင်ပြည်နယ်မှာ ယခင်က KIA အနေနဲ့ တပ်မဟာ ၄ ခုထားရှိပြီး၊ စစ်ရေးလှုပ်ရှားခဲ့တယ်။ ယခုအခါ KIA က တပ်မဟာ ၇ ခု အထိတိုးတက် ဖြန့်ကျက်ထားတယ်လို့ Anthony Davis က ဆိုတယ်။ ယခင်က တပ်မဟာတခုသာ ရှိခဲ့ တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ယခုအခါ KIA တပ်မဟာ ၃ ခုအထိ အင်အားတိုးထားကြောင်း ဖေါ်ပြတယ်။ KIA ဟာ ကချင် မျိုးနွယ်စု တပ်သားသစ်  စုဆောင်းမှုလည်း ပိုပြီးလုပ်လာတယ်လို့ဆိုတယ်။ KIA ဟာ ပြောက်ကျားစစ်နည်းဗျူဟာ (Guerrilla Tactics) ပြောင်းလဲ တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး၊ ရွေ့လျားတပ်မဟာ ၂ ခုကိုလည်း စံနမူနာအဖြစ် ဖြန့်ချထားကြောင်း ၎င်း ရဲ့လေ့လာဖေါ်ပြချက်က ဆိုတယ်။ အကယ်၍သာ KIA က ပြောက်ကျားစစ်နည်းဗျူဟာကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ မယ်ဆိုရင် မြန်မာတပ်မတော် အနေနဲ့ KIA ကို ချေမှုန်းဖို့မလွယ်ဘူးလို့ သုံးသပ်ထားတယ်။  အစိုးရ အဖို့လည်း စီးပွားရေးနဲ့ သံတမန်ရေး အကျပ်အတည်းအတွင်း ကျရောက်သွားနိုင်ကြောင်း အန်တိုနီဒေဗီးစ်က သုံးသပ်ထားတယ်။ ယေဘုယျအားဖြင့် ၎င်းရဲ့အမြင်အရ စစ်ရေး နိုင်ငံရေး စီးပွားရေးနဲ့ သံတမန်ရေးရာ အခြေအနေများအရ ရှုပ်ထွေးလှတဲ့ ကချင်စစ်ပွဲကို လွယ် လွယ်နဲ့အဆုံးသတ်မရနိုင်ဘူးလို့ သူကဆိုတယ်။ သူ့အမြင်အယူအဆသာ အကြမ်း မျဉ်း မှန်ကန်ခဲ့ရင် ကချင်စစ်ပွဲသက် ဆိုးရှည်မှာ ဖြစ်တယ်။ စစ်စရိတ်ကြောင့် အစိုးရဘတ်ဂျက် အခက်ကြုံပြီး စီးပွားရေးအကျပ်အတည်း ကြုံ တွေ့ရဖွယ် ရှိနေ တယ်။ တဆက်တည်း သံတမန်ရေးအရလည်း အခက်ကြုံစရာ ဖြစ်လာနိုင်တယ်လို့ Anthony Davis က သုံးသပ်ထားတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ကိစ္စဟာ ဖြစ်တန်ရာခြေ နည်းလွန်းတယ်လို့ ဆိုနေကြတာဖြစ် တယ်။

အစိုးရတပ်မတော်နဲ့ KIA တို့အကြား မကြာသေးမီ မေလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIO သတင်း/ပြန်ကြား တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KIA တပ်ရင်း ၄ နယ်မြေ၊ တပ်ရင်း ၂ဝ နှင့် တပ်ရင် ၆ နယ်မြေတွေ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ KIA တပ်ရင်း ၄ နှင့် တပ်ရင်း ၆ နယ်မြေဘက်သို့လည်း အစိုးရ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ကြောင်း သတင်းရရှိတယ်လို့ ဗိုလ်မှူးကြီး နော်ဘူကပြောကြောင်း  NMG သတင်းအရ သိရတယ်။ နောက်ပိုင်းမှာ  ရင်ဆိုင်တိုက်ပွဲဖြစ်ကြောင်း ကြားသိရထယ်လို့ သူက ဆိုတယ်။ ဒီ့အပြင် အစိုးရ တပ်မတော်ဘက်က KIA တပ်ရင်း ၆၊ တပ်ရင်း ၄၊ တပ်ရင်း ၂ဝ နှင့် တပ်ရင်း ၇ တို့နယ်မြေတွေ အတွင်း တပ်အင်အား ဖြည့်တင်းမှုများ ရှိနေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြောင်း NMG သတင်း က ဖေါ်ပြခဲ့တယ်။

အခြေအနေကို ယေဘုယျ ပြန်ကြည့်ရင် ၂ဝ၁၅ နဲ့၂ဝ၁၆ ခုနှစ်များအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မှာ KIA၊ TNLA၊ MNDAA၊ AA တပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့တယ်။ အဲဒီ တိုက်ပွဲ အတွေ့အကြုံတွေအရ မဟာမိတ်အင်အားစုတရပ် ဖွဲ့စည်းဖို့ လှုံ့ဆော်လိုက်သလို ဖြစ်သွားပြီး၊ FPNCC ဆိုတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ပြောဆိုမှုအချို့ ရှိခဲ့ပါတယ်။  FPNCC အဖွဲ့မှာ ‘ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်’(UWSA)၊ ‘အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်’ (NDAA)၊ ‘ကချင်လွတ်လပ်ရေး တပ်မတော်’ (KIA)၊ ‘ရှမ်းပြည် တိုးတက်ရေးပါတီ’ (SSPP)၊ ‘တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်’ (TNLA)၊ ‘ရက္ခိုင့် တပ်မတော်’ (AA)၊ ‘မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်’ (MNDAA) တို့ ပါဝင်ပါတယ်။ NCA အပစ်ရပ်စာချုပ်မှာ မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တစ်ဖွဲ့ချင်း မဆွေးနွေး ဘဲ  ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ FPNCC ကိုယ်စားပြုအဖွဲ့ အနေဖြင့်သာ ဆွေးနွေးရန် စသည့် မူဝါဒ ချမှတ်ထားတယ်လို့ ကြားသိရတယ်။ အချို့ သတင်းတွေအရ KIA ဟာ UNFC မှ တဆင့် NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနဲ့ ၁ နှစ်ကျော် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရရှိဘူးလို့ဆိုတယ်။ ဒါကြောင့် နည်းလမ်းပြောင်းပြီး FPNCC ဖြင့် ပူးပေါင်းသွား ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိတယ်။ SSPP/SSA အနေဖြင့် FPNCC အဖွဲ့ဝင်များနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် စစ်ရေးအာမခံချက် ပိုရှိတယ်လို့ယူဆပြီး UNFC အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ကာ FPNCC အဖွဲ့ဝင် အဖြစ် ပူးပေါင်းသွားခြင်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုမျိုးလည်း ရှိပါတယ်။

မကြာသေးမီက တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက မေလ ၁၈ ရက်မှာ  FPNCC မှ ခေါင်းဆောင် များအား တရုတ်နိုင်ငံ ကူမင်းမြို့သို့ ခေါ်ယူတွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ကြားရတယ်။ FPNCC တွင် ‘ဝ’ အဖွဲ့(UWSA)၊ ကချင်အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) နဲ့ ရခိုင် အဖွဲ့(AA) တို့ ပါဝင်ကြပါတယ်။ နှစ်နိုင်ငံ နယ်စပ်တည် ငြိမ်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက တိုက်တွန်းကြောင်း မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ရဲ့ “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ” (FPNCC) က သတင်း ထုတ်ပြန်ထားတယ်။

FPNCC အဖွဲ့ဝင် TNLA က နယ်စပ်မြို့ မူဆယ်ရှိ မြန်မာရဲကင်းနှင့် ပြည်သူ့စစ်များကို မေလ ၁၂ ရက်က  ဝင်ရောက် တိုက် ခိုက်ပြီး တစ်ပတ်အကြာမှာ တရုတ်အထူးကိုယ်စားလှယ်က နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။ မူဆယ်တိုက်ခိုက်ခံရမှုအတွင်း တရုတ်နိုင်ငံသား ၃ ဦး အပါအဝင် အရပ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၁ ဦး သေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရခဲ့တယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ ဒေသတည်ငြိမ်ရေး ပြဿနာတွေကို လက်နက်ကိုင် နည်းလမ်းနဲ့ မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တရုတ် အထူးကိုယ်စားလှယ်ရ့ တိုက် တွန်းအကြံပြုချက်အပေါ် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြောင်း မြောက်ပိုင်းလက်နက် ကိုင် ၇ ဖွဲ့က မေလ ၁၈ ရက် ညမှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်တယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာများ၊ နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စ စတာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ FPNCC အဖွဲ့ဝင်များ အနေနဲ့ အဆင်သင့်ရှိကြောင်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တယ်။ လာမယ့် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအကျော့ အစည်းအဝေးသို့ မြောက်ပိုင်း လက်နက် ကိုင်အဖွဲ့များကို ဖိတ်ကြားခဲ့ပါက တက်ရောက်စေလိုတယ်လို့တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တယ်လို့လည်း သိရတယ်။ မစ္စတာဆွန်ကော်ရှန်းက ယခင်ကလည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး တနိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း အရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်မှာ ပါဝင်ဖို့ တိုက်တွန်းထားဖူးတယ်လို့ဆိုတယ်။

မစ္စတာဆွန်ကော်ရှန်းဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း မကြာခဏတွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံဘက်က ကူညီပေးမယ့် ကိစ္စတွေကို ဆွေးနွေးပြောဆိုခဲ့ဖူးတယ်လို့ သိရတယ်။ မစ္စတာဆွန်ကော်ရှန်းအနေနဲ့ ၂ဝ၁၆ ခုနှစ် နှစ်ကုန် ပိုင်း ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြောက်ပိုင်းလက်နက်ကိုင် ၇ ဖွဲ့ ပူးပေါင်းပါဝင်လာစေရေး အတွက်  အလေးထား လုပ်ဆောင်ခဲ့ကြောင်း သတင်းတွေအရ ကြားသိနေရပါတယ်။  ဒါပေမယ့် လက်ရှိအချိန်အထိ ထူးခြားမှု မမြင်ရသေးဘူး။

FPNCC မှာ ပါဝင်တဲ့ UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့ဟာ NCA ကို လက်ခံ ဆွေးနွေးခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ FPNCC အဖွဲ့ဝင်များအနေနဲ့ NCA စာချုပ်လက်မှတ် မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တစ်ဖွဲ့ချင်း မဆွေးနွေးဘဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် စသဖြင့် မူဝါဒချမှတ် ထားတယ်လို့ ဆိုတယ်။ အစိုးရနဲ့ တပ်မတော်ကတော့ NCA လမ်းကြောင်းအတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ဆိုတယ်။  FPNCC ရဲ့ သဘောထားကို လက်မခံခြင်းကြောင့် FPNCC နဲ့ အစိုးရ၊ တပ်မတော်တို့ကြား ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံ ဆွေးနွေးရေးတံခါး ပိတ်ထားသလို ဖြစ်နေတယ်။ ဒီ အတောအတွင်း မြန်မာတပ်မတော်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကို ကာလ ကြာရှည်စွာ ရင်ဆိုင်နေရတဲ့ မဟာမိတ် KIO/KIA အဖွဲ့နဲ့အတူ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်များဖြစ်ကြတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA၊ တအာင်း ပလောင်အဖွဲ့ PSLF/ TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က ဆက်လက်ပြီး စစ်ရေး၊ နိုင်ငံရေးအရ အခိုင်အမာဝန်းရံ သွားမယ်လို့ မေလ ၈ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ကြောင်း ဗွီအိုအေ သတင်းက ဖေါ်ပြခဲ့တယ်။ အဲဒီနောက်မှာ မြောက်ပိုင်းစစ်ရေးမဟာမိတ်အဖွဲ့ဝင်တွေနဲ့ မြန်မာ့တပ်မတော်အကြား တိုက်ပွဲဆက်တိုက် ဖြစ်ပွားခဲ့တယ်။ အဲဒီလို တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ငြိမ်းချမ်းရေးအလားအလာကို ပိုမို အလှမ်းဝေးစေနိုင်တယ် လို့ ဗိုလ်မှူးကြီး နော်ဘူ က ဆိုတယ်။ ပိုဆိုးတာက ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကျော့ အစည်းအဝေး သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ခြင်း မရှိသေးတာပါပဲ။

ငြိမ်းချမ်းရေးကို အလှမ်းဝေးစေတဲ့ ကိစ္စတွေထဲမှာ ကေအိုင်အေနယ်မြေထဲက ကချင်စစ်ဘေးဒုက္ခသည်တွေကို စားနပ် ရိက္ခာ မကူညီဖို့နဲ့ ကူညီခဲ့ရင် မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ငြိစွန်းမှာဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ထံ စာပေးပို့ တားမြစ်ထားတဲ့ ကိစ္စလည်း ပါဝင်ပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲကို မသွားဖို့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က တားမြစ်စာပေးပို့လာတာ လို့  မြစ်ကြီးနားမြို့ KBC အဖွဲ့ချုပ်က ဒေါက်တာဆမ်ဆွန်က RFA သတင်းသို့ ပြောခဲ့ကြောင်း ကြားသိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက  ဒုက္ခသည် စခန်းမှာ မူလက စစ်ဘေးဒုက္ခသည် ၅,ဝဝဝ နီးပါးလောက် ရှိတယ်လို့ဆိုတယ်။ မေလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် နောက်ထပ်စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာခဲ့တယ်။ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ဝိုင်းမော် KBC အဖွဲ့က စားနပ်ရိက္ခာ ကူညီပေးနေတယ်။ အဲဒီစခန်းကို သွားရင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ငြိစွန်းမယ်လို့ ကချင်ပြည်နယ် နယ်လုံဝန်ကြီးက အကြောင်းကြားစာ ပေးပို့ခဲ့တယ်လို့ သိရတယ်။ အခုလို မိုးတွင်းကာလမှာ ဒုက္ခသည် ၅,ဝဝဝ ခန့်ရဲ့ နေထိုင်စားသောက်ရေး စိုးရိမ်ရကြောင်း သိရတယ်။ လူသားချင်းစာနာမှုအထောက်အကူကို တားမြစ် ပိတ်ပင်ခြင်းဟာ ကိုယ်ချင်းစာစိတ် ခေါင်းပါးလွန်းရာ မရောက်ပေဘူးလား။ ဒီအကျိုးဆက်ကြောင့် အချင်းချင်းအကြား အမုန်းပွားစရာဖြစ်လာမှာ ဖြစ်တယ်။ အဲဒီလို အမုန်းတရားတွေ ပြန့်နှံ့လာရင် အစိုးရရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ် ဟာ သဲထဲရေသွန် ဖြစ်မှာ သေချာတယ်။

ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြန်မာ့တပ်မတော်တို့အပြင်းအထန် တိုက်ခိုက်နေတဲ့ ဖြစ်စဉ်ဟာ  ဝမ်းနည်း ကြေကွဲဖွယ် ကောင်းလှတယ်။ မလိုလားအပ်ဘဲ စစ်ရှိန်မြှင့်တင်မှုကြောင့် အခု ၂ဝ၁၈ ခုနှစ် ဇွန်အထိ ၆ တာအတွင်း နှစ်ဘက် အကျအဆုံးဟာ ထောင်ဂဏန်းအထိပင် ရှိနိုင်တယ်။ နှစ်ဖက်စလုံးက ကျဆုံးတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေ ကတော့ ရင်ကွဲနာကျကြပေလိမ့်မယ်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေဟာ ၁၉၆၁ ခုနှစ်မှ စတင်ပြီး၊ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ကြတယ်။ နှစ်ပေါင်း ၃၃နှစ်မျှ ကြာမြင့်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်မှာ  အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရခဲ့တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးရယူပြီး ၁၇ နှစ် အကြာ ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်မှာ တရုတ်-မြန်မာနယ်စပ်အနီးရှိ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တဲ့ တာပိန်ရေအားလျှပ်စစ်စီမံကိန်း အနီးရှိ KIA တပ်များကို တပ်မတော်က တိုက်ခိုက် ရာမှ စစ်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်။ တကျော့ပြန်စစ်ဟာ အခု ဇွန်လမှာ ၇ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်တယ်။ ဒါပေမယ့် အပစ် အခတ်ရပ်ရေး သဘောတူညီမှုရဖို့တော့ အခုအချိန်အထိ  အရိပ်အရောင် မတွေ့ရသေး။  Anthony Davis ရဲ့ ဆောင်းပါး အမည်အတိုင်း တကယ်ပဲ “အဆုံးသတ်မရှိတဲ့ စစ်ပွဲ” ဖြစ်နေပြီလားလို့ သက်ဆိုင်သူတွေကို မေးခွန်းထုတ်ရပါ တော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts