ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● မတရားတဲ့ဘ၀ကြီးအတွက် တရားဆုပန်ကြည့်မယ်

 ဆောင်းယွန်းလ ● မတရားတဲ့ဘ၀ကြီးအတွက် တရားဆုပန်ကြည့်မယ်
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၆

ပြည်တွင်းဖြစ်ကို အားပေးရမှာလား
ပြည်တွင်းစစ်ကို ဓားသွေးရမှာလား…

အသားဟာ
အသားထဲက လောက်ထွက်လာလို့
မစားရတဲ့ အသားကို
အရိုးထဲမှာ
အပြန်ပြန် ထိုးခွဲလှန်ရှာမိတယ်…

ငါးရဖို့ အရေး
ငါးက မြစ်ကိုပြန်မျှားပေးနေရလို့
အသားပါသလား ငါးပါသလား
နောက်ဘယ်တော့မှ မမေးဖြစ်အောင်
ဆင်ခြင်မိတယ် …

ဒါဟာ ဘ၀ပေးကုသိုလ်ပေါ့
ထမင်းရည်တစက်လောက်
လျှာပေါ်တခေါက် တင်လျက်ရရင်ပဲ
လူ့ပြည် လူ့ရွာထဲမှာ
လူတခါဖြစ်ရကျိုး ကိုးခါလောက်နပ်ပါတယ်…

ကံအကျိုးပေး မကောင်းတော့
ရခဲတဲ့ ဘ၀ထဲမှာ အပေါင်းနဲပြီး
အရလွယ်တဲ့ အနှုတ်တွေသာ
ဆူလွယ်နပ်လွယ်များလာခဲ့တယ်…

နီးရက်နဲ့ မပေါင်းဖြစ်တဲ့ ခရီးဟာ
နှစ်ငါးဆယ်ကျော်ကြာတဲ့အထိ
ဝေးလို့ကောင်းနေတုန်းပဲ…

ကျောင်းသင်ခန်းစာထဲက
ငါးနာရီလာရ၏ဆိုတဲ့ စကားဟာ
ဘ၀ပေးသင်ခန်းစာထဲမှာ
လွဲခဲ့မှားခဲ့တာ အကြိမ်တရာမကတော့…

ဒီတကြိမ်
တိမ်တွေဆီက ကြယ်တွေကြွေတာတွေ့ရင်
မတရားရေးပေးထားတဲ့ လူ့ဘ၀ကြီးအတွက်
တရားမျှတရေးဆုကို ဆက်ဆက်ပန်မယ်။

ဆောင်းယွန်းလ (ဇူလိုင်၂၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts