(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇
ကျွန်တော် အောင်မင်္ဂလာလမ်းထိပ် မြင့် ကဖီး သတင်းလွှတ်တော်ကိုရောက်တော့ လူတော်တော်စုံနေပြီ။ သူတို့ စားပွဲရှေ့မှာ မုန့်ဟင်းခါး လက်ဖက်ရည်တွေ ရောက်နေပြီ။ မျက်နှာသွယ်သွယ် အသားညိုညို မျက်မှန်သေးသေးနဲ့ ကိုကျော်စိုး၊ ဆံပင် ထောင်ထောင် မျက်မှန်ထူထူ အသားလတ်လတ်နဲ့ ကိုအောင်သူ၊ ဖြူဖြူနွဲ့နွဲ့ မသူဇာလင်း၊ ပိန်ပိန်သွယ်သွယ် မျက်နှာပိုင်ရှင်ကို စိုးမိုးအောင်တို့ ရောက်နေပါပြီ။
ဒီနေ့ သတင်းလွှတ်တော်မှာ ဘာတွေပြောကြမလဲ။ အထွေအထူး စဉ်းစားစရာမလိုပါ။ ဦးကိုနီ အလုပ်ကြံခံရတဲ့အကြောင်း ပေါ့။ လူတွေအားလုံး ဒီအကြောင်းပဲပြောနေကြတာ။
ကျွန်တော့်ဘေးစားပွဲက ပလပ်စတစ်ထိုင်ခုံ အနီပုကလေးကိုယူပြီး သူတို့စကားဝိုင်းထဲကို တိုးတိုးဝှေ့ဝှေ့ ထိုင်လိုက်ပါတယ်။
အရေးထဲ ဖုန်းက ဝင်လာပြန်တယ်။
‘ဟုတ်ပါတယ် ကျွန်တော် ဇေယျပါ၊ DVB သတင်းဌာနကပါ’
‘မင်းတို့သတင်းထောက်တွေသတိထား၊ ကားနဲ့တိုက်သတ်လို့ရတယ်၊ ကားနဲ့တိုက်သတ်ရင် ကားတိုက်မှုပဲဖြစ်မှာ လူသတ်မှု မဖြစ်ဘူး၊ သိလား’
တဖက်က အသံမာမာပြတ်ပြတ်နဲ့မို့ ကျွန်တော် လက်တွေ ခြေတွေ တုန်သွားပါတယ်။
ဘာပြန်ပြောရမှန်း မသိပါ။ တယ်လီဖုန်း နံပါတ်ကိုကြည့်လိုက်တော့လည်း နံပါတ်က အစိမ်းသက်သက်။
‘ဦးကိုနီကိုသတ်တဲ့သူတွေက ဥပဒေကို နားမလည်လို့ သေနတ်ပစ်သတ်တာ၊ နားလည်လား’
‘ဟုတ်ကဲ့’ ကျွန်တော့်အသံက ရိုသေ ကျိုးနွံနေတဲ့အသံ။ အလိုလိုဖြစ်သွားတာပါ။
‘ဘာ ဟုတ်ကဲ့လဲ။ မင်းကသတင်းထောက်ဖြစ်မှ တော်တော်ရိုသေတတ်နေတာလား’
‘မဟုတ်ပါဘူးခင်ဗျာ’
‘ဘာ ခင်ဗျာလဲ။ ငါပါ စိန်ကြီးပါ။ ဦးကိုနီ အသတ်ခံရလို့ စိတ်ပူပြီး မင်းဆီဖုန်းဆက်လိုက်တာ။ သတိပေးတာပါ’
‘မင်း သတိပေးတာကြီးကလည်း ခြိမ်းခြောက်သလိုကြီးပါလားကွာ’
ငယ်သူငယ်ချင်းတွေမို့ ပြောမနာ ဆိုမနာ၊ လူချင်း မတွေ့ရတာကြာတော့ အသံကိုမမှတ်မိ၊ ဖုန်းနံပါတ်တွေကလည်း ခဏ ခဏပြောင်း၊ အင်းလေ ပြောင်းလဲချိန်ဆိုတော့ ဒီလိုပဲ ပြောင်းနေကြတာပေါ့။
ကိုယ်ကလည်း အရာရာကိုကြောက်နေရသူမို့ သတိပေးတာကို ခြိမ်းခြောက်တာလို့ ထင်မိတာပါ။
ကျွန်တော် ဖုန်းပိတ်လိုက်ပြီး သတင်းထောက်တွေစကားဝိုင်းထဲကို ၀င်ပြီး သူတို့ ပြောတာကို နားထောင်နေပါတယ်။
ဦးကိုနီအကြောင်းပါပဲ။ သူတို့ ဒီနေ့ ဦးကိုနီသတင်းကို ရဲအရာရှိတွေဘက်က သတင်းထုတ်တာ နှေးတဲ့အကြောင်း။ မနေ့က ဦးကိုနီသတ်တဲ့သတင်းနဲ့ပတ်သက်ပြီး မြဝတီမှာ ဦးမြင့်ဆွေကိုဖမ်းမိတဲ့သတင်းတွေ အတည် ဖြစ်မဖြစ် ငြင်းခုန်နေကြပါတယ်။ တစ်ယောက်က ပြောပါတယ်။ မြဝတီမှာ ဦးမြင့်ဆွေဆိုတဲ့သူတွေကို အကုန်လိုက်ဖမ်းထားတယ်ဆိုတဲ့သတင်းလည်း သူ ကြားတဲ့အကြောင်း ပြောပါတယ်။ ကျွန်တော် စိုးရိမ်သွားပါတယ်။ ကျွန်တော်တို့ ဒုသမ္မတကြီး ဦးမြင့်ဆွေ မြဝတီကို အလည် သွားတာနဲ့ကြုံရင် ဒုက္ခပါပဲ။
ကျွန်တော့်စိုးရိမ်စိတ်ကို မအောင့်နိုင်တော့ပဲ စကားဝိုင်းမှာ ဖွင့်ပြောမိပါတယ်။ သူငယ်ချင်း သတင်းထောက်တွေလည်း ကျွန်တော့်လိုပဲ စိုးရိမ်သွားကြပါတယ်။
ဒါပေမယ့် သတင်းထောက်ကိုကျော်စိုးကတော့ သူမစိုးရိမ်ကြောင်းပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတာကို ပုံပြင်ကလေး တစ် ပုဒ်နဲ့ ရှင်းပြပါတယ်။
သူပြောတဲ့ပုံပြင်ကလေးက ဒီလိုပါ။
တခါက အနောက်နိုင်ငံတစ်နိုင်ငံမှာ လုံခြုံရေးအကြီးအကဲတယောက်ရဲ့ ဆေးတံပျောက်သွားသတဲ့။ အကြီးအကဲဟာ စိတ် ဆိုးပြီး သူ့လက်အောက်က လုံခြုံရေးဝန်ထမ်းတွေကို ဆေးတံသူခိုးကို နှစ်ဆယ့်လေးနာရီအတွင်း အမိဖမ်းပေးဖို့ အမိန့်ပေး လိုက်ပါသတဲ့။
နှစ်ဆယ့်လေးနာရီ မပြည့်ခင်မှာပဲ လုံခြုံရေးအရာရှိငယ်တယောက်ဆီက သတင်းပို့လာပါတယ်။ မသင်္ကာသူ ဆယ်ယောက် ဖမ်းမိထားကြောင်း၊ တယောက်က ဝန်မခံသေးပေမယ့် ကိုးယောက်က ဝန်ခံထားပြီးဖြစ်ကြောင်း။ အဲဒါ အကြီးအကဲအနေနဲ့ ဘယ်တစ်ယောက်ကို သူခိုးဖြစ်စေချင်သလဲ။ အမြန် အကြောင်းပြန်ပါ။ အမိန့်နာခံရန်အသင့်လို့ အစီရင်ခံစာ တင်လိုက်သတဲ့။ ပုံပြင်ကလေးကတော့ ဒါပါပဲ။
ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်က ရုံးဖက်ကိုလာတော့ သတိကြီးကြီးနဲ့ ကားလမ်းဖြတ်ကူးခဲ့ကြပါတယ်။ ကျွန်တော်တို့သ တင်းထောက်တွေ ကားလမ်းကူးတဲ့အခါ လမ်းစည်းကမ်းလိုက်နာပါ။ သတိနဲ့ လမ်းဖြတ်ကူးကြပါခင်ဗျာ။
သားကြီးမောင်ဇေယျ
(၂- ၀၂-၂၀၁၇)
illustration : Farhad Foroutanian