(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂ဝ၁၈
လူတွေဟာ တနေ့တနေ့ စက္ကန့်နဲ့အမျှ မိနစ်နဲ့အမျှ သေဆုံးနေတာပါပဲ။ ရောဂါဘယဖြစ်လို့၊ သင်္ဘောမှောက်လို့၊ လေယာဉ် ပျက်လို့။ တောင်ပြိုလို့၊ ငလျင်လှုပ်လို့၊ တိုက်ပြိုလို့၊ အကြမ်းဖက်ခံရလို့ စတာ စတာတွေနဲ့ သေဆုံးနေတာပါပဲ။ ဒီလိုဆို လူ သားတဦးအဖြစ် ဝမ်းနည်းတယ်ဆိုပေမဲ့ ကိုယ့်သွေးသားမိတ်ဆွေ အရင်းအချာမဟုတ်လေတော့ ယူကျုံးမရ မပူဆွေးမိ တတ်ကြ၊ နှမျောတသ မဖြစ်မိတတ်ကြ။
ဒါပေမဲ့ Apple Inc. ပူးတွဲတည်ထောင်သူလည်းဖြစ် သွားလေရာကွန်ပျူတာပါသလို လူတွေအဆင်ပြေသွားစေတဲ့ အိုင်ဖုန်း တီထွင်သူလည်းဖြစ်တဲ့ Steve Jobs လို ပါရမီရှင်မျိုးကွယ်လွန်တော့ ဆွေမတော်မျိုးမစပ်၊ မသိမကျွမ်းဘဲ နှမျောမိ၊ ဝမ်းနည်း မိ၊ ကြေကွဲမိ၊ သူကတော့ ကုမရတဲ့ရောဂါနဲ့ကွယ်လွန်သွားတာ မတတ်နိုင်ပေမဲ့ ၂ဝ၁၈ ဖေဖော်ဝါရီ ၄ ရက်က လည်ပင်းမှာ ဓားဒဏ်ရာနဲ့သေဆုံးသွားရှာတဲ့ ပတ်ဝန်းကျင်ဝါဒီ Esmond Bradely Martin ကတော့ အဖိုးတန် လူသားတယောက် လော ကကောင်းကျိုးတွေ အများကြီးလုပ်နိုင်သေးရက် မသေသင့်ဘဲသေရတာမို့ သွေးမတော်သားမစပ် လူချင်း မသိမကျွမ်းဘူးဘဲ ဒီလိုလူသေတာ အထူးကြေကွဲ နှမျောမိတာအမှန်။
Esmond Bradely Martin ဟာ ဆင်စွယ်နဲ့ ကြံ့ချိုရောင်းဝယ်ကုန်သွယ်နေတာတွေကို ဆယ်စုနှစ်တွေချီပြီး စုံစမ်းဖော်ထုတ် နေတဲ့ ကင်ညာနိုင်ငံအခြေစိုက် အမေရိကန်ပတ်ဝန်းကျင်ဝါဒီ။
သူဟာ မကြာခင်ကမှ မြန်မာနိုင်ငံကို သုတေသနခရီးသွားခဲ့ပြီး သူတွေ့လာတွေရေးသားနေတာတဲ့။
သေတော့ နိုင်ရိုဘီမြို့က သူ့နေအိမ်မှာ၊ ဘယ်သူ့လက်ချက်တော့မသိ၊ ဓားဒဏ်ရာက လည်ပင်းမှာ၊ အိပ်ရာပေါ်မှာသေဆုံး နေတာကို သူ့မိန်းမကအရင်တွေ့တာတဲ့။ ရဲက ဒီလူသတ်မှုကိုစုံစမ်းနေပြီး ဖောက်ထွင်းမှုလို့ သံသယဖြစ်တယ်ဆိုပဲ။ အ သက် ၇၅ နှစ်ရွယ် Bradely Martin ဘာအကြောင်းကြောင့် အသတ်ခံရခံရ သူအသတ်ခံရတဲ့သတင်းက