ဇင်လင်း ရသဆောင်းပါးစုံ

ဇင်လင်း – လွတ်လပ်ရေးနဲ့ အမျိုးသားရေး ဂုဏ်သိက္ခာ

ဇင်လင်း – လွတ်လပ်ရေးနဲ့ အမျိုးသားရေး ဂုဏ်သိက္ခာ

(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၆

၂၀၁၆ ဇန္န၀ါရီလ ၄ ရက်နေ့မှာ မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့တာ ၆၈ နှစ်ပြည့်ပါပြီ။ လွတ်လပ်ရေးရခဲ့တာ ဆယ်စုနှစ် ၇ ခု နီးခဲ့ပေမယ့် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဆင့်အထိ ကျရောက်နေပြီး၊ သာမန်ပြည်သူလူထုတွေ ဆင်းရဲခြင်း နွံထဲမှာ ယနေ့တိုင် နှာခေါင်းအထိ နစ်နေဆဲပဲ ရှိပါသေးတယ်။ အကြောင်းကတော့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်က ယခုတိုင် ဆက်လက်လောင်ကျွမ်းနေဆဲကြောင့်ပါပဲ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့ အတူစတင်ခဲ့တဲ့ ပြည် တွင်းစစ်မီးဟာ ဖဆပလအစိုးရ ဆယ်နှစ်ဆယ်မိုး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့သလို၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ န၀တ၊ နအဖ ခေတ်တွေအတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုများဟာလည်း စိတ်စေတနာ မဖြောင့်မှန်တာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ပြောရမယ် ထင်ပါတယ်။

ဇန္န၀ါရီ ၄ ရက်နေ့ မနက်ခင်းမှာ ရပ်ထဲ ရွာထဲ လမ်းလျှောက်ရင်း လှည့်ပတ်ကြည့်ဖြစ်ပါတယ်။ မည်ကာမတ္တ အားကစား ပြိုင် ပွဲကလေးတွေ နေရာအတော်များများမှာ ပြုလုပ်နေကြတာတွေ့ခဲ့ရတယ်။ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲလို့ဆိုပေမယ့် အမျိုးသားရေး ဂုဏ်သိက္ခာနဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုတွေ ထိုက်ထိုက်တန်တန် မလုပ်နိုင်ကြပဲ ပွဲဖြစ်ရုံ ကျင်းပခဲ့ကြတာကြောင့် မည်ကာမတ္တ အားကစားပွဲလို့ ထင်မြင်မိခြင်းဖြစ်ပါတယ်။ ပြိုင်ပွဲအများစုက အမျိုးသားရေးဂုဏ်သိက္ခာနဲ့ ထိုက်တန်တဲ့ အား ကစားကွင်းလိုနေရာမျိုးမှာ ပြုလုပ်နိုင်ခဲ့တာမဟုတ်ဘဲ လမ်းတွေပေါ်မှာ ပြုလုပ်ကြရတာဖြစ်လို့ ‘လွတ်လပ်ရေးအားကစားပွဲ’ လို့အမည်တပ်ဖို့တောင် အတော်ခက်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတဲ့ မိန့်ခွန်းတစ်ပိုဒ်လို လွတ်လပ်ရေးရပြီဆိုပြီး လမ်းပေါ်တက် ဆေးရွက်လှန်းသလိုများ ဖြစ်နေသလားလို့ တွေးမိလို့ပါ။ ဒါပေမယ့် ဒီကနေ့ အခြေအနေက ကလေး လူ ငယ်တွေ အားကစားလုပ်ဖို့ ကစားကွင်းတွေ မရှိတော့တာကို ဗိုလ်ချုပ်အောင်ဆန်းသာသိခဲ့ရင် ဘာများပြောလေမလဲ….လို့ လည်း တွေးတောမိပါတယ်။

မြို့ရွာအတော်များများမှာ အရင်က ကစားကွင်း ပန်းခြံ စားကျက်မြေ စသဖြင့် မြေကွက်လပ်တွေ စနစ်တကျ ရှိခဲ့ဖူးပါတယ်။ ဒီလိုမြေကွက်တွေကလည်း မြို့ပြဖွံ့ဖြိုးလာချိန်မှာ အချက်အချာကျတဲ့ နေရာကောင်းတွေ ဖြစ်လာတယ်။ ဒီတော့ ၀ိသမ လော ဘသား စစ်အာဏာရှင်များနဲ့ လက်ဝေခံ အပေါင်းပါများဟာ အများပြည်သူနဲ့ဆိုင်တဲ့ မြေနေရာတွေကို ဥပဒေ အလွဲ သုံးပြီး အပိုင်စီးခဲ့ကြတယ်။ မတော်လောဘနဲ့ မြေသိမ်းယာသိမ်းလုပ်မှုတွေထဲမှာ အားကစားကွင်းတွေ ပန်းခြံတွေလည်း မတရား သိမ်းယူခံခဲ့ကြရတာပေါ့။ ဒါကြောင့် လွတ်လပ်ရေးနေ့လို အခါသမယမှာ ကလေးသူငယ်တွေ ကျောင်းသား လူငယ်တွေခမြာ လမ်းတွေပေါ်မှာပဲ ဘော်လုံးကန်ကြ၊ အပြေးပြိုင်ကြ၊ ထုတ်စည်းတိုးကြ၊ ချောတိုင်တက်ကြ…စသည်ဖြင့် အားကစားပွဲတွေ ကျင်းပခဲ့ကြရတယ်။ လမ်းတွေကို ပိတ်ပြီး အားကစားလုပ်ကြတဲ့အတွက် အခြားတဖက်မှာ လမ်းသွား လမ်းလာတွေ အတွက် အဆင်မပြေဖြစ်တာ တွေ့ရပြန်တယ်။ လွတ်လပ်ရေးနေ့အားကစား ပြိုင်ပွဲဆိုပေမယ့် ဒီအဖြစ်အပျက်က မြန်မာနိုင်ငံရဲ့ သရုပ် မှန်ကို ပြနေသလိုပါပဲ။ နှစ်ပေါင်း ၅၀ လောက် အကျင့်ပျက် လာဘ်စားမှု၊ အာဏာအလွဲသုံးမှု၊ ဥပဒေစိုးမိုးရေး ဆိတ်သုဉ်း မှုတို့ကြောင့် လူငယ်မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားကဏ္ဍအပေါ် မမျှော်လင့်တဲ့ဆိုးကျိုးတွေ သက် ရောက်ခဲ့ရတယ်။ လူငယ်တွေ အားကစားကွင်းမှာ ပျော်မွေ့ရမယ်အစား၊ မူးယစ်ဆေး၊ ဘီယာယဉ်ကျေးမှု နဲ့ ကေတီဗီတွေရဲ့ သားကောင်တွေ ဖြစ်ကြရတယ်။ နိုင်ငံတကာ အဆင့်မီ ပညာတတ်တွေ အားကစားသမားတွေလည်း ပေါ်ထွက်သင့် သ လောက် ပေါ်ထွက်မလာ ဖြစ်ရတယ်။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲရလဒ် အဖြေကောင်းထွက်လာတဲ့အတွက် အဟောင်း တွေ ကုန်ဆုံးဖို့ အချိန်တော့ ရောက်လာပြီ။ အကောင်းဘက်ကိုဦးတည်တဲ့အပြောင်းအလဲတွေ ၂၀၁၆ ခုနှစ်မှ စပြီး မြင်တွေ့ရ တော့မယ်လို့တော့ လူထုက မျှော်လင့်နေကြပါတယ်။

ယခု ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ် တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မင်္ဂလာရှိတဲ့ လွတ်လပ်ရေးနေ့ကြေညာချက်ထွက်ပေါ်လာတာကို သတိပြုမိပါ တယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုအခြေခံပြီး ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားမယ်လို့ (၆၈) နှစ်မြောက် လွတ် လပ်ရေးနေ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာတွေ့ရတယ်။ ကြေညာချက်အပိုဒ် ၂  မှာ –

“အမျိုးသားလွတ်လပ်ရေးသည် ပြည်သူလူထုနှင့် တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏ သွေးစည်းညီညွတ်မှု သင်္ကေတဖြစ်ပါ သည်။ ထို့အတူ လွတ်လပ်ရေးအလွန် ကြုံတွေ့ခံစားခဲ့ရသော၊ နှစ်ပေါင်း (၆၀) ကျော်တိုင်တိုင် သက်ဆိုးရှည်နေဆဲ ဖြစ်သော၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အနိဋ္ဌာရုံများသည်လည်းကောင်း၊ လူသားမျိုးဆက် နှစ်ဆက်မျှ နာကြည်းဖွယ် ခါးစည်းခံခဲ့ရ သည့် မှားယွင်းသော ရက်စက်ကြမ်းကြုတ်သော အုပ်ချုပ်ရေးစနစ်များသည်လည်းကောင်း၊ အမျိုးသား စည်းလုံးညီညွတ်မှု အားနည်းပြိုကွဲခြင်း၏ သင်္ကေတများ ဖြစ်ပေသည်။” လို့ ဖေါ်ပြထားတယ်။

