ရဲရင့်သက်ဇွဲ – ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

 

ရဲရင့်သက်ဇွဲ – ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ခရစ်စမတ်ညမှာ ဘုရားသခင်ဟာ အလုပ်မအားရှာဘူး ….

ခရစ်စမတ်ညမှာ တတ်နိုင်သူတွေက အပျော်တွေကို အရည်ဖျော်

ဝမ်းထဲမှာ မီးတောက် သောကရောက်စရာဆိုလို့   

ဒီညအတွက် စီမံထားတဲ့ ကြက်ဆင်သားနဲ့ ဗျစ်ရည် လောက်ပါ့မလား

ဘုရားသခင်ကို ဖိတ်ကြားထားတာ ရောက်ပါ့မလား …….

အရိုးထိအောင်စူးတဲ့ ဒီလိုအေးခဲညမျိုးမှာ 

ဘုရားသခင်ကိုတမ်းတ မငြိမ်းချမ်းတဲ့ ဘ၀တွေမှာ

မတတ်နိုင်သူများကတော့ ဒုက္ခနဲ့ စစ်ပြေးနေရ

တောတိုး တောင်ကျော် ဆာလောင်မူနဲ့ ဝမ်းမီးတောက်

သောကရောက်စရာ အသက်နဲ့ ကိုယ်တွဲရက်သာ

နေရပ်ကို ပြန်ရောက်ပါ့မလား ….

တတွတ်တွတ်နဲ့  ရေရွတ်နေတဲ့ နှုတ်ဖျားက ဘုရားသခင်ရဲ့  အမည်နာမ

အမိုးရဲ့  မျက်ရည်တာရိုးကို ရိုက်ချိုးသွားခဲ့တယ်……

မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံရဲ့ နောက်ကွယ်မှာ

တောက်ပတဲ့ အနာဂတ်ဟာ ပြာချခံခဲ့ရပြီပဲ….

ဖိုးခွားလေးရဲ့  အတွေးထဲ မေးခွန်းများက ပလုံစီထလာ

ဘုရားသခင် ဘယ်မှာလဲ ဘုရားသခင် ဘယ်ရောက်နေသလဲ

ဒီလိုခရစ်စမတ်ညမျိုးမှာ ဘုရားသခင်ဟာ တို့ နဲ့ အတူရှိနေမယ်လို့ 

ဆရာလေးစောစံဖိုးရဲ့  ပြောစကားဟာ အမှန်တရားလား …

ဖိုးခွားလေးရဲ့  အတွေးများ ခြာခြာလည်

လူမှန်းသိတတ်စကထဲက တပြေးထဲပြေးနေခဲ့ရတာ

ငါတို့ နဲ့ အတူရှိနေတာက စစ်အာဏာရှင်စနစ်နဲ့  စစ်ပြေးဘဝ

အမှန်တရားအတွက် ဘုရားသခင်ရှိတယ် …. ငါမယုံကြည်နိုင်ဘူး……

ဒီလိုကြေကွဲစရာ ခရစ်စမတ်ညမျိုးနဲ့  ငါတို့ ဘ၀တွေကို

ဘုရားသခင်က

အထီးကျန်ကမ္ဘာထဲမှာ ထားခဲ့တယ် …….။

Photo – http://www.pri.org/stories/2013-12-24/christmas-santa-will-be-looking-somewhere-new-many-refugees