နိုင်ငံတကာ ပတ် ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ တုန်လှုပ်ချောက်ခြားသွားတာက အမှန်။ (သူဟာ လူလူချင်း ကျွန်ပြုခံရတဲ့ကိစ္စတွေဘက် အာရုံတိမ်းညွှတ်နေတုန်း ဗမာပြည်သွားခဲ့တာလို့လည်း သတင်းတပုဒ်က ဆိုပါတယ်။ သူဘာတွေတွေ့လို့ ဘာတွေ ရေးနေ သလဲတော့ သတင်းတွေမှာ မတွေ့ရပါဘူး။)
သူဟာ အန္တရာယ်ရှိမှန်းသိသိ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေကို ဆင်စွယ်တို့ကြံ့ချိုတို့ ဝယ်တဲ့လူ အယောင်ဆောင်သွားတတ်တဲ့လူ၊ ဝတ်တာစားတာကလည်း တောက်တောက်ပြောင်ပြောင် သပ်သပ်ယပ်ယပ် အကျအန၊ အပေါ်ကုတ်အကျီ င်္အိတ်ထဲ ရောင်စုံ လက်ကိုင်ပုဝါထိုး၊ ဒီရှိုး ဒီပုံနဲ့ ဆင်စွယ်ကြံချို ကုန်သည်တွေ၊ အရောင်းအဝယ်လုပ်သူတွေဆီသွား။ သူတိှု့ဆီက တန်ဖိုးရှိလှတဲ့ သတင်းအချက် အလက်တွေစုဆောင်း၊ မှောင်ခိုဈေးနဲ့ မှောင်ခိုလုပ်ငန်းအကြောင်း အသေးစိတ် အတိအကျသိ၊ ဒါတွေကို စာတစောင်ပေတဖွဲ့ရေး။
သူကြိုးပမ်းလို့ပဲ၊ သူဖွင့်ချတဲ့ သားရိုင်းတိရစ္ဆာန်မှောင်ခိုလုပ်ငန်းကြောင့်ပဲ တရုတ်နိုင်ငံဟာ ကြံ့ချိုအရောင်းအဝယ်လုပ်တာတွေ ၁၉၉ဝ ပြည့်နှစ်မှာပိတ်လိုက်ပြီး နောက်ပိုင်းမှာ ပြည်တွင်းမှာ ဆင်စွယ်အရောင်းအဝယ်လုပ်တာတွေပါပိတ်ပင်။ ဒါပေမဲ့ မှောင် ခိုဆိုပါမှ အမြစ်ပြတ်နိုင်ဖို့ ခဲယဉ်းသား။ တနေရာမှာ လုပ်ရကိုင်ရခက်ရင် နောက်တနေရာရွှေ့။ ခုဆို လာအိုဟာ ဆင်စွယ်အ ရောင်းအဝယ် အမြန်ထွန်ကားလာတဲ့နိုင်ငံ ဖြစ်လို့လာပေါ့။
ဦးပုညရဲ့ ဆန္ဒန်ဆင်မင်းဝတ္တုက အစွယ်လိုသူမိဖုရားကြောင့် သောနုတ္တိုရ်မုဆိုးလို ဆင်စွယ်လိုလို့ ဆင်သတ်သူတွေကြောင့် အာဖရိကဆင်တွေ အသတ်ခံနေရတာမို့ Esmond Martin ဟာ အာဖရိကဆင်တွေမျိုးပျောက်တော့မယ့်ကိစ္စ စုံစမ်းဖော် ထုတ်တာပါပဲ။ တချိန်တည်း ကြံ့ချိုလိုလို့ ကြံ့တွေ အသတ်ခံနေရတာတွေကို စုံစမ်း၊ လောဘသားတွေစနက်နဲ့ မျိုးပျောက်မှာ စိုးကြောက်ရတဲ့ ဆင်နဲ့ကြံ့ကို သူ့နည်းသူ့ဟန်နဲ့ ကာကွယ်တာပါပဲ။
