ကဗျာ ဆောင်းလူ

ဆောင်းလူ – တိမ်နာကျနေတဲ့ ငှက်

 

 ဆောင်းလူ – တိမ်နာကျနေတဲ့ ငှက်
မတ်လ ၁၂၊ ၂၀၁၆

မုဆိုးကို ရှောင်ရင်း … ကျော့ကွင်းကို ရှောင်ရင်း
အဆုပ်လိုက် အံကျနေတဲ့ တိမ်ပွင့်ကြား
ကောင်းကင်ကို တိမ်နဲ့အတူ လေဟုန်စီး ဟန်ကျနေတုန်းတော့ အကောင်း …။

ဘာပြောစရာလိုမလဲ
တိမ်တွေကလည်း တိမ်တွေအလျောက်
ငှက်ကလည်း ငှက်အလျောက်ပေါ့။

ငှက်တောင်နဲ့ ခြစ်မိလို့ အစင်းရာတွေ ဗလပွကြား
တိမ်ခမျာလည်း နာကျင်လို့ ညည်းနေရှာတယ်။

ဒီလိုပါပဲ
ဝတ်လစ်စလစ် ပြေးလွှားနေရလို့
ငှက်ခမျာလည်း တိမ်တွေကြား အရှက်ရနေရှာတယ်။

တိမ်ခမျာလည်း သူ့သဏ္ဌာန်ကိုဖျောက်ဖျက်သူကို သူ့အကြောက်နဲ့သူ
ငှက်ခမျာလည်း တိမ်လွှာတွေကိုသောက် မူးနောက်လို့ သူ့အကြောင်းနဲ့ သူ …။

တိမ်ကလည်း စီးရင်း … မျောရင်း ….
ငှက်ကလည်း လူးရင်း … လွန့်ရင်း….
ပုံသဏ္ဌာန်မျိုးစုံနဲ့ ဟန်လုပ်နေရတဲ့
ဒီတိမ်ကိုတွေ သောက်သုံး လေပူကြားမှာ မူးရင်း
ငှက်ခမျာ တိမ်နာကျနေလေရဲ့ ….။

မတ် ၉၊ ၂၀၁၆။ ည ၈း ၅၇ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts