သတင်းပဒေသာ

ဖေးမကူညီ လက်တွဲမည့် ပေါင်းတည်က ကုမ္မာရီများ

ဖေးမကူညီ လက်တွဲမည့် ပေါင်းတည်က ကုမ္မာရီများ
မိုးမခအထောက်တော် ၀၀၃၊ အောက်တိုဘာ ၁၈၊ ၂၀၁၃
မြန်မာပြည်က ကိုယ်ထူကိုယ်ထ လူမှုရေး၊ ပညာရေး ထောက်ကူတဲ့ အဖွဲ့တွေ အများအပြားထဲက စိတ်ဝင်စားမိတဲ့ အသင်းတခုကတော့ ‘ဖေးမကူညီ လက်တွဲမည် (ပေါင်းတည်မြို့ အမျိုးသမီးများ) အသင်းဖြစ်ပါတယ်။ သူတို့ တတ်နိုင်တဲ့ နေရာဒေသက အစုအဖွဲ့ကလေးအဖြစ် ရပ်တည်ဆောင်ရွက်နေတဲ့ အကြောင်းက ခေါင်းစဉ်မှာကတည်းက ပေါ်လွင်နေပါတယ်။ ဇွန်လ ၇ ရက် ၂၀၁၂ က စတင်ခဲ့တာမို့ သက်တမ်း ၁ နှစ်ကျော်၊ ဆက်သွယ် သတင်းမျှဝေတဲ့ဆီမှာ လွယ်ကူလျင်မြန်တဲ့ ဖေ့စ်ဘွတ်စာမျက်နှာလေးနဲ့မို့ သူတို့ လှုပ်ရှားမှုလေးတွေကို ၀မ်းသာဂုဏ်ယူ အားကျဖွယ် မြင်တွေ့နေရပါတယ်။
သူတို့အသင်းရည်ရွယ်ချက်ကလည်း ကိုယ့်အရပ် ကိုယ့်ဒေသမှာ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားချင်းတွေ အချင်းချင်း လက်တွဲပြီး ၀ိုင်းဝန်းလုပ်ကိုင်လို့ ကောင်းတဲ့ တနိုင်တပိုင်ဖြစ်ပါတယ်။ ပေါင်းတည်မြို့ကို အခြေခံတယ်၊ ပေါင်းတည်အမျိုးသမီးမိတ်ဆွေတွေနဲ့ စုစည်းတယ်၊ ဒေသက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လိုအပ်ချက်တွေကို ‘ဖေးမ’ ကြမယ်လို့ ပြောထားပါတယ်။ ဖွဲ့စည်းပုံကလည်း လွတ်လပ်တဲ့ ပရဟိတအဖွဲ့၊ အဖွဲ့ဝင်တွေက တလ ငွေ ၁ထောင်နဲ့ မတည်၊ တလချင်း ရသမျှ အားလုံးသဘောတူတဲ့ နေရာ ဌာန လူပုဂ္ဂိုလ်တွေထံကို အကုန်လုံး စာရင်းပြတ် လှူကြတာ ဆိုတော့ အတော်ကို အခြားဝေယ၀စ္စအေးတဲ့ ကင်းတဲ့ လည်ပတ်မှုပါပဲ။
သူတို့ အမျိုးသမီးအသင်းကလေးက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်း၊ လိုအပ်နေတဲ့ နေရာဌာန၊ သက်ကြီးရွယ်အိုတွေဆီကို သွားရောက်လှူဒါန်းတဲ့ သတင်းတိုထွာ၊ ဓာတ်ပုံကလေးတွေကလည်း ပျော်ရွှင် အားကျ ကြည်နူးဖွယ် ကောင်းလှပါတယ်။ နောက်ဆုံးတင်ထားတဲ့ လှုပ်ရှားမှုတခုကတော့
‘ပေါင်းတည်မြို့ ၊ တာပွန်လမ်း ဘိုးဘွားရိပ်သာရှိ အဘိုး ၊ အဘွားများအား အလှူငွေ(၁၀၀၀)ကျပ် ၊ မျက်နှာသုပ်ပ၀ါ အသေး (၁)ထည် ၊ ရောဂီတဘက် (၁) ထည် စီ လှူဒါန်းမှာပါ။ *မျက်နှာသုပ်ပ၀ါ (၁)ထည်စီကတော့ ဆရာမ ဒေါ်စန်းစန်းဋ္ဌေး နှင့် (မြေး) မရွှေရည်နှင်းလှိုင် တို့ မှ မွေးနေ့ အလှူအဖြစ် လှူဒါန်းထားခြင်းဖြစ်ပါတယ် …’ လို့ ရေးထားတာကြောင့် လစဉ် အသင်းသားအလှူရှင်တွေအပြင် သဒ္ဒါပေါက် ရပ်နီးရပ်ဝေးက စေတနာရှင်တွေကလည်း တတတ်တအား ဖေးမနေကြပုံပါပဲ။
သူတို့တွေရဲ့ လှုပ်ရှားမှုတွေ၊ သတင်းတွေကို ကိုယ်ကျိုးအတွက် မသုံးရဘူးလို့ တားမြစ်ထားပါတယ်။ မိုးမခကတော့ သူတို့ ကုမ္မာရီတွေရဲ့ လှုပ်ရှားမှုကို ကောင်းသတင်း ဖြန့်ချင်တာကြောင့် သင့်တော်မယ့်ဓာတ်ပုံကို ကူးယူတင်ဆက်လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts