၂၀၀၇ အောက်တိုဘာ (၁၆)ရက်..။ညမှောင်လာပြီ..။တအိမ်လုံး.တိတ်ဆိတ်စွာ..။တအိမ်လုံး ဆိုလို့  အိမ်သားက လေးယောက်သာ..။အသက်၇၀ကျော် ဖေဖေ..။ ကျမတို့ လင်မယားနှစ်ယောက်..။ပြီးတော့ ၆တန်းကျောင်းသား သားလေး..။တနေ့ လုံး ဖေဖေနဲ့  ခင်ပွန်းအတွက် လိုမယ် ထင်တဲ့  ပစ္စည်းတွေနဲ့  ဆေးဝါးတွေ..ကိုအသင့် ပြင်ဆင်ထားတယ်..။တကယ်တော့ ဒီကိစ္စဖြစ်သွားချိန်မှာ ဖေဖေက အိပ်ယာတောင် မနိုးသေး..။ဒါပေမဲ့  ဖေဖေက “ဘာပဲဖြစ်ဖြစ် ဒါက နိုင်ငံရေးနဲ့  ဆိုင်တယ်..။ငါက နိုင်ငံရေးသမား..။ဒီတော့ ခေါ်စရာရှိရင် ငါ့ကို ပဲ ခေါ်ပစေ….” လို့  ဇွတ်ပြောနေတယ်..။ဒါကလည်း သားမက်နဲ့  သမီး အတွက် စိုးရိမ်စိတ်..။မြေးကလေးအတွက် အကာအကွယ်ပေးလို စိတ် တွေ နဲ့ သာ ပြောနေတာ..။
မြို့ ထဲမှာ ထွက်နေတဲ့  သတင်းတွေအရ ခုည ကျမတို့ လင်မယား နှစ်ယောက်စလုံးကို ဖမ်းမယ်
တဲ့ ..။ဒီလို အသံတွေ ထွက်တော့..ကျမခင်ပွန်းကလည်း. “ ကျနော်လုပ်တာ..ကျနော်ခံမယ်..။နီနီ လိုက်စရာမလိုဘူး..”တဲ့ ..။ ကျမ သူတို့ကို ဘာမှ ပြန် မပြောနေ..။ဒီ အဖြစ်အပျက် ကိစ္စမှာ ကျမတို့ ခွဲတမ်းချ နေလို့  မရမှန်းသိနေတယ်..။ဖေဖေနဲ့  ခင်ပွန်းကလည်း မသိ မဟုတ်..။ကျမ ဖာသာ ကျမအတွက် လိုအပ်မဲ့  ပစ္စည်းများကိုတော့ ဘယ်သူမှမမြင်အောင်..။အထူးသဖြင့် သားလေး မမြင်အောင်..ကျောပိုးအိတ်တခုနဲ့ ထဲ့ 
ပြီး ဘီဒို အောက်ဆုံးထပ်မှာ အသင့်ပြင်ထားလိုက်တယ်..။ကိုယ့်အလုပ်စီးပွါးရေးက စပါးဖိုး ပေးစရာ ရှိတဲ့ သူတွေကို နံမယ်နဲ့  ပေးရမယ့် ငွေနဲ့  တွဲပြီး အဆင်သင့်ထုတ်..။ငွေအပေးအယူ စာရင်းတွေကို စာအုပ်နဲ့  ချရေး..။
သားကို တနေ့လုံး ဘာမှစိတ်မပူဖို့ ..။မေမေတို့ကို မဖမ်းပါဘူး..။ဘာညာ..အားပေးခဲ့ ပေမဲ့ ..။
ညနေမှောင်တရီမှာတော့ စပြီး ဖွင့်ပြောလိုက်တယ်..။ကလေးတယောက် အနေနဲ့  သူလက်ခံနိုင်သလောက် အားတင်းဖို့ပါ..။ မေမေနဲ့ ဖေဖေကို လာခေါ်ကောင်းခေါ်မယ်..။သား လိမ်လိမ်မာမာ နဲ့  ဘဘစကားကို နားထောင်ဖို့..။ပြောလို့သာ ပြောရတယ်..။အဲဒီ အချိန်မှာ ကျမ သားအတွက်.. အနာဂတ်ကို ကျမ လှမ်းမကြည့်ရဲ..။တခုတော့ သေသေချာချာ မှာမိတယ်..။အဲဒီ အမှာက ကျမ သားလေး အပေါ် ရက်စက်
ကောင်း ရက်စက်နေမယ်..။၆တန်း ကျောင်းသားအရွယ် သားလေးကို ငိုချင်ရင် ခုထဲက ၀အောင်ငိုထားပါ..။
လာဖမ်းတဲ့  သူတွေ ရှေ့ မှာ သားမျက်ရည်တွေကို မေမေ မမြင်ချင်ပါဘူး..ဆိုတာပါပဲ..။သားလေးကို ကျေးဇူးတင်ရမှာက အဲဒီညမှာ သားဟာ မယုံနိုင်လောက်အောင်ကို နေတတ်ခဲ့ တာပါ..။မျက်ရည် တစက် ကျ မပြခဲ့ ပါဘူး..။
ည (၉)နာရီ လောက် အထိ ကျမတို့ အိမ်ရှေ့ တံခါးကို ဖွင့်ထားပေမဲ့ ..။ဘယ်သူမှ မလာ..။
ဘာသံမှ မကြားရလို့  ..အိမ်ရှေ့ တံခါးကို ပိတ်လိုက်တော့မှ ကားတစီး ရပ်သံကြားလိုက်ရတယ်..။အပြင်က ခေါ်သံတွေ ကြားတယ်..။ရပ်ကွက် လူကြီးတွေလည်း မျက်စိမျက်နှာမကောင်းစွာ..တရပ်ကွက်တည်း သားတွေကိုး..။ရဲတွေ ..အယောက်၂၀လောက် ..။စခန်းမှူးက သူတို့ လာရတဲ့  အကြောင်းနဲ့  ကျမတို့
လင်မယားကို မနက်က ကိစ္စ အတွက် မေးမြန်းစစ်ဆေးစရာရှိလို့  ခဏ ခေါ် ခွင့်ပြု ပါပေါ့..။အိမ်ထဲမှာ စာအုပ်တွေကို ဟိုဟို ဒီဒီ နဲနဲပါး ပါး ရှာဖွေကြတယ်..။အဲဒီလိုတုန်း ဖုန်းဝင်လာတယ်..။ရန်ကုန်က ညီမ ယုရဲ့  ဖုန်းပါ..။ဘယ်လိုလဲ..သူကလဲ စိတ်ပူလို့  လှမ်းဆက်တာ..။ဖေဖေက ဖုန်းကိုင်ပြီး..အခု အိမ်မှာ လာဖမ်းတဲ့  သူတွေ ရောက်နေပြီ..။နောက်မှ ပြန်ဆက်မယ်..လို့ ဆိုပြီး ဖုန်းချ လိုက်တယ်..။ကျမတို့ လဲ ယူစရာရှိတဲ့  ပစ္စည်းအနဲငယ် ယူပြီး သူတို့ နဲ့  ပေါင်းတည် ရဲစခန်းကို လိုက်ခဲ့ တယ်..။
ရဲစခန်းကို ရောက်တော့ ကျမတို့ လင်မယားကို တယောက်တခန်း ခွဲစစ်တယ်..။မနက်က အဖြစ်အပျက်ကို ပေါ့..။ကျမလဲ ဖြေနိုင်တာဖြေတယ်..။မသိတာ မဖြေဘူး..။မေးသမျှ ပဲ မေးတခွန်းဖြေတခွန်း ပေါ့..။အပို မပြောမိအောင် ပေါ့..။အထူးသတိထားတာကကျမ ဖြေလိုက်တာတွေဟာ ကျမခင်ပွန်း အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်မသွားစေဖို့ပါ..။
တကယ်တော့ မနက်က အဖြစ် အပျက်မှာ ကျမတို့ ဘာမှ ကြိုတင်ကြံစည်ထားတာမှ မရှိတာ..။
သူတို့  ရဲ့  လူထုဆန္ဒပြပွဲ ကြီး လုပ်မယ် ဆိုတာတောင် အောက်တိုဘာ (၁၅)ရက် ည အပြင်ကို မုန့်ဝယ်
ထွက်ရင်း သိတာ..။အဲဒီ အချိန်က ရွှေဝါရောင်တော်လှန်ရေး မှာ ပါဝင်တဲ့  ရဟန်းရှင်လူ ပြည်သူတွေကို မတရား ဖမ်းဆီး သတ်ဖြတ်ထားပြီးစမို့  တတိုင်းပြည်လုံးက လူထု ရင်ထဲမှာ အတော်ကို မကျေနပ်မှု ပြင်းထန် နေချိန်ပါ..။ဒီလို အချိန်မှာ ..ဒီလို အတုအယောင် ဆန္ဒဖော်ထုတ်ပွဲ ကြီး ကို ဘာရည်ရွယ်ချက်
နဲ့  အဓမ္မ လုပ်ရပါလိမ့် လို့ တော့ တွေးမိတယ်..။
အောက်တိုဘာ (၁၆)ရက် မနက် (၅)နာရီ လောက်မှာ ကျမ အိပ်ယာက နိုးတော့..ဘောလုံးကွင်း
ဖက် ဆီက လူသံအုပ်အုပ်ကို ကြားလိုက်ရတယ်..။ကျမတို့ အိမ်နဲ့  ဘောလုံးကွင်းက အတော်နီးတာကိုး..။
ဒါပေမဲ့  ကြားရတဲ့  လူအုပ် အသံက တော်တော် ရုပ်ရုပ်သဲသဲ ဖြစ်နေသံမျိုး..။လော်စပီကာနဲ့  လူအုပ်ကို စည်းကမ်းတကျ ရှိဖို့ အစီအစဉ် မပြီး ခင် မပြန်ကြဖို့  အော်နေသံကိုလည်း ကြားရတယ်..။ကျမ စိတ်ထဲမှာ
ဘောလုံးကွင်းထဲက လူထုကို ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေပြီ ဆိုတာကို သဘောပေါက်လိုက်တယ်..။
အိပ်ယာက ထပြီး မျက်နှာသစ်..။အိမ်ရှေ့  ဆိုင်တံခါးကို ထုံးစံအတိုင်း ဖွင့်  နေချိန်မှာ..ကျမခင်ပွန်းက သူ့ နိစ္စဓူဝ တရားထိုင် နေပါတယ်..။ အိမ်ရှေ့  ဆိုင်တံခါးဖွင့်ပြီး တံမျက်စည်း လှည်းနေတုန်း.ဘောလုံးကွင်းဖက်က လူတချို့  သိုက်ပွ..သိုက်ပွ နဲ့  ပြန်လာကြတယ်..။ကျမတို့  အိမ်ရှေ့ က ရေတိုင်ကီငုတ်ကလေးမှာ ၀င်ထိုင်ရင်း
တခုခုကို စောင့်နေကြပုံ..။ဘေးအိမ်က ကျမ ဦးလေးကလည်း ခြံရှေ့ ထွက်ကြည့်ရင်း အဲဒီ လူအုပ်ကို စုံစမ်းတယ်..။သူတို့က ကွင်းထဲမှာ လူတွေ ထိန်းမရလို့  အခမ်းအနား အစီအစဉ် တောင် လုပ်မရဘူး..။ပြန်တဲ့ သူတွေ ကလည်း ထပြန်ကုန်ကြတယ်..။သူတို့ကတော့ သူတို့ ရွာလူကြီး ဆီမှာ အခမ်းအနား တက်ကြောင်း
လက်မှတ်ထိုး ဖို့  စောင့်နေတာ ဆိုတာ သိရတယ်..။ကျမ မနေနိုင်တော့ပဲ..။အခု လူထု အစည်း အဝေးပွဲကို စိတ်ပါလို့  လာတက်တာလား လို့  မေးမိတယ်..။သူတို့က စိတ်ကတော့ ဘယ်ပါမလဲ ဗျာ..။တအိမ်တယောက်
မတက်မနေရ ဆိုလို့  လိုက်လာရတာ..။အခုလည်း လိုက်လာပြီး အစည်းအဝေး တက်ကြောင်း လက်မှတ်မထိုးရရင် သူတို့ကို ရွာလူကြီး က အရေးယူမှာ ကြောက်ကြောင်း ပြောကြတယ်..။ကျမကလဲ သူတို့ကို ရန်ကုန်က ရွှေဝါရောင်တော်လှန်ရေး အကြောင်းနဲ့  စစ်အစိုးရရဲ့  ရက်စက်တဲ့  လုပ်ရပ်တွေကို သိလား..။အဲဒါတွေကို ထောက်ခံလား..လို့  မေးတော့ သူတို့က မထောက်ခံပါဘူး ပေါ့..။အဲလိုဆို လက်မှတ်လဲ ထိုး မနေနဲ့  ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတာ ပြန်သာ ပြန်လို့  ပြောလိုက်တော့ သူတို့  လဲ သဘောပေါက်သွားပုံရတယ်..။ဆက်စောင့်မနေတော့ပဲ ပြန်သွားကြတယ်.။
ခဏကြာတော့ လူထုကို ထိန်းမရတဲ့  အတူတူ သူတို့ရဲ့  အလံစိမ်းစိမ်းကြီးတွေကို တလူလူထူပြီး
ကြွေးကြော်သံတွေ တိုင်လာတဲ့  ကြံ့ခိုင်ရေး တွေ နဲ့  ဌာနဆိုင်ရာဝန်ထမ်း တွေ ပါတဲ့  လူတန်းကြီးဟာ ကျမတို့ အိမ်ရှေ့ ဖက်ကို ချီတက် လာကြတယ်..။ဆိုင်ရှေ့ မှာ ကျမက ရေဒီယို နဲ့  ဘီဘီစီ သတင်းဖွင့် နားထောင်မလို့  လိုင်းဖမ်းနေတာပါ..။ကြွေးကြော်သံတွေ နဲ့  ဆူညံနေတော့ လိုင်းဖမ်းမရတော့ဘူး..။ လူတန်းကြီး ကျမတို့ အိမ်ရှေ့ နား မရောက်မီမှာအိမ်ထဲက ကျမ ခင်ပွန်းကို ၀ှိုက်ဘုတ်ကြီး ကိုင်ပြီး ရုတ်တရက် ထွက်လာတာ တွေ့ လိုက်ရတယ်..။သူလဲ ဆူဆူ ညံညံ အသံတွေ ကြောင့် တရားဆက်ထိုင်မရတာရယ်..။ပြီးခဲ့ တဲ့  ရက်တွေက ရွှေဝါရောင် တော်လှန်ရေး အရှိန်ကြောင့် ခံပြင်းဒေါသတွေ ရယ် ပေါင်းစုံ သွားပုံရပါတယ်..။
သူသယ်လာတဲ့  ၀ှိုက်ဘုတ်ပေါ်မှာ “ရဟန်းရှင်လူ ပြည်သူများကို နှိပ်စက်သတ်ဖြတ် ညှင်းပန်းသူများ အား ရှုံ့ ချကြ” ဆိုတဲ့  စာသားကို ခပ်သော့သော့ ရေးထားတာ တွေ့ ၇တယ်..။သူက ၀ှိုက်ဘုတ်ကြီးကို ကိုင်ပြီး “ ဒီမှာ ကြည့်ကြ ဟေ့” လို့  အော်လိုက်ပါတယ်..။လမ်းပေါ်ကလူတန်းကြီးထဲက ကြံ့ခိုင်ရေးတွေလဲ ခဏတော့  တွေသွားကြတယ်..။ပြီးမှ သူတို့  ခေါင်းဆောင်တွေက ကြွေးကြော်သံကို အသံမြှင့် အော်ဖို့ ပြောလို့  အသံကုန်အော်ကြတယ်..။ဌာနဆိုင်ရာ ၀န်ထမ်းတွေ အထူးသဖြင့် ကျောင်းဆရာဆရာမတွေကတော့ မိတ်ဆွေတွေ ဖြစ်လို့  သူတို့ လက်ထဲက ကိုင်လာတဲ့  လက်ကိုင်ဘုတ်ပြားလေးတွေကို အောက်နှိမ့်တဲ့ သူ နှိမ့်..။လွှတ်ချတဲ့ သူ ချ ဖြစ်ကုန်ပါတယ်..။
ကျမ ခင်ပွန်းကလည်း သူရေးထားတဲ့  “ ရဟန်းရှင်လူ ပြည်သူများကို နှိပ်စက်သတ်ဖြတ် ညှင်းပန်းသူများအား ရှုံ့ ချကြ “” ဆိုတဲ့  စာသားကို ကြွေးကြော်ပါတယ်..။ကျမက ခင်ပွန်းလက်ထဲက ၀ှိုက်ဘုတ်ကို ယူပြီး ၀င်းထရံ တံခါး မှာ ချိတ်ပေးလိုက်မိတယ်..။သူ..လွတ်လွတ်လပ်လပ်
ကြွေးကြော်လို့  ရအောင်ပါ…။အဲဒီ အချိန်မှာ ကျမတို့ ဇနီးမောင်နှံ နှစ်ယောက်လုံး..ဘာကိုမှ သတိမထားမိတော့ ပါဘူး..။ သူတို့တောင် တရားဝင်ခွင့်ပြုမိန့်ယူပြီး ကြွေးကြော်သံ တိုင်ခွင့် ရှိတဲ့  နေရာမှာ
ကျမတို့လည်း ကျမတို့ ယုံကြည်တဲ့  ကြွေးကြော်သံကို ကျမတို့  ခြံ ဥပစာမှာ ကြွေးကြော်ခွင့် ရှိရမှာပေါ့နော်..။
ဒါပေမဲ့  ခဏအကြာမှာ ကျမတို့ကို ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေတဲ့  ထောက်လှမ်းရေး ၀၀ကြီးတွေ..ကို မြင်လိုက်ရပါတယ်..။ကျမတို့လဲ ကျမတို့ ရဲ့  မမျှော်လင့်ပဲ ရုတ်တရက် အကောင်အထည် ဖော်ဖြစ်နိုင် လိုက်တဲ့  ကိုယ်ပိုင် ဆန္ဒဖော်ထုတ်ခွင့် အတွက် ဘယ်လို ကျေနပ်မိမှန်းကို မသိပါဘူး..။အမြဲတမ်း ကျမတို့ကို ဆန့်ကျင် ရှုံ့ ချခံခဲ့ ရတာလေ..။ဒီနေ့ တော့ ရှေ့ ဆက် ဘာပဲဖြစ်ဖြစ် ကျမတို့ ရင်ဆိုင်လိုက်ဖို့  ကျေကျေနပ်နပ်ကြီး ဆုံးဖြတ်လိုက် ပါတော့ တယ်..။ဒီ အချိန်မှာ လမ်းပေါ်က ဆူဆူညံညံ အသံတွေကြောင့် ဖေဖေ အိပ်ယာ က နိုးလာပါတယ်..။သားကလေးကတော့ အိပ်နေရှာတုန်းပါ..။