ခင်မောင်အေး (ချောက်) ● လင်းယုန်ကြီး
“လင်းယုန်ကြီး” ဆိုလိုက်တာနဲ့ စာရေးဆရာ ဗန်းမော်တင်အောင်ဆိုတာကို ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးအသိုက်အဝန်းမှာ မသိသူ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ ရှစ်ဆယ်ကျော်ကိုးဆယ်တန်းတွေနဲ့ ခုနစ်ဆယ်ကျော် ရှစ်ဆယ်တန်းတွေကအစ၊ အသက် လေးငါး ဆယ်ကျော် ခြောက်ဆယ်တန်းတွေအလယ်နဲ့ မျိုးဆက်သစ်လူငယ်တွေအဆုံး အားလုံးက သိရှိကြပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်ဟာ လင်းယုန်ကြီးဆိုတဲ့ စာရေးဆရာဗန်းမော်တင်အောင်ကို အသက်တစ်ဆယ့် လေးငါးရှစ်နှစ် အရွယ်ကတည်းက တလေးတစား အားကျခဲ့ရသူပါ။
လာမယ့်၊ ၂၃ – ၁ဝ – ၂ဝ၁၇ ရက်နေ့ဆိုရင် လင်းယုန်ကြီးကွယ်လွန်ခဲ့တာ ၃၉ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြနန္ဒာ စာအုပ်တိုက်က ၂ဝ၁၃ ခှနှစ် ဇွန်လမှာထုတ်ဝေခဲ့တဲ့ ကိုကိုးကျွန်းအာဇာနည် ၈ ဦးနှင့် ကျွန်းအမှတ်တရ ပုံရိပ်များစာ အုပ်ထဲမှ လင်းယုန်ကြီးအပေါ် ရဲဘော်တယောက်ရဲ့ခံစားချက်အမြင်ကို ကူးယူဖော်ပြလိုက်ပါတယ်။
ပြည်တော်ညွန့် သဘောင်္ပေါ်ကစပါမယ်။
ရင်းနှီးရာ စုနေကြဟန်ရှိတဲ့ လှုပ်လှုပ်ရွရွ မြင်ကွင်းထဲမှာ သူ့ကိုလှမ်းမြင်လိုက်ရတယ်။ မတ်တတ်ရပ်လျက်သား၊ ရှေ့မှာ လည်း အထုပ်ကလေး နှစ်ထုပ်သုံးထုပ်နဲ့ ဘေးမှာတော့ မျက်မှန်ထူထူ အရပ်ပျပ်ပျပ်၊ ခပ်ပိန်ပိန်တယောက်။ သူ့ကိုတော့ ချက်ချင်းမှတ်မိလိုက် တယ်။ ဥပဓိရုပ်ကလည်း တခါတွေ့ဖူးရင် မေ့မရတဲ့ရုပ်မျိုး၊ အရပ်ရှည်ရှည်၊ မျက်ခုံးထူထူ၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျ။ ဟန်ပန်က ယဉ်ကျေးပြီး အိနြေ္ဒ္ဒရှိတဲ့ အပြောအဆို အလှုပ်အရှား။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရယ်၊ ပမညတမှ သခင်အေးကျော်ရယ်၊ သူရယ်၊ ကျွန်တော်တို့မြို့ကို ရောက်လာဖူးတယ်။ ကျွန်တော်တို့က ဧည့်ခံရတဲ့ ကျောင်းသားတွေပါ။
သူက အရပ်အမောင်းကောင်းသူဖြစ်လို့ အမှတ်ထင်ထင်ဖြစ်ခဲ့ရာက အခုလိုတွေ့တွေ့ချင်းမှတ်မိတာလည်း ဖြစ်နိုင်ပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့လည်း ဘယ်လိုမှ မေ့မပစ်နိုင်တဲ့သူ။
အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဟာ သူ့စာတွေကိုဖတ်။ သူ့ဇာတ်ကောင်တွေကို အရူးအမူး စွဲလမ်းအားကျ။ သူ့ အဘိ ဓမ္မာကိုလက်ခံ၊ တော်လှန်ရေးသမားတွေဖြစ်ချင်တဲ့ အာလျတွေပေါ်ပေါက်။ သူ့တော်လှန်ရေးစိတ်တ်ကို အတုယူရာက တော်လှန်ရေးသမားတွေဖြစ်သွားကြတာ မနည်းလှပါဘူး။ ဒီလိုနဲ့ အခုပဲကြည့်လေ၊ ကျွန်တော်ကိုယ်တိုင် တော်လှန်ရေး သမား သူပုန်ကျောင်းသားအဖြစ် ထောင်အဆင့်ဆင့်ပြောင်းခဲ့ရာက ပြည်တော်ညွန့်သဘောင်္ပေါ်ကို တက်ခဲ့ရပြီကော။
သိပ်မဝေးတဲ့နေရာမှာတော့ ပိန်ပိန်ရှည်ရှည် လေထီးဗိုလ်အုန်းမောင်က ဒဏ်ရာဟောင်းကြောင့် အနည်းငယ်ထော့နဲ့ထော့နဲ့ ဖြစ်နေပေမယ့် ခပ်သွက်သွက်။ တစ်ပင်မကျန် ငွေရောင်တောက်နေတဲ့ဆံပင်တိုတို ဖြူဖြူများပိုင်ရှင် အဖွေးသား သွားတွေပေါ် အောင် စကားပြောရင်း ဟိုလူနှုတ်ဆက်၊ ဒီလူနှုတ်ဆက်လုပ်လာတဲ့ ခပ်ဖိုင့်ဖိုင့်ဆရာရာဂျန်။ ပိန်သလောက် မာန်ပါပါနဲ့ သွက်သွက်လက်လက်ရှိလှတဲ့ ဦးခင်မောင်မြင့်။ ဖြူဖြူသန့်သန့် လူကခန့်ချောပြီး သဘောအင်မတန်ကောင်းလှတဲ့ အန် ကယ်ကြီး သခင်ခင်အောင်။
အန်ဂျလာအရေးအခင်း အမေရိကန်သံရုံးရှေ့ဆန္ဒပြပွဲမှာ အရိုက်ခံရလို့ ခါးရိုးကျိုးသွားတဲ့ ခရမ်းကိုစိန်ဝင်းကြီးကလည်း ဗြက်ကျယ်လှတဲ့ ခါးပတ်ကြီးပတ်ထားလို့ အမြင်ဆန်းနေပါတယ်။
အခြားအဖွဲ့အစည်းများက နာမည်ကြီးပုဂ္ဂိုလ်တွေထဲမှာလည်း သိသူရော မသိသူတွေ ပါလာကြပေမယ့် စိတ်မဝင်စားအား။ ကျွန်တော်တို့စွဲလမ်းခဲ့တဲ့ဇာတ်ကောင်များရဲ့ဖန်တီးရှင်၊ နှစ်လိုဖွယ်အမျိုးသမီးငယ်များရဲ့ချစ်သူ။ အဖိနှိပ်ခံပြည်သူများရဲ့လင်း ယုန်ကြီး ဘယ်လိုများလှုပ်ရှားလိုက်ပါနေပါလိမ့်။ သူရဲ့အဓိကဇာတ်ကောင်တွေထဲက ဘယ်သူနဲ့များတူပါလိမ့်။ ဒါကိုပဲ စိတ် ဝင်စားနေမိပါတယ်။
ကျွန်တော်ရဲ့အထုပ်အပိုးတွေကို ရဲဘော်ညွန့်ခေါင်နဲ့ ရဲဘော်အေင်ဘော်တို့ သယ်ယူသွားကြတဲ့အတွက် လင်းယုန်ကြီးအပေါ် အထူး အာရုံစိုက်ပြီး ကြည့်နိုင်ခဲ့တယ်။ သူ ဘယ်လိုများလှုပ်ရှားနေသလဲပေါ့။ လူငယ်တဦးရဲ့ သူရဲကောင်း ကိုးကွယ်ချင်စိတ် ထင်ပါရဲ့။
ကမ်းတက်ယာဉ်ပေါ်က ဆင်းစ၊ ကမ်းပေါ်အရောက်၊ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ တခါ ပင်လယ် ဘက် လှည့်လိုက်ကာ လေညင်းလေသန့်ကို ရင်အုံကြီးမောက်လာအောင် ရှူသွင်းပြန်ထုတ် လုပ်နေပါပကော။ အကျဉ်းစခန်း လား၊ လေညင်းခံ စခန်းလား သူခွဲခြားသိပုံမရတော့။ သူ့ဇာတ်ကောင်ကတော့၊ ဇာတ်ကောင်ပဲ။ ဘယ်ဇာတ်ကောင်များပါလိမ့်။ သူ့အထုပ်လေးသူဆွဲပြီး အေးအေးဆေးဆေး စကားပြောရင်း လူအုပ်ထဲ စီးမျောနေတဲ့သူ့ကို မနီးမဝေးကနေ ကျွန်တော်က သူ့ဇာတ်ကောင်တွေနဲ့ ချိန်ထိုးကြည့်နေမိတယ်။
ကော်ဖီခါးခါးသောက်ရင်း သုတေသနလုပ်ငန်းထဲမြုပ်နေတဲ့ ဒေါက်တာရေချမ်းလား။ လယ်သမားသူပုန်ကြီး ငသြလေလား။ ရေမြေဆုံးစေတော့က ပါမောက္ခထွန်းလင်းလား။ ဘဝကိုရေစုံမျောပြီး တခါတရံ ယောင်ယမ်းပြီး ချစ်သူကိုတမ်းတတတ်တဲ့ ပါမောက္ခ အုန်းကျော်များလား။ ပြည်တော်သာ ခင်ခင်ဦးထဲက ဘယ်သူ ….. ထားပါ။ “သူ” ပဲလား။
