ကမ်လူဝေး ● သစ်ခုတ်သမားလူငယ်များ
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၇
(၁)
၁၉၈၈ ခုနှစ်မှာ ငါက အသက်၁၉ နှစ်
အသက်၁၉ နှစ်ဆိုတော့ လူငယ်လေးပေါ့။
(၂)
နေ့တွေက တရက်တရက်ကုန်သွားသလို
အသက်တွေက တရက်တရက်ကြီးလာခဲ့ကြ။
ငါတို့ဟာ ခေတ်ရဲ့ ပေးထားချက်အတိုင်း အသက်ရှင်ခဲ့ရ
သမဝါယမဆိုင်က ခွဲတမ်းရတဲ့ပစ္စည်းတွေ
အမေနဲ့အတူထုတ်ရောင်း ဟင်းကောင်းစားရတဲ့နေ့တွေ
အဖေက ရောင်းရင်ရှုံးတဲ့ ပရုပ်အေး ဒူးယားစီးကရက်ကိုဖွာလို့
သားရေ စာကောင်းကောင်းဖတ်ကွ
ပညာတတ်မှဖြစ်မယ်လို့ဆုံးမတယ်
ပညာတွေတကယ်တတ်ခဲ့သလား
ကျူရှင်ကို နှိမ်နင်းတဲ့ခေတ်မှာ
ကျူရှင်တွေတက်ရင်း တက္ကသိုလ်ရောက်ခဲ့ရ
ငါတို့ဘေးမှာတော့
နံပတ်ဖိုးတွေ ကော်မီသာဇင်တွေဝိုင်းလို့
ဖန်စီဒီုင်းလည်းပါသပေါ့။
(၃)
တရက်မှာပေါ့
အဖေနဲ့ငါနဲ့
ပိုက်ဆံထုတ် ကလေးပိုက်ပြီး
ကြွေးရှင်ဆီ ကြွေးဆပ်ဖို့အသွား
ထိပ်လန့်စရာကောင်းတဲ့ ကြေညာချက်
ရေဒီယိုက ထွက်လာတယ်
တရားဝင်ထုတ်ထားတဲ့ ငွေစက္ကူတွေဟာ
တရားမဝင်တော့ဘူးလို့ အာဏာသုံးပြီးပယ်ဖျက်ခံခဲ့ရ
ငါတို့က မွဲနေရာက တေသွားတယ်
ဆင်းရဲတွင်းမှာ ကြွေးလည်ပင်းရောက်တဲ့ဘဝက တက်မရနိုင်ဖြစ်ခဲ့
မတရားမှုကို နိုင်သလောက်ဆန့်ကျင်ဖို့
ငါသိနားလည် ဆုံးဖြတ်ခဲ့။
(၄)
ငါတို့ဟာ ခေတ်က ပေးထားချက်အတိုင်း
တော်လှန်ရေးဆိုတာကိုကြုံရတယ်
လူထုအုံကြွမှုဆိုတာတွေ့ရတယ်
ဆန္ဒပြပွဲတွေ ပါရတယ်
ပစ်ခတ်မှုတွေ သွေးသံရဲရဲတွေ
လုယက်မှု မလုံခြုံမှုတွေ ရင်ဆိုင်ရတယ်။
ပိတ်ထားတဲ့ ကျောင်းတွေ
ပညာသင်ကြားမှုနဲ့ မဆိုင်တော့ဘူးထင်ရတဲ့ ကျောင်းသားတွေ
ပြိုပျက် ဖျက်စီးခံရတဲ့ အနာဂတ်တွေ
ဆောက်တည်ရာမရ ဘဝအခြေအနေတွေ
ရင်ဆိုင် ဖြတ်သန်းခဲ့ရ။
(၅)
ခင်ဗျားတို့ နားလည်နိုင်ပါ့မလား
သေနတ်နဲ့ အပစ်ခံရမည့် လူအုပ်ကြီးထဲ
မိုက်မိုက်မဲမဲ ပါဝင်ရဲခဲ့တဲ့စိတ်ကို
ကံဆိုးရင်တော့ ကျည်ဆံဟာ
ရင်ဝမှာ မှန်နိုင်တယ်ဆိုတဲ့ အတွေးနဲ့
ငါတို့က လူငယ်လေးတွေ
ရှေ့က တက်ခဲ့ပါတယ်။
(၆)
ပေးထားချက်အမှားတွေနဲ့ ပုစ္ဆာဟာ
ဖြေရှင်းတွက်ချက်ရာမှာ
အမှန်တရားဆီ မရောက်နိုင်မှန်း
ငါတို့ မစဉ်းစားမိခဲ့။
ငါတို့ဟာ မအောင်မြင်တဲ့ တော်လှန်ရေးအတွက်
အသက်ပေးခဲ့မိကြ
ငါက ကံကောင်းလို့ ဘာမှမဖြစ်ခဲ့
ငါ့မြို့က သူငယ်ချင်း ကျော်ဇေယျ
စာဆက်မသင်ခဲ့ရ ထောင်ကျ
တောထဲမှာခိုနား
အခုတော့ အမေရိကမှာ ဆူရှီလိပ်စားနေရ
ငါ့တို့ ကျောင်းက အကို လျောမွေး
ရန်ကုန်မြို့ လမ်းမပေါ်မှာ အသက်ပေးခဲ့ရ
ငါတို့ဘာတွေရ ရှိခဲ့ ပါသလဲ
လုပ်သင့်လို့ လုပ်ခဲ့ကြတဲ့ သမိုင်းပေးတာဝန်ကို
ပုခုံးနဲ့ထမ်းခဲ့ကြတဲ့ မျိုးဆက်တခုဖြစ်ခဲ့
နာကျင်မှုတွေ အသက်တွေ
ဘဝတွေ အရည်အသွေးတွေ
အချိန်တွေ ရှိတာတွေအားလုံးပေးခဲ့ကြရ။
(၇)
ငါ့တို့ရဲ့အဆုံးအရှုံးတွေဟာ
ငါတို့ကိုယ်တိုင်ကြောင့်ပါပဲ
ငါတို့မှာ ဖြူစင်မှုနဲ့
မတရားမှုကို ဆန့်ကျင်စိတ်ကလွဲလို့
ငါတို့ရဲ့ သိမှုက နည်းခဲ့
ငါတို့ရဲ့သိမှုဟာ လွဲခဲ့
နောက်ဆုံးတော့ စိတ်ခံစားချက်နောက်ကိုလိုက်
လွယ်လွယ်အလိမ်ခံထိတဲ့
လူအုပ်ကြီးဖြစ်ခဲ့။
(၈)
ထောင်ထဲမှာ ဦးနှောက်ကို
ဆေးကြောလျှော်ဖွတ်ခံပြီး ပြန်ထွက်လာတဲ့
ငါ့ရဲ့ သူငယ်ချင်း
သူ့ရဲ့ကြောက်လန့်တုန်လှုပ်မှုက
ငါ့ကို နာကျင်တုန်လှုပ်စေခဲ့။
(၉)
ထောက်လှမ်းရေးက
မင်းနောက်ကိုလိုက်နေတာ ၂ ရက်ရှိပြီ ညီလေးတဲ့
ရပ်ကွက်လူကြီးက သတိပေးတယ်
သိပ်မကြာပါဘူး
တက္ကသိုလ်ဆက်တက်ဖို့ အရေး
နိုင်ငံရေးနဲ့ ဝေးဝေးနေပါ့မယ်လို့
ခံဝန်ကတိရေး လက်မှတ်ထိုးပေးခဲ့ရ။
(၁၀)
ထူးအိမ်သင်ရဲ့ သီချင်း
အရေးကြီးပြီညီနောင်အပေါင်းတို့ ဆိုမိလို့
ထောင်ကျခဲ့တဲ့ သူငယ်ချင်း
အခုမင်းဘယ်ရောက်နေသလဲ
ငါသတိရမိပါရဲ့။
ကမ္ဘာမကြေဘူး သီချင်းဆိုလို့
ထောင်ထွက်ဖြစ်ခဲ့တဲ့ သူငယ်ချင်း
ထောင်ကိုချစ်လို့များ
ထောင်နားက မခွာ
ထောင်ဆရာဝန်လုပ်နေလေရဲ့။
(၁၁)
ပြည်တော်ပြန်ဝင်လာတဲ့
ငါ့ရဲ့ အကိုကြီးက ပြောရဲ့
လက်နက်ကိုင်တော်လှန်ရေးရဲ့ အရှုံးဟာ
ပြည်သူတွေကို နစ်နာစေခဲ့ သတဲ့
အရှုံးတွေအားလုံးဟာ
နစ်နာစရာတွေပါပဲ
ဘယ်တုန်းကများ အကောင်းဖြစ်ခဲ့နိုင်မှာလဲလို့
ငါ နာနာ ကျင်ကျင် ပြန်ပြောဖြစ်ခဲ့။
(၁၂)
ငါတို့က သစ်ခုတ်သမားတွေတဲ့
တချို့က သစ်ခုတ်ရင်း သစ်ပင်ပိလို့သေတယ်
တချို့က တောတောင်ထဲ သစ်ခုတ်ရင်း
ငှက်ဖျား မိလို့သေတယ်
မသေလို့ ကျန်ခဲ့သူတွေက
ဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီ။
(၁၃)
ဒဏ်ရာတွေကိုမေ့ထားတာ
မေ့သွားတာမဟုတ်ဘူးလို့ တချို့ကပြောပေမဲ့
ကိုယ်ကျိုးစီးပွားအတွက် မေ့ထား
ကိုယ်ကျိုးစီးပွားအတွက် မေ့သွား
လူတွေဟာ အတ္တသမားလို့
ငါ့သူငယ်ချင်း ပြောရဲ့။
(၁၄)
အပြောင်းအလဲအကြောင်းပြောတော့
ပြောင်းဖို့က အားရှိမှ
အားရှိဖို့ စာတွေဖတ်
ပညာတွေအများကြီးတတ်ဖို့ကြိုးစားခဲ့။
တဘွဲ့ပြီးတော့တဘွဲ့တက်
အထူးကုဆရာဝန် ကိုယ်စီဖြစ်ခဲ့
စနစ်ကိုပြင်ဖို့ဝေး
ကိုယ်အပြင်မခံရဖို့ထွက်ပြေး။
ငါ့သူငယ်ချင်းသီဟရေ
စင်ကာပူမှာ
သမားတော်ဘဝ ပျော်ပါရဲ့လား
ငါလည်း မင်းလို
ဝန်ထမ်းဘဝကနှုတ်ထွက်
လူနာတွေ ဆေးကုစားရင်း
ပျော်အောင်ကြိုးစား အပြင်မခံရအောင်
ခံစစ်လုံအောင်ကစားနေရပါတယ်။
ပြင်ချင်လို့ဝင်ပေမဲ့
ဝင်တဲ့သူသာအပြင်ခံလိုက်ရတဲ့ဇာတ်လမ်း
အဆန်းတကြယ်မဟုတ်မှန်း
ဖြတ်သန်းမှုက သိခဲ့ရ။
(၁၅)
ပြန်ရခဲ့တာက
မအောင်မြင်တဲ့ တော်လှန်ရေး
မပြီးသေးတဲ့ တော်လှန်ရေး
သစ္စာဖောက်များ
တော်လှန်ရေးရဲ့သစ္စာဖောက်များ
တနေ့တခြား များလာတဲ့ တကိုယ်စာသမားများ
အရိုးတောင်လိုပုံအောင် အသေခံ ထမ်းတင်ခဲ့တဲ့ ပြည်သူများ
ငတ်နေတဲ့ပြည်သူကိုကျောခိုင်း
အကျိုးတူ စီးပွားထဲ ဘဝမေ့ ခေါင်းဆောင်များ
လူလိမ်နောက်လိုက် ခပ်ပိန်းပိန်း လူအုပ်ကြီးများ။
(၁၆)
တော်လှန်ရေးက သူရဲကောင်းတွေမွေးဖွား
မအောင်မြင်တဲ့ တော်လှန်ရေးက
သစ္စာဖောက်တွေကို ပွားများ
ငါတို့ မျိုးဆက်မှာ
သူရဲကောင်းတွေများတယ်
သစ္စာဖောက်တွေများတယ်။
(၁၇)
ဘုရားသခင်ပေးတဲ့လက်ဆောင် ကလေးငယ်တွေအတွက်
ကောင်းမွန်တဲ့လူ့ဘောင် ထူထောင်မပေးနိုင်
ပေးဆပ်ခဲ့ သလောက် ပြန်မရခဲ့
ဝမ်းနည်းစရာ မျိုးဆက်အဖြစ်နဲ့
ငါတို့ဟာ လက်ရုန်းကိုဆန့်တန်း
ခေတ်ကြီးကို တာဝန်ကြေအောင်ထမ်းခဲ့
သစ်ခုတ်သမားလူငယ်များဖြစ်ရဲ့။ ။
ကမ်လူဝေး