WWF- ကမ္ဘာ့သားရိုင်းတိရိစ္ဆာန်ရံပုံငွေအဖွဲ့ကတော့ ဗမာ့ဆင်တွေ ခိုးသတ်ခံနေရတာကို ကာကွယ်ဖို့စိုင်းပြင်းနေပါတယ်။ အာရှမှာ ဆင်ကောင်ရေ ငါးသောင်းလောက်တောင်မကျန်တော့ဘဲ ဗမာပြည်မှာ ဆင်ကောင်ရေ နှစ်ထောင်တောင်မရှိချင်တော့ ဘူးတဲ့။
အစဉ်အလာအားဖြင့် မြန်မာနိုင်ငံက ဆင်ထီး (၁) ရာခိုင်နှုန်းလောက်ပဲ ဆင်စွယ်ရှိလို့ ဆင်စွယ်အတွက်သက်သက် ဆင်ခိုး သတ် တာနည်းပေမဲ့ ခုတော့ အသတ်ခံနေရတယ်တဲ့။ ဆင်စွယ်မရှိလည်း ဆင်သားရေ၊ ဆင်ရိုး၊ ဆင်အံ၊ ဆင်မြီးလိုချင်လို့ ဆင်တွေ အထီး-အမ မရွေး အသတ်ခံနေရတာ။ ၂ဝ၁၃ ကစလို့ ဆင်ကောင်ရေ ၁၁ဝ လောက် အသတ်ခံရပြီ။ ဒါကြောင့် ဆင်ခိုးသတ်တဲ့လူတွေကိုဖမ်းမယ့် အဖွဲ့ ၁ဝ ဖွဲ့အတွက် WWF က ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်လှူပြီး သင်တန်း လည်းပေး၊ ပစ္စည်းကိရိယာတွေလည်းပေး၊ ဝတ်စုံတွေလည်းပေးတာ၊ ပဲခူးရိုးမနဲ့ ဧရာဝတီတိုင်းမှာ ဖြန့်ချ၊ အာဖရိကတိုက်က ဆင်တိုင်း ဆင်စွယ်ပေါက်ကြပေမဲ့ အာရှဆင်ထီးတချို့ပဲ ဆင်စွယ်ရှိတာတဲ့။ ဗမာတွေက အစွယ်ပါတဲ့ဆင်ကို ခေါ်ဝေါ်တာက စွယ်စုံဆင်။
စွယ်စုံဆင်မဟုတ်လည်း ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် မြန်မာ့ဆင်တွေ ထိုင်းနိုင်ငံ ခိုးထုတ်ခံရတာက တမျိုး၊ ခုလို အသတ်ခံရတာက တမျိုး။
Esmond ဟာ WWF; TRAFFIC သားရိုင်းတိရိစ္ဆာန်မှောင်ခိုကူးမှုစောင့်ကြည့်ရေးအဖွဲ့ Save the Elephants ဆင်များ ကယ်တင်ရေးအဖွဲ့ အပါအဝင် ဆင်နဲ့ ကြံ့ခိုးသတ်တာတွေတိုက်ဖျက်ဖို့ ဆယ်စုနှစ်တွေချီလုပ်လာတာ။ နယူးယောက်မြို့ဖွား ပေမဲ့ ဗြိတိန် Liverpool မှာ ပထဝီဝင်ဘာသာရပ် ပါရဂူဘွဲ့သင်တန်းတက်၊ ကင်ညာကိုရောက်သွားတော့ အဲဒီမှာ ဆင်တွေ အသတ်ခံတဲ့ဇာတ်လမ်းက စနေပြီ။ ဒါနဲ့အာဖရိကဆင်စွယ်တွေ ဘယ်လိုပုံနဲ့ဘယ်ကို ဘယ်ဈေးနဲ့ခိုးထုတ်သလဲဆိုတာ အ တွင်းကျကျလေ့လာဖို့ ဖြစ်လာတာပါပဲ။
