(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၇
ဝေဖန်ရေးဆိုတာ ကဏ္ဍအားလုံးမှာ လိုအပ်တယ်လို့အများက လက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ ဝေဖန်ရေးမှာ သင့်/မ သင့် ဆိုတဲ့ နှိုင်းယှဉ်တွေးဆချက်တွေ ပါပြီးအမှန်ကို ရှေးရှုတယ်၊ဒါကြောင့် တိုးတက်စေတယ်လို့ (ယေဘုယျအားဖြင့်ပေါ့လေ)လက်ခံထားလို့ပါ။
ဒါပေမဲ့ ကျနော်တို့တတွေ တကယ်ရော ဝေဖန်တတ်ရဲ့လား၊ အဝေဖန်ခံနိုင်ရဲ့လားဆိုတာလေး အတွေးဆန့်ကြည့်မိပါတယ်။
ကျနော့်အမြင် ဝေဖန်ရေးဆိုတာမှာလည်း နယ်ပယ်မတူရင်ပုံစံမတူဘူးလို့ ထင်ပါတယ်။
ဥပမာ အနုပညာဝေဖန်ရေး၊ အတွေးအခေါ်အယူအဆကို ဝေဖန်ရေး၊ ပညာရပ်တခုခုကို ဝေဖန်ရေး မတူဘူးလို့ ထင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဝေဖန်ရေးဆိုတာနဲ့ ပေတံတခုကတော့ လိုလာပါပြီ။ အဲ့ဒီ့ပေတံနဲ့တိုင်းရမှာကိုး။
ကျန်တဲ့နယ်တွေထား၊ ရူပဗဒပေညာရပ်နယ်ပယ်အတွက်ကတော့ ပေတံက အရမ်းရိုးရှင်းပါတယ်။ မှား/မှန်ပေတံပါပဲ။ ဒါ တောင် သိပံ္ပမှာ အမြဲမှန်တယ်လို့ မရှိပါဘူး။ အလွန်ဆုံး လက်ရှိ ရူပဥပဒေတွေနဲ့ ကိုက်သလားဆိုတာလောက်ပဲ ရပါမယ်။ အဲဒါကို အမှန်လို့ (ယေဘုယျ) ပြောရပါ့မယ်။ ရူပယုတ္တိရှိတယ်ပေါ့။
ပေတံတော့ ရပြီ၊ ဒါပေမဲ့ ဘယ်လိုဝေဖန်မလဲ။
အဲ့ဒီမှာ ပုံစံသုံးမျိုးရှိမယ်လို့ ထင်ပါတယ်။
နံပါတ်တစ်က နဂိုကတည်းက အပိုဆာဒါးတွေ သိပ်မပြောချင်တဲ့ ပညာရှင်ကြီးတွေရဲ့ ဝေဖန်နည်းပါ။ ပညာရှင်ပီပီ ပညာကိုပဲ ကြည့်ပါတယ်၊ ဘယ်သူဘယ်ဝါရေးသလဲဆိုတာ သူတို့အတွက် အရေးမကြီး။ အမှားတွေ့လို့ကတော့ ဟဲ့ကောင် … ဒီအ ချက်တွေ ဒီအချက်တွေကြောင့် ဒါတွေ ဒါတွေ မှားနေတယ်၊ ခပ်တိုတို ခပ်ပြတ်ပြတ်ပဲ။ တဖက်သူ ဘာလဲ ဘယ်လဲ သူ စိတ်မဝင်စားဘူး။ လမ်းသွားရင်း အမှိုက်တွေ့လို့ ကောက်ယူပစ်လိုက်တဲ့သဘောလောက်ပဲ။ ပြီးရင် သူ့လမ်းကို သူ့ဆက် သွား .. အဲလို။ (ဥပမာ ဆရာကြီးဒေါက်တာသန်းထွန်း)
နံပါတ်နှစ်ကပညာရပ်အပေါ် တန်ဖိုးထားလို့ပညာအပေါ် ပေါက်ကရလုပ်ရင် (အမှားပြောရင်) သည်းမခံနိုင်တဲ့ ပညာရှင် တွေရဲ့ ဝေဖန်နည်းပါ။ သူတို့ကတော့ နင် ဒါလောက်မှ မသိရလားဆိုတဲ့ဒေါသလေး နည်းနည်းပါပါတယ်။ ဒါပေမဲ့ မှားတဲ့အ ကြောင်းကို ခိုင်ခိုင်လုံလုံ ဝေဝေဆာဆာ ပြန်ထောက်ပြပါတယ်။ (ဥပမာ ဆရာဇော်ဇော်အောင့်အပေါ် ဆရာမြင့်သန်းရဲ့ ဝေဖန်ချက်မျိုး)
နံပါတ်သုံးကတော့ စိတ်ရှည်နူးညံ့တဲ့ ဆရာကြီးတွေပေါ့။ မှားတဲ့အကြောင်းကို ခိုင်ခိုင်လုံလုံ ဒါပေမဲ့ နူးနူးညံ့ညံ့ထောက်ပြတဲ့ သူမျိုးတွေပေါ့။
အဲ့ဒီ သုံးမျိုးစလုံးမှာတူတဲ့အချက်ကတော့အမှားကို အမှန်ပြင်မယ်ဆိုတဲ့ စိတ်စေတနာပါပဲ။ အဲဒီ့စေတနာဟာ ဝေဖန်ရေးရဲ့ အသက်ပါပဲ။
အဲ့ဒီ့စေတနာမပါရင် ဝေဖန်ရေး မမည်ပါဘူး။ ဝေဖန်ရေးလို့ နာမည်မတပ်သင့်ပါဘူး။ ကျနော်ကတော့ အဲလိုပဲ ယုံပါတယ်။
အဲလိုတွေးမိတော့ ဝေဖန်ရေးမဟုတ်တဲ့ ဝေဖန်ရေးလေးတွေအကြောင်း စဉ်းစားမိသွားတယ်။
တစ်မျိုးကသူတပါးမှားသွားရင် ပျော်သွားပြီး အဲ့ဒီအမှားကို ချနင်းလို့ လှောင်ပြောင်တာပါ (ဟ မင့် ဘယ်လိုခွဲတုန်းဆို ဖတ် ကြည့်ရင် အသိသာကြီးလို့ပဲ ပြောရမှာပါ)။
နောက်တမျိုးကနည်းနည်းအန္တရယ်များပါတယ်။ သူက ဝေဖန်တာတော့ ဝေဖန်တယ်၊ ဒါပေမဲ့ တခုလုံးကို ခြုံငုံပြီး မှားခြင်း/မှန်ခြင်းကို ထောက်တာမဟုတ်ဘဲ တလုံးစတကြောင်းစ မှားတာ၊ ဒါမှမဟုတ် တချက်နှစ်ချက်လောက်ကိုပဲ ကိုယ်လိုချင်သလောက် ဆွဲယူပြီး ထောက်တာ။ (ဥပမာ ပန်းအလင်္ကာမှာပါတဲ့ မောင်သွေးချွန်ရဲ့ ဝေဖန်ရေးဆောင်းပါးတွေ …)
အဲ့ဒီနှစ်မျိုးလုံးရဲ့စိတ်ထဲမှာ အမှန်ပြင်မယ်ဆိုတဲ့ စေတနာထက် ကဲ့ရဲ့လိုတဲ့စေတနာ၊ နှိမ့်ချလိုတဲ့စေတနာတွေက ကဲနေပါ တယ်။ ဒါမှမဟုတ် တခြားရည်ရွယ်ချက်ချက်တမျိုးမျိုး ကိန်းအောင်းနေပါတယ်။
ကျနော့်တို့လိုနိုင်ငံမှာ ဝေဖန်ရေးတွေ အမှန်လိုအပ်ပါတယ်။ နံပါတ်သုံးအမျိုးအစားကို မရရင်တောင် တစ်နဲ့နှစ်ပေါ့ဗျာ .. ။
ဒါပေမဲ့ ကျနော်တို့တွေ ဘယ်လိုတွေဝေဖန်နေကြပါသလဲ။
နောက် …အဝေဖန်ခံရတဲ့သူတွေ၊ နောက် သူ့အပေါင်းအပါတွေကရော …ဘယ်လိုသဘောထားကြပါသလဲ။
ကိုယ်တွေ့လေးနဲ့ပဲ ယှဉ်ပြောပါ့မယ်။
ကျနော့်စာအုပ်မှာ အကျအပေါက်အမှားအယွင်းတွေ ရှိပါတယ်။ တော်တော်များများလည်း သိပါလိမ့်မယ်။ အဲ့မှာ ကျနော့်ရဲ့ အမှားလေးတွေ ထောက်ပြရင် ကျနော် ကျေးဇူးတင်ပါတယ်။ တကယ်ကျေးဇူးတင်တာပါ။ လောလောဆယ်ကို တလောက ဆရာ တယောက်ကဖုန်းဆက်ပြီး လျှပ်စစ်သံလိုက်အခန်းကအမှားလေးတကြောင်းကို ဆရာ ဒီလိုမဟုတ်ဘူးလားလို့ထောက် ပြပါတယ်။ ဆရာရယ် ကျေးဇူးတင်လိုက်တာ၊ နောက်တခါရိုက်ရင် ပြင်ပါ့မယ်လို့ ကျနော်လှိုက်လှိုက်လှဲလှဲ ပြောမိပါတယ်။
နောက် ဆရာတယောက်က မေးခွန်းဟောင်းစာအုပ် မော်ဒန်အခန်း (ဒီနှစ်မေးခွန်း) ကို ဆရာ ဒီလိုမဟုတ်ဘူးလားဆိုပြီး ထောက်ပြမှ ကျနော့်အမှားကို မြင်ပါတယ်။Yes နဲ့ No နဲ့ မှားနေတာပါ။ အမှန်က အဲ့မေးခွန်းက ကျနော်မန်းလေးပွဲမှာတုန်းကပခုက္ကူက ဆရာတယောက် ဟိုတယ်ခန်းထိ လာမေးလို့ ဆွေးနွေးဖြေခဲ့တဲ့ မေးခွန်းလေးပါ။ စာရိုက်တော့မှ လွဲရော ..။ အဲ့ ဆရာကိုလည်း ကျေးဇူးတင်ကြောင်းဝမ်းသာအားရ ပြောမိပါတယ်။
ဟ မောင်ဌေးရယ်မင်းစာအုပ်က အဲလိုအမှားတွေလားဟ၊ မင့်စာအုပ်က ဘာများသုံးစားရတော့မလဲလို့ ရယ်သွမ်းလည်း ခံရ မှာပါပဲ။
ပြောချင်တာက ကျနော့်အမှားကို ထောက်ပြတာကို အလွန်ဝမ်းသာကြောင်းပါ။
တိုက်တိုက်ဆိုင်ဆိုင် ဟိုတပတ်က ပုစ္ဆာတပုဒ်ကို ထောက်ပြမိပါတယ်။ တိုတိုပြောရရင် အဲ့ဒီပုစ္ဆာကို ဆရာအောင်ပါစေက လာပြတာပါ။ ကျနော်ခရီးသွားနေလို့ မဖြေဖြစ်ပါဘူး။ နောက်တော့ ဆရာအောင်ပါစေက ဖြေပြီးပြီလို့ ပြောပါတယ်။ နောက် ညရောက်တော့ အဲ့ပုစ္ဆာကိုပဲ ဆရာရှင်းမှရမယ်ဆိုပြီး တွက်ထားတာ ပြပါတယ်။ တခွန်း နှစ်ခွန်းဖြေရင်း နည်းနည်းရှည်ရှည် ရေးရမှာဖြစ်လို့ ဆရာရေ မနက်မှ ပို့စ်တင်ပေးပါ့မယ်ဆိုပြီး မနက် တင်ပေးလိုက်ပါတယ်။
ကျနော့်အနေနဲ့ တွက်တဲ့ ရေးတဲ့ ဆရာ/မတွေကို ဘယ်လိုစိတ်မျိုးမှ မရှိရိုးအမှန်ပါ။ ရူပယုတ္တိလွတ်နေတယ်လို့ ခံစားရလို့သာ
ရေးဖြစ်သွားတာပါ။ ကျနော့်ပို့စ်မှာ သရော်စော်ကားတဲ့အပြောအဆိုမျိုး၊ ငါသိ ငါတတ်ဆိုတဲ့ မာန်ထောင်တဲ့ အရေးအသားမျိုး မပါပါဘူး။ ဒါတွေ ယုတ္တိလွတ်နေတယ်လို့ ကျနော်ထင်တာကိုပဲ ရိုးရိုးလေး ထောက်ပြတာပါ။ (ထပ်ပြောရရင် ကျနော်လည်း မှားနိုင်ပါတယ်)
ကျနော်မျှော်လင့်တာက အငြင်းအခုံပါ။ ဒါပေမဲ့ ဘာ reaction မှ မလာပါဘူး။ ဆရာတယောက်ပဲ လာမန့်ပါတယ်။ (မေးတဲ့ ဆရာ အောင်ပါစေတောင်လာမမန့်ပါဘူး) တော်တော်လည်း လူကြိုက်နည်းမယ်လို့ မှန်းပါတယ်။ လိုက်လေးကလည်း တရာ ကျော်ကိုး။
အဲ့ဒီမှာ ကျနော်စဉ်းစားမိသွားတယ်။
ကျနော်တို့ဆီမှာ ငါ့လာမဝေဖန်နဲ့ နင်တို့ကောင်တွေသေသွားမယ်ဆိုတဲ့မာန်တွေ တလူလူလွှင့်နေသလား။
အမှန်အမှားထက်လူပုဂ္ဂိုလ်က ပိုအရေးကြီးသလား။ ငါ့ဆြာတော်ပြောတာ၊ငါ့ဘကြီးပြောတာ၊ ငါ့အဖေပြောတာ အမှန် …ဒါမှ မဟုတ် ငါ့ဘကြီးကို မထိနဲ့၊ ငါ့အုပ်စုကို မထိနဲ့ …အဲလိုသဘောတွေများ လွှမ်းနေသလားလို့ စဉ်းစားမိသွားပါတယ်။
နောက် စနစ်ကို ဝေဖန်ရင်လည်း လူကို ဝေဖန်တယ်လို့ ထင်ပါတယ်။ (ခုထိကို မကွဲသေးပါဘူး)
ကမ္ဘာ့ပညာရပ်နယ်ပယ် အသိုင်းအဝန်းမှာတော့ ငါ့ဆရာအိုင်စတိုင်းကို မထိနဲ့၊ ဟော့ကင်းကို မထိနဲ့၊ ဖိုင်းမန်းဟာ အလွန် လေးစားစရာကြီးလာမထိနဲ့ဆိုတဲ့ လေသံမျိုးတွေယောင်လို့မှ ကြားရမှာ မဟုတ်ပါဘူး။ (အမှားအမှန် ယုတ္တိဗေဒတွေနဲ့ပဲ စ ခန်းသွားပါတယ်။ ဖိုင်းမန်းဒီအချက်တွေမှာ မှားနိုင်တယ်လို့ ဝေဖန်တာဟာ အချက်အလက်ကိုပဲ ဝေဖန်တာ၊ ဖိုင်းမန်းကြီးကို နှိမ့်ချတိုက်ခိုက်တာ မဟုတ်ဘူးဆိုတာ ရှင်းပြစရာမလိုအောင်ကို အားလုံးက နားလည်ထားပါတယ်။ အဲလိုထောက်ပြလို့လည်း
ဖိုင်းမန်းကြီး သိက္ခာကျမသွားပါဘူး)
ကျနော်တို့ဆီမှာရော …. ။
ဟုတ်ကဲ့ …ကျနော်တို့ဆီမှာရော ..ဝေဖန်တတ်ကြပါရဲ့လား။ အဝေဖန်ခံနိုင်ကြပါရဲ့လား။
သေချာတာကတော့ အမှန်တရားဆိုတာကို လူပုဂ္ဂိုလ်နဲ့ ချိတ်ထားမယ်ဆိုရင် အဲ့ဒီအမှန်တရားဟာ မသာစော်နံပါတယ်။ (လူ ဆိုတာ သေမျိုးကိုး)
အေးလေ … ကမ္ဘာကြီးမှာပညာရပ်တွေ အမှန်တရားတွေ ရှင်သန်နေပြီး ကျနော်တို့ဆီမှာ မရှင်သန်နိုင်တာ အဲ့ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အင်း …နောင် နှစ်ပေါင်း ၁၀၀ လောက်ဆိုရင်တော့ မသာစော်မနံတဲ့ အမှန်တရားတွေ ရှင်သန်နိုင်ကောင်းပါရဲ့ … ။
စာကြွင်းများ
ကျနော် Facebook စသုံးကတည်းက အသိသုတတွေ မျှဝေဖို့ဆိုတဲ့ရည်ရွယ်ချက်တခုပဲ ရှိပါတယ်။ ဒါကြောင့် မိသားစုကိစ္စတွေ ကိုယ့်ရဲ့ activity တွေကိုလည်း တင်လေ့မရှိပါ။ နောက်ပိုင်းမှသာ ဓာတ်ပုံတချို့တင်ပါသည်။
ပြောလိုရင်းမှာ ကိုယ်ဘာကောင်လည်းဆိုတာ ဖော်ပြချင်လို့ တည်ဆောက်ပြချင်လို့ Facebook ကို သုံးခြင်းမဟုတ်၊ ပြောပြ ချင်တဲ့ အတွေးလေးကို ချပြချင်လို့သာ Facebook ကို သုံးပါသည်။ စိတ်ဝင်စားတဲ့သူ ဖတ်လိမ့်မည်၊ ထိုမျှလောက်သာ သဘောထားသည်။
ခင်မင်သောဆရာတချို့ရှိသော်လည်း အုပ်စုဖွဲ့ ဂိုဏ်းဂဃအဖွဲ့တွေမှာ မပါဝင်တတ်၊ စိတ်လည်း မဝင်စား။ ကိုယ်လည်း မလုပ်။ လူပုဂ္ဂိုလ်စွဲ ကြည်ညိုတတ်သည့်အထဲ ကျနော်မပါ။ အကျင့်နှင့်သီလကိုသာ ကြည်ညိုသည်။
အဲလိုလူမျိုးကို မိမိအား Block ရုံမကကိုယ်နဲ့ ပတ်သက်သူတွေ (ဥပမာ ဆရာမနှင်း) ကိုပါဘလော့ခြင်း အန်ခြင်းများကို တွေ့ ရသောအခါစိတ်ထဲ၌ လှိုက်၍ လှိုက်၍သာ ရယ်မိပါသည်။ ဤကား စကားချပ်တည်း)
အမယ် တချို့ဆို Friend မဖြစ်တာတောင် ဘလော့သဗျ။ အံ့ရော …. အဲလေ မအံ့ရော …။