ဒီမိန်းမအတွက် ညီငယ်လည်းသေရ စက်ပိုင်ရှင်ဘဝမှ ကိုယ်ရံတော် လူမိုက်ဖြစ်ရ။ ငွေတွေကုန် ဂုဏ်သရေတွေ ပွန်းပဲ့ကုန် ပေမယ့် စိတ်မကုန်နိုင်၊ ဒီမိန်းမကသာ “မောင်ရေ လူတယောက်နဲ့ အိပ်ချင်လို့ အိပ်ရာပြင်ပေးပါလား” လို့ ခိုင်းရင်တောင် အိပ်ရာခင်းပေးပါမယ်လို့ ပြောခဲ့တဲ့ “မောင့်မေတ္တာ” ထဲက အချစ်ရဲ့ကျေးကျွန် မြဂီဝါဦးကျော်တင့်လား။
OBE မေဂျာဘိုးမင်းရဲ့သမီး ကရင်မလေးနဲ့ အင်းစိန်တိုက်ပွဲကာလအတွင်း အူကြောင်ကြောင်နဲ့ တွေ့ကြပြီး သံယောဇဉ်တွယ် သွားတဲ့ ချော့ကလက်ဗိုလ်ကြီးပေပဲလား။ စစ်ကြီးအတွင်း သူကျဆုံးသွားတာကို မသိရှာကြလို့စစ်ကြီးအပြီးမှာ သူပြန်လာစေဖို့ ဆိုင်ရာဘုရားသခင် အသီးသီးထံ ဆုတောင်းနေကြတဲ့ ဗြိတိန်ကျွန်းပေါ်က၊ ကပြားမလေး မာရီရယ်၊ မြန်မာပြည် ရန်ကုန်မြို့ ပေါ်က မခင်စီတို့ရဲ့ ချစ်သူ “လွမ်းရစ်တော့သက်လယ်” ဝတ္ထုထဲက ပြည်ချစ်စစ်သားကြီးလား။ တယောလေး တလက်နဲ့ လွမ်းနေရှာတဲ့ “ဘုန်းမောင် တယောက်ထဲရယ်” ထဲက ကိုဘုန်းနိုင်လား။
ဂျပန်တို့လာတဲ့အချိန် တရုတ် – မြန်မာလမ်းမကြီးအတိုင်း တရုတ်ပြည်ထဲဝင် ထင်ချန်းမြို့အရောက်တရုတ်မလေး ဝမ်မေနဲ့ တွေ့ သံယောဇဉ်ဖြစ်ကြရာက ချစ်ရေးထက် စစ်ရေးခက်လို့ ပြန်ရတော့မယ့်ကာလ ငွေနှင်းမှုန်မှုန်တွေကသွန်းကြဲလို့။ ဒီအ ချိန်မှာ ခွဲခွာပြီး မြန်မာပြည်ထဲပြန်လာခဲ့ရတဲ့ လွတ်မြောက်ရေးတပ်သားကြီးလား။ ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေ များပြား လွန်းတော့ ရောယှက် ရှုပ်ထွေးနေပါတယ်။ ဟိုလူနဲ့ တူနိုးနိုး၊ ဒီလူနဲ့ တူသလိုလို၊ ယတိပြတ်အဖြေမပေးနိုင် ဖြစ်နေမိပါ တယ်။ တဖြည်းဖြည်းနဲ့ စခန်းထဲမဝင်မီ ကျေနပ်လောက်တဲ့ ဇာတ်ကောင်ရွေးချယ်မှု ပြီးပြတ်သွားခဲ့တယ်။ ဟုတ်ပါတယ်။ သူဟာ “မြိုင်” ရဲ့ချစ်သူ သတင်းစာဆရာ“ကိုတင်ဦး” ရယ်ပါ။
ဒါတွေကတော့ စာရေးဆရာ ဗန်မော်တင်အောင်နဲ့ ပတ်သက်ပြီး ရဲဘော်တဦးရဲ့ ခံစားချက်အမြင်တွေပဲ ဖြစ်ပါတယ်။
တကယ့်လက်တွေ့ဘဝမှာလည်း စာရေးဆရာဗန်းမော်တင်အာင်ဟာ ကိုကိုးကျွန်း ရက်လေးဆယ် အစာငတ်ခံတိုက်ပွဲမှာ ရဲဘော်တွေကို ဦးဆောင်ပြီး ပထမအသုတ်က တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ ကိုကိုကျွန်းပါတီ ကော်မတီမှာ တာဝန်ယူခဲ့ပြီး စခန်းသိမ်းတိုက်ပွဲဖြစ်တဲ့ ကိုယ်ထူကိုယ်ထဖျက်သိမ်းရေး ၅၃ ရက် အစာငတ်ခံတိုက်ပွဲကြီးလည်း ပါတီကော်မတီနဲ့အတူ ခေါင်းဆောင်မှုပေးခဲ့ပါတယ်။
ကိုကိုးကျွန်းအကျဉ်းစခန်းဖျက်သိမ်းပြီး ပြန်လည်လွတ်မြောက်လာတဲ့နောက်မှာလည်း မပြီးဆုံးသေးတဲ့ အမျိုးသားဒီမိုကရေစီ တိုက်ပွဲတွေကို ဆက်လက်ဆင်နွဲရင်း ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါ တယ်။
လင်းယုန်ကြီးကို လှိုက်လှိုက်လှဲလှဲ အလေးပြုလိုက်ပါတယ်။