ပထမဆုံး သင်တန်းသားတွေနဲ့အတူ google.com ကို သွားပြီးတော့ အီးမေးအကောင့်အသစ် ဆိုင်းအပ် လုပ်နည်းကို သရုပ်ပြရပါမယ်။
ညာဖက် အပေါ်ထောင့်မှာ ရှိတဲ့ Gmail လင့်ခ်ကို နှိပ်ပါ။ ပြီးရင် Create Account လုပ်ပါ။
နောက်တဆင့်ကတော့ အောက်မှာ ပြထားတဲ့အတိုင်း ကိုယ်ပိုင် ဂျီမေးအကောင့်တခုကို အသစ်လုပ်ဖို့ ဖောင်ကို ဖြည့်ရမှာ ဖြစ်ပါတယ်။
အဲသည်မှာ သတိပြုရမှာက နာမည်ရင်း သို့မဟုတ် ကလောင်အမည်ဖြစ်ဖြစ် first name lastname ကို ဖြည့်ပြီးနောက် အီးမေးနာမည်ကို အသစ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်အမည်၊ ကိုယ့်ကလောင်အမည် လည်း ဖြစ်နိုင်သလို လူအများ မှတ်ရလွယ်၊ ပြောရလွယ်တဲ့ အမည်လည်း ဖြစ်နိုင်ပါတယ်။ သတိပြုရမှာက နာမည်ပြောင်တွေ၊ ချစ်စနိုးနာမည်တွေ လုပ်မိရင် လူအများကို ကိုယ့်အီးမေးလိပ်စာ ပေးရတဲ့အခါ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်တချက်ကတော့ အီးမေးအကောင့် အမည်ဆင်တူတွေ ရှိနေပြီးသားဆိုရင် ကိုယ်လိုချင်တဲ့ လိပ်စာနာမည်နောက်မှာ ရှေ့မှာ နံပါတ်တွေ၊ အခြားစာလုံးတွေ ထည့်ပြီး ရအောင်လုပ်ရမှာတွေ ရှိပါတယ်။
ဥပမာ – ကိုယ့်အီးမေးလိပ်စာက MaungYeKhe ဆိုပြီး လိုချင်ပေမယ့် သူများယူထားနှင့်ပြီးသားဖြစ်နေရင် MaungYeKhe1988 ဆိုတာမျိုးနဲ့ အသစ်လုပ်ရတာ ဖြစ်နိုင်ပါတယ်။
ပတ်စ်ဝဒ်ဆိုတာကတော့ ကိုယ့်အီးမေး ကိုယ့်ဖာသာကိုယ် ဖွင့်ရတဲ့ စကားဝှက်ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အက္ခရာကော နံပါတ်ကော စပယ်ရှယ်အက္ခရာတွေ (*&^%$#@!) ပါ ထည့်ပြီး ပတ်စ်ဝဒ်ကို သတ်မှတ်နိုင်ပါတယ်။ ပြီးတော့လည်း သိပ်ခက်အောင် လုပ်မိပြီး ကိုယ့်ဖာသာကိုယ် မမှတ်မိဖြစ်မသွားအောင်လည်း သတိချပ်ရပါမယ်။ အင်တာနက်ပေါ်မှာ ပတ်စ်ဝဒ်တွေ ဟက်ခ်လုပ်တာ (ခိုးယူတာ)တွေ ရှိတော့ ကိုယ့်ဖာသာကိုယ် အကောင်းဆုံးမှတ်မိတဲ့ စကားဝှက်ကို ရွေးပါ။ သူများကိုလည်း မပေးပါနဲ့။ ကိုယ့် အဖေ၊ အမေ၊ အိမ်ခွေး၊ အိမ်ကြောင်၊ မွေးသက္ကရာဇ်တွေ မထည့်တာလည်း ကာကွယ်မှု တရပ် ဖြစ်ပါတယ်။
ဥပမာ – မြန်မာလို ဆိုရိုးတခုခုကို အင်္ဂလိပ်လိုပေါင်းပြီး နံပတ်နဲ့ တွဲ၊ စပယ်ရှယ်အက္ခရာနဲ့ တွဲပြီး ပတ်စ်ဝဒ် လုပ်နိုင်ပါတယ်။ MibaMetta1500! အဲသလိုမျိုးပေါ့။
အီးမေးဆိုတာက အမျိုးသားမှတ်ပုံတင်လုပ်သလို အမြဲတန်း အတည်တကျသုံးဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ မွေးနေ့၊ ကျားမ၊ ဖုံးနံပါတ်တွေ အမှန်အတိုင်း ထည့်ကြလေ့ရှိပါတယ်။ အရင်က သုံးဖူးတဲ့ အီးမေးကိုလည်း တွဲထည့်ထားလို့ ရပါတယ်။ အရေးအကြောင်းပေါ်လို့ ကိုယ့်အီးမေးပြန် ဖွင့်မရရင် အဲဒါတွေ သုံးပြီး ပြန်ပြီး ကယ်တင်လို့ (recover) လုပ်လို့ ရပါတယ်။
အီးမေးအကောင့် ဖွင့်နည်းပြီးတော့ နောက်တဆင့်
သင်တန်းသားတွေဆီမှာ အီးမေးတွေ ရှိနေပြီဆိုတာနဲ့ သူတို့တွေ ဂျီမေးအကောင့်တွေထဲ ၀င်ပြီးတော့ ဆရာနဲ့ သင်တန်းသားအချင်းချင်း လိပ်စာတွေသုံးပြီး အီးမေးတွေ စမ်းပို့တာ၊ အဆက်အသွယ်လုပ်တာတွေကို လုပ်နိုင်ကြပြီ ဖြစ်ပါတယ်။
အီးမေးမှာ စာရေးသားကြတာကို အခု ဒီအဆင့်မှာ သင်ပေးရမှာ ဖြစ်ပါတယ်။ တခါတည်းပဲ ကျွဲကူးရေပါ ဆိုသလို သူတို့ အီးမေးစာကိုယ်ထဲမှာ (email body) ထဲမှာ စာလုံး၊ စာပိုဒ်၊ နေရာချတာတွေကိုပါ Format Ribbon ကို နှိပ်ပြီး သုံးတတ်အောင် သင်ပေးရပါမယ်။ အင်္ဂလိပ်စာကော ဗမာစာကိုပါ လေ့ကျင့်စေချင်တယ်ဆိုရင် သင်တန်းက သုံးနေတဲ့ ကွန်ပျူတာမှာ ဇော်ဂျီဖောင့်နဲ့ ဇော်ဂျီကီးဘုတ်မှာ ထည့်ထားပြီး အင်တာနက် ဘရောက်ဇာမှာလည်း ဇော်ဂျီဖောင့်ကို အဓိကဖောင့်အဖြစ် ဆင်ထားပြီး သင်မယ်ဆိုရင် အဆင်ပြေပါတယ်။
အီးမေးထဲ ၀င်ပြီး Compose ဆိုတာက new email message ကို စလုပ်တာ ဖြစ်ပါတယ်။
အဲသည်မှာ TO ဆိုပြီး ပို့ချင်တဲ့ လိပ်စာနာမည် ထည့်တာ၊ နောက်ထပ် အီးမေးလိပ်စာ ထည့်သွင်းတာ၊ Subject ဆိုပြီးတော့ အကြောင်းအရာကို ရေးသားတာ၊ ပြီးတော့ BODY မှာ အီးမေးမှာ ပြောချင်တာကို ရေးသွင်းတာကို သင်ပြရမှာ ဖြစ်ပါတယ်။ အီးမေးဝင်းဒိုးမှာ အောက်ဆုံးက Format Ribbon အကြောင်းကိုပါ ပြောပြီးတော့ ကိုယ့်အီးမေးမှာ စာသားတွေကို အမျိုးမျိုး ဖော်မက်ချတာတွေကို ဆရာတွေက သင်ပေးလို့ ရပါတယ်။
ဥပမာ – သင်တန်းသားတွေကနေ ဆရာဆီကို မိမိတို့ တက်ရောက်တဲ့ သင်တန်းအကြောင်းကို စာရေးပြီး ပြောပြခိုင်းလို့ ရပါတယ်။ အဲသည်မှာ TO ဆိုပြီး လိပ်တပ်တာတင်မဟုတ်ဘဲ CC (carbon copy) BCC (Blind Carbon Copy) ဆိုတဲ့ မိတ္တူ တခါတည်း ပို့နည်း၊ လက်ခံသူမမြင်အောင် အခြားသူများဆီ ၀ှက်ပြီး BCC လုပ်နည်းတွေကိုပါ ရှင်းပြလို့ ရပါတယ်။
ပြီးရင်တော့ SEND ဆိုပြီး စာကို ပို့လို့ရပါပြီ။ အဲသလို ပေးစာဟာ မိမိအီးမေးစာတိုက် (Email Box) ထဲက SENT Mail ဆိုတဲ့ နေရာမှာ (SENT Mail Folder, SENT Mail Label) မှာ အမြဲ သိမ်းထားတယ်ဆိုပြီး ပြန်လည် စစ်နိုင်ကြောင်းလည်း တခါတည်း ရှင်းပြလို့ ရပါတယ်။
ဒီတပတ်တော့ ဒီလောက်နဲ့ နားကြပါစို့။