၁၉၇ဝ ပြည့်လွန်နှစ်ပိုင်းမှာပဲ သူရိုက်ကူးတဲ့ သားရိုင်းတိရစ္ဆာန်မှောင်ခို မှတ်တမ်းရုပ်ရှင်ဟာ သားရိုင်းမှောင်ခိုအကြောင်း ရိုက် ကူးတဲ့ ပထမဆုံးမှတ်တမ်းရုပ်ရှင်တွေထဲက တကားပါပဲ။ အကောက်ခွန်ဌာနတာဝန်ရှိသူတွေ၊ ခပ်ညစ်ညစ်နိုင်ငံရေးသမားတွေ၊ အမြီးကျက် အမြီးစားခေါင်းကျက်ခေါင်းစား အရောင်းအဝယ်သမားတွေ၊ ကြားခံလူတွေနဲ့ ရစ်ပတ်လိမ်ဖွဲ့နေတဲ့ သားရိုင်းမှောင် ခိုလုပ်ငန်း စုံစမ်းရင် ဘယ်သူမှ ဘေးမကင်းတာမို့ သူလို စွန့်စားသူက ရှားမှာလည်း တကယ်ရှား။
မှောင်ခိုဈေးနဲ့ ဝယ်လက်ကို စုံးစမ်းဖော်ထုတ်နိုင်တဲ့အတွက် တရုတ်နိုင်ငံဟာ ကြံ့ချိုအရောင်းအဝယ်လုပ်တာတွေ ၁၉၉ဝ ပြည့်လွန်က ပိတ်ပင်တားမြစ်လိုက်ပြီး ပြည်တွင်းဆင်စွယ်အရောင်းအဝယ်ကို ၂ဝ၁၈ ဇန်နဝါရီမှာ ပိတ်ပင်လိုက်တာဟာ သူ့ကြိုးပမ်းချက်ရလဒ်လို့ သတင်းတွေကဖော်ပြပါတယ်။
၂ဝ၂၇ တုန်းကလုပ်တဲ့မေးမြန်းခန်းမှာ ဆင်စွယ်တွေဘယ်ရောက်သွားလဲမေးရင် အရုပ်တွေ ပန်းပုတွေထုဆစ်ဖို့ တရုတ်နိုင်ငံ ရောက်သွားတာပဲလို့ အများကပြောမယ်။ တကယ်တော့ ၄ဝ ရာခိုင်နှုန်းဟာ ဂျပန်ကိုရောက်သွားတာလို့ သူကပြောပါတယ်။ ၂ဝ ရာခိုင်နှုန်းလောက်က ဥရောပရောက်ပြီး ၁ဝ က ၁၅ ရာခိုင်နှုန်းက အမေရိကန်ရောက်ကုန်တာမို့ တိရိစ္ဆာန်တွေကို ကယ် ချင်တယ်ဆိုရင် ဈေးကွက်ရှိတဲ့နေရာသိရမှာဖြစ်ပြီး တိုက်ဖျက်တဲ့။
ဒါကြောင့်လည်း ဆင်တွေ၊ ကြံ့တွေအသတ်ခံရတဲ့ သတင်းရဖို့ဆိုရင် သူဟာ အဝေးလံဆုံး နေရာတွေထိ ခရီးဆန့်နိုင်သူလည်း ဖြစ်ပြန်ပါတယ်။
သူ့အိမ်ဟာ ရိုရိုဘီမြို့ ဆင်ခြေဖုံးမှာရှိပြီး လုံခြုံရေးအတားအဆီးတွေနဲ့ လမ်းမကြီးတွေမှာ လုံခြုံရေးအစောင့်တွေရှိပေမဲ့ တချို့က ခြံကြီးဝင်းကြီးတွေနဲ့နေကြတာမို့ ဆင်တွေ ကြံ့တွေကို ကယ်တင်ချင်သူဟာ သူ့အသက်သူ မကယ်တင်နိုင်ဘဲ လောကအကျိုးသယ်ပိုးရင်း အသက်စတေးလိုက်ရရှာတာ ရင်နာစရာ။
photo credit : Save the Elephants