“အတိတ်၏အမွေဆိုးများကို ပစ်ပယ်စွန့်လွှတ်ပြီး ကောင်းမွန်လျော်ကန်သော အတွေ့အကြုံများရယူကာ ညီညွတ်ရေး၊ ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေးကို ဦးထိပ်ထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို လက်ညီတက်ညီ တည်ဆောက် ရမည့် အချိန်ဖြစ်သည်” ဟု NLD ကြေညာချက်မှာ ဆက်လက်ဖ်ါပြထားပါတယ်။ ဒီ့အပြင် နိုင်ငံတော် အနာဂတ်အတွက် တူညီတဲ့ ယုံကြည်မှု တည်ဆောက်နိုင်ပါက အငြင်းပွားမှုနှင့် သဘောထားကွဲလွဲမှုများ နည်းပါးလာနိုင်ကြောင်း၊ စိန်ခေါ်မှုများ ထဲမှ အခွင့်အလမ်းကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ကြောင်း စသဖြင့်လည်း ကြေညာချက်မှာ ဆက်လက် ဖော်ပြထားတယ်။

NLD ရုံးချုပ်မှာ ကျင်းပတဲ့  (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး ပေါင်းစုံနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စုဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး အားလုံးပူးပေါင်းဆောင်ရွက်ပြီး ပန်းတိုင်ကို အရောက်သွားရမှာဖြစ်ကြောင်း၊ ပင်လုံစိတ်ဓာတ်ကို ပြုစုပျိုးထောင်ပြီး လက်တွေ့ ကျကျ ထိရောက်အောင်လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ဒီ့အပြင် နောင်တက်လာမယ့် အစိုးရရဲ့ ပထမဆုံးတာဝန်က ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်ကြောင်း၊ ထိရောက်တဲ့  ငြိမ်းချမ်းရေး ညီလာခံကြီးကျင်းပပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အားလုံးပါဝင်နိုင်အောင် လုပ်ဆောင် ရမှာဖြစ်ပြီး စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံး တည်ဆောက်နိုင်ရေးအတွက် အားလုံးကြိုးစားကြဖို့လို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်။

အခမ်းအနားမှာ  ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့လွတ်လပ်ရေးဟာ မနုတော့ပါဘူး။ ရင့်ကျက်လာပါပြီ။ အခုကနေ စပြီး ကျမတို့အားလုံးဟာကိုယ့်နိုင်ငံရဲ့ကံကြမ္မာအတွက် တာဝန်ယူရမယ့် အချိန်ရောက်ပြီဆိုတာ သဘောပေါက်ဖို့ လိုပါတယ်။ လူများမှာတာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့ ဆက်ပြီးသွားလို့မဖြစ်ပါဘူး။ လူတိုင်းမှာတာဝန်ရှိတယ်။ ကိုယ့်နိုင်ငံ ပြည်ထောင်စု တိုး တက်ဖို့၊ ငြိမ်းချမ်းဖို့၊ သာယာဖို့အတွက်၊ ညီညွတ်ဖို့အတွက် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ဆက်ပြီး လုပ်ရပါ လိမ့်မယ်။ တာဝန်မယူချင်လို့ရှိရင် လွတ်လပ်ရေးရဲ့အရသာကို ခံစားရမှာမဟုတ်ပါဘူး။ လွတ်လပ်ရေး အရသာတော့ ခံစား ချင်တယ်၊ တာဝန်တော့မယူဘူးဆိုတာ ဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျမတို့လုပ်ရမယ့် အလုပ်တွေကလည်း အင်မ တန်မှ များပါတယ်” လို့ ပြောကြားခဲ့တာ ဗွီအိုအေ ရေဒီယိုကတဆင့် ကြားလိုက်ရပါတယ်။ ဒီစကားဟာ ထူးခြားတယ်လို့ ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲမှာ အားတက်စရာအကောင်းဆုံးစကားကတော့ “နောင်တက်လာမယ့် အစိုးရသစ်ရဲ့ ပထမဆုံးလုပ်သွားမယ့်တာဝန်ဟာ တိုင်းပြည်ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဖြစ်တယ်” လို့ပြောလိုက်တဲ့ အချက်ပါပဲ။ စစ်မှန် တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်ဆုံးတည်ဆောက်နိုင်အောင် ကြိုးပမ်းမယ်လို့လည်း ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပြီးမသတ်နိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးပန်းချီကားကြီးကို အပြီး သတ်နိုင်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၆-၂၀၂၀ NLD အစိုးရသက်တမ်းအတွင်းမှာ  တိုင်းရင်းသား အားလုံး အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် လေးစားမှုနဲ့ ညှိနှိုင်း အဖြေရှာရမယ့် ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေး မှုသစ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စွဲမြဲတည်တံ့အောင် ပန္နက်ချနိုင်ဖွယ်ရာရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လာမယ့်မတ်လကစတင်ပြီး စိန်ခေါ်မှုအမျိုးမျိုးနဲ့ အတိုက်အခိုက် အသွယ်သွယ်ကို ရင်ဆိုင်တွေ့ကြုံရဖို့ ဖြစ်လာပါ လိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင်ကောင်းရှိနေတဲ့အတွက် ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။ တိုင်းရင်းသားအင်အားစုများ အပါအ၀င် ပြည်သူလူထုနဲ့ ညီညီညွတ်ညွတ် လက်တွဲထားနိုင်သမျှ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မူဝါဒကို ဖြောင့် ဖြောင့်မှန်မှန် ကိုင်စွဲထားနိုင်သမျှ ဘက်ပေါင်းစုံ အကျပ်အတည်းတွေနဲ့ ပြဿနာမျိုးစုံကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ NLD အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့် ပုဂ္ဂိုလ်များနဲ့အရာထမ်းအမှုထမ်းတွေအနေနဲ့ သတိပြုရမှာကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုး သားဖြောင့်မတ်မှုနဲ့ ပြည်သူလူထုအပေါ် သစ္စာရှိမှုဆိုတဲ့ ဂုဏ်ပုဒ်ကို စံနမူနာယူကြဖို့ လိုပါလိမ့်မယ်။ “မင်းပင် ကောင်းလျှက် မင်းမြှောင်ဖျက်” ဆိုတဲ့ ဆိုရိုးစကားလို မဖြစ်ကြဖို့ ကိုယ့်တာကို ကိုယ်လုံအောင် တာဝန်ယူကြရပါလိမ့်မယ်။ NLD အဖွဲ့ဝင် တွေနဲ့ ၀န်းရံသူတွေရဲ့တာဝန်မဲ့မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရတာဝန်ရှိသူတွေရဲ့ ဂုဏ်သိက္ခာ မထိခိုက်ရ အောင် ကိုယ်ကျင့်သီလလုံကြဖို့ လိုပါတယ်။ မိမိတို့ရှေ့က အစိုးရလုပ်ခဲ့ကြသူတွေကို လူထုက ဘာကြောင့် ရွံရှာကြသလဲ..ဆိုတာ သတိပြုမှတ်သားကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံတော်သစ်ကို အမျိုးသားရေးဂုဏ်သိက္ခာနဲ့ပြည့်စုံပြီး နိုင်ငံတကာအလယ်မှာ ဦးမော့နိုင်တဲ့ တိုင်းပြည်တစ်ခုအဖြစ် ပုံဖော်နိုင်ရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စိတ်ဓာတ်နဲ့ အကောင်အထည် ဖော်ကြရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးပုံရိပ်ဟာ အမှောင်ကိုပယ်ခွင်းပြီး အလင်းကိုဆောင်ယူမယ့် လက္ခဏာ တွေ့နေရပါတယ်။ ပြည်သူလူထု မျှော်လင့်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးတို့ အတွက် ကောင်းမွန်တဲ့ နိမိတ်ပုံပါပဲ။ ဒါကြောင့်၂၀၁၆ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ မိမိကိုယ်တိုင်နဲ့ဝန်းရံအင်အားတို့ကို ပြုပြင်ပြောင်းလဲ ရင်း ခေတ်သစ်စနစ်သစ်တစ်ရပ်ကို ရှေ့ဆောင်လမ်းပြ တာဝန်ယူရတော့မှာဖြစ်ပါတယ်။ အချင်းချင်း နေရာလုကြ ကွဲကြ ပြဲကြ မဖြစ်ကြဖို့ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် NLD ပါတီဝင်များဟာ မိမိတို့ စောင့် ထိန်းရမယ့် နိုင်ငံရေး ကိုယ်ကျင့် သီလကို လုံခြုံအောင်ထိန်းခြင်းဖြင့် တိုင်းပြည်ကို ကူညီကယ်တင်ကြစေချင်ပါတယ်။ ပြည် သူလူထုရဲ့ကျေးဇူးသစ္စာ ကို စောင့်သိရိုသေကြစေချင်ပါတယ်။ မိမိတို့ခေါင်းဆောင်ကို အမှန်တကယ် လေးစားချစ်ခင်ကြောင်း မိမိတို့ရဲ့ ကိုယ်ကျင့်သီလကို အသက်နဲ့ထပ်တူ စောင့်ထိန်းခြင်းဖြင့် ပြသကြစေလိုပါတယ်။ ဒါမှသာ အမှန်တကယ် လွတ် လပ်ပြီး အမျိုးသားရေး ဂုဏ်သိက္ခာရှိတဲ့ ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နိုင်မှာ ဖြစ်ကြောင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts