ရသဆောင်းပါးစုံ

မောင်လူရေး – နိုင်ငံတော် အကြည်ညိုတက်စေမှု

 မောင်လူရေး – နိုင်ငံတော် အကြည်ညိုတက်စေမှု
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၆

ကလေးနဲ့ အလုပ်သမားဆိုတဲ့စကားလုံးကို အတွဲအစပ်ပြုပြီး “ကလေးအလုပ်သမား” လို့ သုံးရတာ ကရုဏာမဲ့သလိုဖြစ် နေသည်။

ကျောင်းက လမ်းပျော်ကလေးတွေနဲ့ ကလေးလုပ်သားတွေအကြောင်း စကားဝိုင်းဖွဲ့သည်။

ကလေးလုပ်သားတွေ ဘာ့ကြောင့်ရှိနေတာလဲလို့ သူတို့ကိုမေးတော့ မိဘတွေ အခက်အခဲရှိလို့၊ မိဖတွေ ရန်ဖြစ်တော့ စိတ် ညစ်ပြီး ထွက်ပြေးလာလို့၊ မိဘတွေက ရိုက်လို့၊ မိဘတွေ အသက်ကြီးလို့၊ မိထွေး ပထွေးနှိပ်စက်လို့၊ မိဘတွေသေလို့၊ မျက်စိ လည်ပြီး အိမ်မပြန်တတ်လို့၊ နောက် ကလေးလုပ်သားတွေက လစာနဲနဲဘဲပေးရလို့လို့ ပြောကြသည်။

မိဘတွေ ကိုယ့်သားသမီးကို ထိန်းနိုင်ရင်၊ မိဘတွေ အလုပ်အကိုင်ရှိရင်၊ မိဘတွေ ပညာတတ်ရင်၊ မိဘတွေ ချစ်ခင်ရင်တော့ ကလေးလုပ်သားတွေပျောက်သွားမယ်လို့ ပြောကြသည်။

အဲလိုပျောက်သွားအောင် အစိုးရက လူကြီးတွေအတွက် အလုပ်အကိုင်ရှိအောင် လုပ်ပေးရမယ်၊ မိဖမဲ့ကလေးကျောင်း တွေ ဖွင့်ရမယ်၊ လမ်းပေါ်ရောက်လာတဲ့ ကလေးတွေအတွက် ဂေဟာတွေ ကျောင်းတွေရှိရမယ်၊ လူအိုရုံတွေ ဆောက်ရမယ်လို့ လည်း ပြောကြပါသည်။

ပြီးတော့ လမ်းပေါ်ရောက်လာတဲ့ကလေးတွေအတွက် မှတ်ပုံတင်လုပ်ဖို့ အခက်အခဲအကြောင်းဆက်ပြောကြသည်။

