လောကပါလ – အိုးရွဲ့နှင့်စလောင်းရွဲ့

လောကပါလ – အိုးရွဲ့နှင့်စလောင်းရွဲ့

(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၆

သူဖြူလျှင်အယူဖြောင့်နိုင်ငဲ့ သူမှောင့်မှာစိုးမိတယ် ဆိုသော ကုန်းဘောင်ခေတ် နန်းတွင်းစာဆိုတစ်ဦး၏ နိဗ္ဗိန္ဒ တေးထပ်မှ စာသားလေးကို အမှတ်ရမိ၏။ အပူဖွဲ့ဟုပြော၍ရသော ထိုတေးထပ်၏နောက်ခံက ယ္ခုပြောလိုသော အကြောင်းအရာနှင့် မစပ်ဆိုင်သောကြောင့် ဝိတ္တရမချဲ့လိုပြီ။ သို့သော် အဓိပ္ပါယ်ကိုတော့ယူလိုသည်။ ရှင်းလည်း ရှင်းပါသည်။ သဘောထားမညီသည့်အခါ ဖြစ်တတ်သည့်လူတို့၏သဘာဝ။ တစ်ချို့ကစိတ်ပျက်(သည်တေးထပ် ထဲကလို) လက်လျှော့သည်။ တစ်ချို့က မျက်စေ့မှိတ်နားပိတ်နှုတ်ခမ်းတင်းတင်းစေ့ကာ နားမျက်စေ့ ခံတွင်းတော် ကင်းသနော်ရွေးမျှမဟမိစေဘို့ ခိုင်မာစွာ သံန္နိဌာန်ချသည်။ တစ်ချို့ကျတော့ ဂျင်းစိမ်းနှင့်မိဿလင် သူကြင်မှကိုယ်ကြင်မည်ဆိုကာ ထင်ရာစိုင်းကြသည်။ ရလဒ်တွေကအမျိုးမျိုး ဆိုသော်လည်း တစ်ခုမျှကျေနပ် ဘွယ်ရာမရှိ။ အမုန်းတရား နာကျည်းမှု အခုအခံတွေနှင့် သံသရာချဉ်းသည့်တိုင်အေးချမ်းရာမရ။ ကမ္ဘာကြေ သော်လည်း ဥဒါန်းဖြင့်မကျေနိုင်ပေါင် လုပ်နေကြသည်။ ကမ္ဘာကြေမှတော့ သည်ဥဒါန်းကြီးဘယ်ချောင်ကပ်သွား မည် ဘယ်သူမှမသိနိုင်ကြသည်ကို ဘယ်သူမှလည်းစဉ်းစားပုံမရကြ။ သည်ကိစ္စ သည်မူ သည်အယူက နှစ်ဦး နှစ်ယောက်ကြားဆိုလျှင်ပင် “နေပေ့စေ အမိုက်ဇာတ်သိမ်းသွားတာပေါ့” ဟု ငေါ့တော့တော့နှင့် လျှော့လျှော့ ပေါ့ပေါ့ လုပ်၍ရသေးသည်။ သို့သော် နှစ်ဦးနှစ်ယောက်မှသည် နှစ်ဘက် နှစ်ဖွဲ့ နှစ်အုပ်စု နှစ်တိုင်းပြည် ဖြစ်တတ်သည် ဖြစ်ခဲ့ဘူးသည်

ဖြစ်နေသည် ဖြစ်လာနိုင်သည် ကိုတော့ ယောနိသောမနသီကာရ သင့်တင့်စွာ နှလုံးသွင်းအပ်လှ၏။

အရပ်ထဲမှာသုံးနေကျ အိုးရွဲ့ရင်စလောင်းရွဲ့ရမှာပေါ့ ဆိုသောစကားသည်လည်း ဤနည်းနှင်နှင်ဟု ပြောနိုင်၏။ သို့သော် ညှိနိုင်းအဖြေရှာမှုသဘောပါသည်။ အိုးမှန်လျှင်စလောင်း (အိုးအဖုံး) ရှိရမည်ဖြစ်သကဲ့သို့ အိုးနှင့် စလောင်း အံဝင်ခွင်ကျဖြစ်ဘို့လည်းလိုသည်။ အိုးနှင့်စလောင်းအံဝင်ကာ အကွာအဟမရှိမှ သဘာဝကျ၍ အသုံး တည့်မည်။ သည်လိုမှမဟုတ်လျှင် အိုးသည်၎င်း စလောင်းသည်၎င်း ကိုယ့်အလုပ်ကိုယ်လုပ်သည် မမည်တော့။ ထို့ထက် ထိုအိုးထိုစလောင်းတို့၏ အပေါင်းအစပ်မှ ကောင်းမြတ်သောအကျိုးတရားကို ကိုးစား၍မရနိုင်တော့။ လူတို့၏အကျိုးငှါ လူတို့ထုတ်လုပ်အပ်သော အိုးနှင့်စလောင်း အကြောင်းသင့်စေလိုလျှင် အိုးကိုအရင်ကြည့်။ အိုးသည်အခရာ။ အိုးတည့်လျှင် စလောင်းတည့်နှင့်ဖုံး အိုရွဲ့လျှင်စလောင်းရွဲ့နှင့်ဖုံး။ အိုးတည့်ကို စလောင်းရွဲ့နှင့် ဖုံးလျှင်မလုံ၊ အိုးရွဲ့ကို စလောင်းတည့်နှင့် ဖုံးလျှင်မခြုံ။ အိုးတည့်နှင့် စလောင်းတည့်ကိုမှမရနိုင်လျှင် အိုးရွဲ့နှင့် စလောင်းရွဲ့သည်သာ အဖြေ။ အိုးအရွဲ့ကိုလုပ်ထားမိသော အိုးထိမ်းသည်သည် စလောင်းကျမှ တည့်ချင်၍မရ။ စလောင်းအရွဲ့ကို တည့်စွာမြင်ချင်လျှင်တော့ ရွဲ့နေသော အိုးကိုအရင်ပြင်တန်လျှင်ပြင် ဖျက်ကာအသစ် ပြန်၍ လုပ်သင့်လျှင်လုပ်။ ထိုသဘောတရားသည် ခြားနားသောအိုးထိမ်းသည်နှစ်ဦးတို့ အိုးနှင့်စလောင်းအကွဲအပြား မရှိအောင်လုပ်ကိုင်ရခြင်းနှင့်လည်း အကြုံးဝင်သလို ပို၍ပင်ပဓာနကျ၏။ မြင့်မြတ်သောစာရိတ္တ (Ethics) နှင့် ဖြောင့်မတ်သောပညာရှင်စိတ်ဓါတ် (Professionalism) တို့ပင်ဖြစ်ပေသည်။

နှစ်ဆယ့်တစ်ရာစု မြန်မာတို့၏ရာဇဋ္ဌာနီနေပြည်တော်လွှတ်ရုံးပေါ်၌ နိုင်ငံတော် အတိုင်ပင်ခံဥပဒေ ပေါ်ပေါက်ရ ခြင်းသည် ဖွဲ့စည်းပုံတည်းဟူသော အိုးကြီး၏ နုတ်ခမ်းပါးနားမညီညာခြင်း တစ်နည်း ရွဲ့စောင်းခြင်း၌ အခြေခံ၏။ ဥပဒေ၏ဝိညာဉ်ဖြစ်သောဓမ္မဒိဋ္ဌာန်အစား ပုဂ္ဂလဒိဋ္ဌာန်ဖြင့်ရေးဆွဲအပ်သည်ဖြစ်၍ စံမဝင်ကျင်တွယ်မကိုက်သော အနှီဖွဲ့စည်းပုံအိုးကြီးကို လုံခြုံစွာဖုံးရန်အလို့ငါ မဏ္ဍိုင်သုံးရပ်တည်းဟူသော အိုးအဖုံးသည်ကျင်တွယ်ကိုက်ဖြစ်ဘို့ ရာမလွယ်။ ထိုအတိုင်းမျှော်လင့်၍မရ။ သမ္မတသည်နိုင်ငံသားအားလုံးတို့၏ အထွဋ်အထိပ်နေရာရရှိသည် ဟု ပြဋ္ဌာန်းထားရှိရာ၌ ထိုအထွဋ်အထိပ်ကိုမည်ကာမတ္တပမာထား ကိုယ်ပွားသမ္မတပေါ်ပေါက်လာရခြင်းသည် အရွဲ့ တစ်ခုဖြစ်၏။ တစ်ဖန် သမ္မတအထက်ကဟု မဆိုနိုင်သည့်တိုင် သမ္မတကဲ့သို့ပင်လွှတ်တော်ကို တာဝန်ခံသော၊ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အကြံပြုချက်များကိုပေးအပ်သော၊ အစိုးရအဖွဲ့နှင့် ဋ္ဌာနဆိုင်ရာများ အဖွဲ့အစည်းများ အသင်းအဖွဲ့များ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သော နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ပေါ်ပေါက်လာရခြင်းမှာ ပဓာနအရွဲ့တစ်ခုဖြစ်၏။ မည်မှရွဲ့သနည်းဆိုသော် ကမ္ဘာမှာ ရှာမှရှားအောင်ပင် ရွဲ့၏။ အကြောင်းကား အသို့နည်း။ ကမ္ဘာတွင်အကြာဆုံးအချိန်ယူရေးဆွဲခဲ့ပြီး အမြန်ဆုံးအတည်ဖြစ် ခဲ့သော ဖွဲ့စည်းပုံအိုးကြီးက ကမ္ဘာတွင်ပြိုင်စံရှားအောင် ရွဲ့လေသောကြောင့်ဖြစ်ပေသည်။

နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား စေလျက် တိုင်းရင်းသားပြည်သူ(အ)များ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်းရန် သံန္နိဋ္ဌာန်ဖြင့် ပြဋ္ဌာန်းခဲ့သောဖွဲ့စည်းပုံသည် ထိုဖွဲ့စည်းပုံအရ တိုင်းရင်းသားပြည်သူ အများစုက သူတို့၏ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် အကောင်းဆုံးဆောင်ရွက်နိုင်မည်ဟု လေးနက်သောယုံကြည်ချက်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့သည့် ခေါင်းဆောင်အား

နိုင်ငံတော် အထွဋ်အထိပ်နေရာ ထားရှိခြင်းကို ထိုဖွဲ့စည်းပုံကပင် ရည်ရွယ်ချက်ရှိရှိ တားမြစ်ပိတ်ပင်သည်ဟု ယုံကြည်ရန်အကြောင်းပေါ်ပေါက် လေသောအခါ၊ သည့်ထက်ပို၍လူတို့လုပ်သောတရား အမှားရှိလျက်အပြင်ခက်ရန်ရည်သန်ကျင့်ကြံသူတို့ရှိပြီး သူတို့အား မည်သို့ပင်နှိမ်ချစွာဖျောင်းဖျစေ့စပ်သော်ငြား မအောင်မြင်နိုင်သည့်အခါ အိုးအရွဲ့၏အကျိုးမဲ့မှု နည်းပါး သက်သာစေရန် ကြံဆောင်ရုံမှတစ်ပါး အခြားမရှိပြီ။

စင်စစ် နိုင်ငံတော်အထွဋ်အထိပ်ဆိုသည်ကို နေရာထက် တာဝန်အဖြစ်ခံယူသူ ခေါင်းဆောင်အဖို့ ပြည်သူတို့ထံ ပေးအပ်ထားသည်ကတိကဝတ်များအား အချိန်မဆိုင်းဘဲ အကောင်အထည်ဖေါ်နိုင်ဘို့နှင့် ကမ္ဘာ့အလယ်တွင် နိုင်ငံတော်ကို တင့်တယ်စွာ ကိုယ်စားပြုနိုင်ဘို့ရာ (ဥပဒေက ဦးဆောင်မှုကို တမင်တားမြစ်သည့်တိုင်) ဦးဆောင်သူ သမ္မတအပါအဝင် အုပ်ချုပ်ရေးယန္တရားကြီး တစ်ခုလုံးအပေါ် တရားဝင်သြဇာသက်ရောက်မှုရှိသော အနေအထား တစ်ရပ် မဖြစ်မနေလိုအပ်သလို အဆောတလျင်လည်းလိုအပ်၏။ ထိုအတွက် (ပြည်သူတစ်ရပ်လုံး၏ဆန္ဒမဲအရ) အင်အားအသာစီး ရထားသော လွှတ်တော်တွင် လိုအပ်သလိုဥပဒေပြဋ္ဌာန်းခြင်းသည် အများစုနှင့် ဒီမိုကရေစီကို အနိုင်ကျင့်ခြင်း မမည်။ မည်ခဲ့သည်ဆိုလျှင်ပင် ပြည်သူငါးသန်းတို့က ဥပဒေနှင့်အညီ လက်မှတ်ရေးထိုးတင်ပြခဲ့ သည်ကို မျက်ကွယ်ပြုရုံမက ပျက်ရယ်ပါပြုခဲ့ဘူးသည့် ပြီးခဲ့သော လွှတ်တော်၏ အစဉ်အလာဟုသာ မှတ်ယူပြီး ထိုအစဉ်အလာမျိုး နောက်ထပ်မဖြစ်ပေါ်စေဘို့ အဂတိကင်းကင်းဖြင့် ညှိနိုင်းဖြေရှင်းကြရုံသာရှိ၏။ ငြိမ်းချမ်း သာယာဝပြောရေးကို အစဉ်ရှေးရှုသည်ဆိုလျှင် အစဉ်အလာကောင်းများကိုသာ ထားခဲ့ကြဘို့လိုသည်။

မည်သို့ဆိုစေ အငြင်းပွားဘွယ်ဥပဒေအတည်ဖြစ်ခဲ့ပြီး ပြည်သူလိုလားသောခေါင်းဆောင်သည်လည်း သင့်တင့် လျောက်ပတ်စွာ တာဝန်များစတင်ထမ်းဆောင်နေပြီဖြစ်၏။ ထိုတာဝန်ကိုလည်း နိုင်ငံတော်၏ရင်နှစ်သည်းခြာ ကျောင်းသားများအပါအဝင် ကွဲပြားသောယုံကြည်ချက်ကြောင့် အချုပ်ကျနေသူများ ထောင်သွင်းအကျဉ်းချခံ နေရသူများချွင်းချက်မရှိ ပြန်လည်လွတ်မြောက်နိုင်စေရန် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်သည့်နည်းလမ်းများ ထောက်ပြပေးခြင်း (ကိုယ်တိုင် ဆောင်ရွက်ခြင်းမဟုတ်)၊ ဆောင်ရွက်နိုင်သူတို့က လိုက်နာခဲ့ကြခြင်းဖြင့် မြန်မာ့ နှစ်သစ်ကို မင်္ဂလာရှိစေခဲ့ပြီဖြစ်၏။ တိုင်းရင်းသားပြည်သူအများ၏ သာဓုသံကိုအတိုင်းသားကြားနိုင်သည်။ ငြိမ်သက်သူတို့ မုဒိတာပွားနေကြသည်ဟု ယုံကြည်သင့်၏။ နေသေးသပခြုံထဲက လုပ်နေသူတွေရှိချင်ရှိမည် ရှိလျှင် အိုးကြီးကိုသတိရစေချင်သည်။ သည်အိုးကြီးကို သည်အတိုင်းစောင့်ရှောက်ထားရှိနေလိုသော အစွဲသည် လောကီလောကုတ်နှစ်ဖြာသောအကျိုးတို့ကို ဆုတ်ယုတ်စေမည်သာဖြစ်ကြောင်း ဟုတ်တိုင်းမှန်စွာသိရာ၏။ ဤသို့သော ဒိဋ္ဌိပြုတ်အလုပ်ပေးတရားဖြင့် အရွဲ့သံသရာအားဖြတ်တောက်နိုင်ပါမှ တန်ကာကျပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သည်အိုးကြီးမပြင်သမျှ သည်အရွဲ့ကရှိနေမည်မို့ပင်။

အရွေးချယ်ခံအများစုဆန္ဒက လွှတ်တော်တွင်သရုပ်ပေါ်သည်။ သို့သော် အရေးကြီးသောအုပ်ချုပ်ရေး ကိစ္စရပ် တွေမှာ သမ္မတသည် ကာ/လုံ ဟု လူသိများသော သူကိုယ်တိုင်အဖွဲ့ဝင်ဖြစ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနိုင်းရသည်။ အဆိုပါ ကာ/လုံ၏ အင်အားသည်ကား တပ်မတော်။ သမ္မတသည် လွှတ်တော်ကိုရော ကာလုံကိုရော တာဝန်ခံရသည်ဟု ယူသော်ရမည့်သဘော။ တစ်ဖန် ကာ/လုံ တွင်ညှိနှိုင်း ပြီးသော အချို့ကိစ္စရပ်များအား ဆုံးဖြတ်ရန်အလို့ငှါ လွှတ်တော်သို့တင်ပြရသည်။ လွှတ်တော်ကအများစုနှင့် ကာ/လုံ က အများစုတို့သဘောမညီသမျှ ဂျာအေးသူ့အမေရိုက်ကြမည့်ကိန်း။ သို့ဖြစ်ရာ မူဝါဒအရ အချိန် ကာလအရ လိုအပ်ချက်အရ ဖြစ်နိုင်သမျှ ကာ/လုံကို ဥပဒေနှင့်အညီ ကွင်းရှောင်မှုတွေရှိလာမည်။ ဤသည်ကို နှစ်ဘက်ဘေးတီးမှုတွေနှင့် ပေါင်းစပ်လိုက်သောအခါ (ယ္ခုပင် တပ်မတော်ကြီးရေ မှတ်ပြီလားဟေ့ ဟု မေးငေါ့ သူတွေ တပ်မတော်ကြီးစိတ်ဆိုးမှာစိုးသူတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီ။) သူဖြူလျှင် အယူဖြောင့်နိုင်ငြား သူမှောင့်မှာကို ကြောင့်ကျစရာတွေဖြစ်လာမည်။ ရင်ကြားစေ့ရင်း ကြိုးပန်းရယူထားသမျှ ဒီမိုကရေစီအရွေ့တွေ သည်ပုံသည်နည်း အရွဲ့တွေအပဲ့တွေဖြစ်ချင်ဖြစ်။ မဖြစ်လျှင်ပင် အစောင်းအမြောင်းတောမှာ သြောင်း နမော ဒူရေဒူရေ ပြည်သူတွေရွှေပြည်တော်မျှော်ရင်းဝေးကြမည်။

ကရင်ကြီးဝါးခုတ်ရင်းသံချပ်ထိုးသလို “အကောက်ထဲကအဖြောင့်ရှာ လိမ်လိမ်လေးဟာ အဖြောင့်ဆုံးပါ ဝေ့” ဆိုသည်မျိုး ယနေ့နိုင်ငံရေးရေယာဉ်ကြောတွင် အလုပ်သဘောမျောနေရခြင်းမှာ လွတ်လပ်ရေးရပြီးကတည်းက အညီအညွတ်ပြိုကွဲခဲ့ခြင်း၊ သံသယကိုအစဉ်အဆက်လမ်းခင်းခဲ့ကြခြင်း၊ အာဏာကိုအတ္တအလို့ငှါ ထူထောင်ကာ အကြောက်တရားဖြင့် မွှမ်းထုံခဲ့ကြခြင်း၊ ထိုအကြောက်တရားကို အာဃာတဖြင့်မောင်းနှင်ကျော်ဖြတ်ခဲ့ကြခြင်း တို့၏ ရလဒ်သက်သက် အကျိုးဆက်ဖြစ်၏။ ပညာရှေ့သွားသော ဆင်ခြင်တုံတရားအား ပြုစုပျိုးထောင်ရန် ခေတ်အဆက်ဆက် ယွင်းပျက်ခဲ့ကြခြင်းကြောင့်ဖြစ်လေသည်။ စံနစ်တိုင်းစံနစ်တိုင်းမှာပင် ဖွဲ့စည်းပုံအိုးကြီးတွေ ရွဲ့ခဲ့ကြပြီး စလောင်းမတန်ဗြောင်းဆန်အောင်ကွဲကာ စူ့ထက်စူလူစွမ်းကောင်းများသာပေါ်ထွက်လျက် ကမ္ဘာမှာ ရွာနာဖြစ် ဖွတ်သထက်ညစ်ခဲ့ရသမျှ သည်ခေတ်တွင်မှ ဗြဟ္မဝိစာရဖြင့် မပြင်နိုင်ကြပါလျှင် အရှုံးသံသရာ အဖန်များစွာလည်ရမည့်အရေး သမ္မာသင်္ကပ္ပအတွေးအမှန်ဖြင့် သမ္မဝါယမ မနှေးအမြန် ကျင့်ကြံအားထုတ်ကြဘို့ အချိန်အခါကသင့်ပေပြီ။ (စကားချပ်။ ကရင်ကြီး သံချပ်ထိုးသလိုဟု ပြောဆိုသုံးနှုံးခဲ့ခြင်းမှာ မူလစကား ခွန်အား မလျော့ပါးစေရန်သာ ရည်ရွယ်ရင်းဖြစ်ပြီး မည်သို့သော လူမျိုးဘာသာရေး ဂိုဏ်းဂဏ ဝါဒစွဲတစ်ရပ်ရပ်၏ ပူးကပ် နှောက်ယှက်ခြင်းမျိုး အလျဉ်းမရှိပါကြောင်း ဖေါ်ပြလိုပါသည်။)။ ဘဘ မမ ကိုကို ဗိုလ်ဗိုလ်တို့ စိတ်ရှိလျှင် လာသည် စိတ်မရှိလျှင် ကြာမည်၊ စိတ်မရှိမရောက် စိတ်ရှိကအခေါက်ခေါက် ဆိုလောက်သည့်အကြောင်း သူမြတ်တို့၏စကားဟောင်းကို ပြန်ပြောင်းဆင်ခြင်လျက် မြင်နိုင် ဖျဉ်နိုင် ကြိုးကုတ်နိုင်ကြ ပါစေသတည်း။