အခု ရှိနေသေးတဲ့ကလေးလုပ်သားလေးတွေအပေါ် စားသုံးသူတွေဘက်က ဒါမှမဟုတ် အလုပ်ရှင်တွေဘက်က ညှာညှာတာတာဆက်ဆံရေးလေးပေါ်လာအောင်၊ တကယ်တော့ သူတို့ဟာ အလုပ်သမားလေးတွေမဟုတ်၊ ကလေးလေးတွေပါ၊ ကိုယ့်ကလေးလေးတွေလိုပါ၊ ကိုယ်ကိုယ်တိုင်ပါဆိုတဲ့ ခံစားမှုလေးတွေရအောင်၊ ကလေးလုပ်သားဥပဒေအမှန်တကယ်စိုးမိုးအောင်ဆိုပြီး သူတို့ပန်းချီဆရာကိုဖေစိုးအောင်ဆွဲပေးတဲ့ ပန်းချီကားတွေနဲ့ “ကလေးလေးတွေ” ဆိုတဲ့ ပန်းချီပြပွဲကို နိုဗယ် စာပေပွဲမှာ သွားပြမယ်ဆိုတော့ မှတ်ပုံတင်မရှိတဲ့ကလေးတွေအတွက် ရန်ကုန်ကားလက်မှတ်ဖြတ်ဖို့ အခက်အခဲရှိ သည်။ ရပ်ကွက်လူကြီးဆီက ထောက်ခံစာတောင်းရသည်။ သူကလဲ ခနခန အဝင်အထွက်လုပ်တဲ့ကလေးဆို သိပ်ထောက်ခံမပေးချင်လို့ပြောသည့်အတွက် ကျောင်းမှာနေနေတာ တယောက်က ၆ နှစ်၊ တယောက်က ၃ နှစ်ရှိပြီလို့ပြောမှ ရေးပေးသည်။ ပြခန်းတာဝန်ယူမယ့်ကလေးနှစ်ယောက်က မကြာခင်က မှတ်ပုံတင်ရသည်။ သူတို့က မိသားစုနဲ့ ချိပ်ဆက်လို့ရတော့ လုပ်ရ တာလွယ်ကူသွားသည်။ အခွင့်ရရင် ပြခန်းမှာ ဂစ်တာတီး သီချင်းဆိုမယ့်နှစ်ယောက်က မှတ်ပုံတင်မရှိ။ တယောက်က မိဖမဲ့၊ တယောက်က မိဖကွဲ။ သူ့အဖေမှာလဲ မှတ်ပုံတင်မရှိ။ အမေကို မမှတ်မိ။ ညီမလေးကို သီလရှင်တပါးက ရန်ကုန်ခေါ်သွားပြီး သီလရှင်ဝတ်ပေးထားသည်။ အဆက်အသွယ်မရ၊ ခေါ်သွားသည့် သီလရှင်က ဆုံးသွားပြီတဲ့။ ရန်ကုန်သွားရင်း ညီမလေးလဲ တွေ့လို့တွေ့ငြား ရှာချင်သည်တဲ့။ ကျောင်းနာမည်တော့ သိရပြီ။

လမ်းပျော်ကလေးဘက်က လူ့အသိုင်းအဝန်းထဲ ပြန်လည်ဝင်ရောက်ရန် တနည်း လမ်းပေါ်မှနေ အမိုးအကာအောက် ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေအုံးတော့ မှတ်ပုံတင်မရှိရင် လူ့အသိုင်းအဝိုင်းထဲ အမိုးအကာထဲ ဝင်ခွင့်ရဖို့မလွယ်။ ပီးတော့ ရောက်ရာနေရာ ဧည့်စာရင်းက တိုင်ရသေးသည်။ မှတ်ပုံတင်မရှိဘဲ ဘယ်လိုတိုင်မလဲ၊ ဘယ်မှာတည်းမလဲ။ ပိုက်ဆံရှိလဲ ဘယ်တည်းခိုခန်းမှ တည်းမရ။ လမ်းပျော်ကလေးတွေဟာ လမ်းဘေးကနေ အိမ်ပေါ်တက်ဖို့ အခွင့်အရေးမရှိသလို၊ ဟန်ကျပန်ကျ ဘယ်အလုပ်မှလဲ လျှောက်ခွင့်မရသလို၊ ဘယ်ကျောင်းပေါ်မှလဲ တက်ဖို့ အခွင့်အလမ်းမရှိပါ။ လမ်းဘေးမှာလဲ ပလပ်စတစ် ဗူးခွံကောက်ရင်း တခါတရံ ငါ့ဝမ်းပူဆာ မနေသာလို့ ခိုးရင်း ဆေးလိပ်သောက်ရင်း အရက်သောက်ရင်း ကော်ရှူ ရင်း မိန်းခလေးတချို့ ပြည့်တန်ဆာအလုပ်လုပ်ရင်း နေထိုင်နေကြရသည်။ ဒီလိုနဲ့ ရာဇဝတ်သားတို့နဲ့ ဆပ်စပ်မိသွားကြရသည်။ အားလုံးအတွက်ပညာရေးဆိုတဲ့ နိုင်ငံတော်ရဲ့ပညာရေးအသုံးစရိတ်ဟာ အဲလိုကလေးမျိုးတွေအတွက် တပြားတချပ်မှ မသုံးခဲ့ပါ။ အခု ဒီနှစ်ဘတ်ဂျက်မှာလဲ ပါမှာမဟုတ်ပါ။ ပညာရေးဥပဒေမှာကိုက ဒီကလေးတွေအတွက် စဉ်းစားထားတာ မတွေ့မိပါ။

ကျောင်းမှာရှိတဲ့ကလေးတွေထဲမှာ မိဖနာမည်တောင်မသိတဲ့ကလေးတွေပါသည်။ တလောကတော့ ကလေးတယောက်က မနှစ်ကထိတော့ အဖေနာမည်သိသေးတယ်၊ ခု ပြန်စဉ်းစားလို့ကို မရဘူးလို့ပြောသည်။ သူက ရမည်းသင်းဘက်က။ မိဖရှိ သည်။ မိဘအရင်းရော မွေးစားမိဘရောက ရိုက်လွန်းလို့ ထွက်ပြေးခဲ့တဲ့ကလေး။ အခု သူက ကော်ပြန့် စမူစာလုပ်တဲ့ ပလပ်လုပ်ငန်းကို ဦးစီးလုပ်နိုင်တဲ့သူဖြစ်နေပြီ။ ရွာနာမည်တော့ မှတ်မိသည်။ ပြန်ရှာကာ မှတ်ပုံတင်လုပ်ဖို့ စီစဉ်ရသည်။ သူ့ဘဝတဆင့်မြင့်ဖို့ လူထဲရောက်ဖို့က မှတ်ပုံတင်ရှိဖို့ အရေးကြီးလာသည်။

သူတို့ကို မှတ်ပုံတင်လုပ်ပေးဖို့ ပုံစံ ၁၀၊ မိဖမှတ်ပုံတင်၊ အဖိုးအဖွားနာမည်နဲ့ မှတ်ပုံတင်မေးတော့ မင်း လမ်းပေါ်ဘဲ ခွေးနေ ဝက်နေ နေပေတော့လို့ ပြောသလိုဖြစ်နေသည်။ အဲလိုကလေးတွေ တနည်း နိုင်ငံသားစစ်စစ်တွေအတွက် နိုင်ငံသားဖြစ် ကြောင်းနဲ့ နိုင်ငံသားကဒ်ကိုင်ဆောင်နိုင်ရန် နိုင်ငံတော်က လုပ်ပေးဖို့လိုပါသည်။ အမည်ခံလုပ်ပေးတာတွေ ရှိပါမည်။ ဂရုတ စိုက် အမှန်တကယ်လုပ်ပေးရန် တောင်းဆိုခြင်းပါ။ ကျောင်းက ဆရာမတွေ ကလေးတွေ မှတ်ပုံတင်ရရေးသက်သက်လုပ်ဆောင်နေတာကို သုံးလလောက်ရှိပြီ။  ရပ်ကွက်ရုံး လဝကရုံးသွားတဲ့အခေါက်ပေါင်း မရေနိုင်တော့ပါ။ ခု ၃ ယောက်နဲ့ ၁ ပိုင်း ဘဲ ရသေးသည်။

နိုင်ငံ့သားဖြစ်မှလည်း နိုင်ငံသားကောင်းတို့ ဘာတို့က ဖြစ်မှာမဟုတ်လား။

အဲလေ မှတ်ပုံတင်လေး ဘာလေးရှိတော့ နိုင်ငံတော်အနေနဲ့လဲ အခွန်တောင်းလို့ မဲတောင်းလို့ရပြီး နိုင်ငံတော်အကြည်ညို တက်စေတာပေါ့ နော။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts