ရသဆောင်းပါးစုံ

သွန်းခ – ရေးရေးခိုင်းတတ်ပါတဲ့ အို…..အမျိုးသားနေ့ အကြောင်း

သွန်းခ – ရေးရေးခိုင်းတတ်ပါတဲ့ အို…..အမျိုးသားနေ့ အကြောင်း
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

မရေးပဲနေဦးမလို့ပါဗျာ။ မရေးပဲနေဦးမလို့ပါဗျ။ တော်နေကြာ ကိုယ့်ပေါင်ကိုယ် ပြန်လှန်ထောင်းသလိုဖြစ်နေမှာလည်းစိုးရ၊ ကိုယ့်သမီးလေးကို ကျောင်းမှာ အထုအထောင်းခံနေရမှာလည်း စိုးရနဲ့ကိုး။ ဒီဘက်ခေတ် အာစရိတွေခမျာလည်း ဟိုးရှေးရှေးက ဒိသာပါမောက္ခကြီးတွေလောက်နီးနီးသာ မတတ်ကြပေတဲ့ အရိုက်အနှက်တွေက ကြမ်းက ကြမ်းပါဘိကနဲ့။ ကိုယ့်တပည့် သားမြေးလေးတွေကို ရိုက်တာနှက်တာများဗျာ၊ လူမှုကွန်ရက်တွေပေါ်မယ် တွေ့ကြပေလိမ့်မပေါ့။ ရိုက်တာ နှက်တာသာ ကြမ်းလည်းကြမ်း၊ ကျွမ်းလည်းကျွမ်းပေတဲ့ အာစရိတွေကိုပြောပါတယ်။ အကုန်မဟုတ်ဖူးဗျနော်။

သွန်းခဆိုတဲ့ ကောင်ကလည်း ကိုယ့်ကလေးလည်း ကိုယ်မရိုက်တတ်သလို သူများကလေးကို သူ့မိဘကရိုက်နေရင်တောင် မကြည့်ရက်တဲ့ကောင်ပါခင်ဗျာ။ ရိုက်မှတဲ့လားဗျာ၊ ရိုက်မှနှက်မှ စာတော်မယ်ဆို ဟိုနွားတွေ၊ ကျွဲတွေ၊ ခွေးတွေ ပညာတတ် ကြီးတွေဖြစ်ကုန်ပြီး လူတွေကိုတောင်ပြန်အုပ်ချုပ်နေကြရောပေါ့တဲ့။ ကျောင်းနေအရွယ်ကလေးတွေကို နှိပ်ကွပ်ကြတာနဲ့ပတ် သက်လို့ပါလေ။

လိုရင်းပျောက်သွားပေမဗျို့။ ကြီးပြင်းလာခဲ့ရတာလည်း လိုရင်းမရောက်ပဲ ဝေ့လည်ကြောင်ပတ်တွေပြော၊ အုပ်ချုပ်ခဲ့ကြတဲ့သူတွေအောက်အနေရောက်ခဲ့ရပေသကိုး။ ဒီလိုဗျ။ သွန်းခ သမီးကို သူတို့ကျောင်းကစာစီစာကုံးအရေးခိုင်းလိုက်ပါတယ်။ စာစီစာကုံးဆိုတာ နကန်းတစ်လုံးမှမသိသေးတဲ့ သမီးနဲ့ အတန်းဖော်တွေရှိတယ်ဆိုရင် ယုံကြပါ့မလား။ သမီးတောင် သွန်းခ သင်ထားပေလို့ နိဒါန်း၊ စာကိုယ်၊ နိဂုံးရယ်နဲ့ ခွဲခွဲခြားခြားသိရှာတာ။ အရွယ်လား၊ တတိယတန်း၊ ၃ တန်းပါတဲ့ခင်ဗျာ။ ဟာ…..ငယ်သေးတာပေါ့ပြောဦးမလို့လား။ မငယ်လို့ သူတို့ကျောင်းကတောင် စာစီစာကုံး အရေးခိုင်းလိုက်ပါပြီရောလားခင်ဗျာ။    စာစီစာကုံးရေးနည်း သင်မပေးလိုက်ဖူးလား။ ဟုတ်ပါတယ်ဗျာ။ အဲဒီအကြောင်းကိုပဲပြောမလို့ပါ။ ဘာဆိုဘာမှသင်မပေး လိုက်တာပါဆို။ စာဖတ်ခိုင်း၊ ရေးနည်းသင်၊ လေ့ကျင့်ပေး၊ ပြိုင်ပွဲလုပ်၊ ဆုတွေပေးပြ အဲဒါတွေမှ မလုပ်ပေးပဲ စာစီစာကုံး တန်းရေးခိုင်းတာတော့ နည်းနည်းများသွားပြီထင်လို့ပါ။ ရေးခိုင်းလိုက်တာက”အမျိုးသားနေ့ တို့မမေ့” ခေါင်းစဉ်အောက်မှာ ရေးကြရမှာ။ ၁၂ယောက်ရေးခဲ့ကြ၊ အဲဒီထဲကမှ အရေးသွက်တဲ့၊ လက်ရေးလှတဲ့၊ ပြောရရင်တော့ဗျာ ရုပ်ပေါက်တဲ့ကလေး ရဲ့ပြင်ဆင်သမှုပြုလာခဲ့တဲ့စာကို အာစရိတွေက ရွေးမယ်၊ ဖြည့်တန်ဖြည့်မယ်၊ ပြီးရင် မြို့နယ်အဆင့်သွားပြိုင်ခိုင်းတော့မှာ။

သွန်းခကတော့ သမီးကိုသင်မပေးလိုက်ပေါင်ဗျာ။ သူဖတ်ဖို့တော့ ထုတ်ပေးလိုက်ပေသဗျ။ သပိတ်မှောက်ကျောင်းသားခေါင်း ဆောင်ဦးဘဦး (၁၈၉၅-၁၉၅၆) ရေးခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့ ဆောင်းပါးပေပေါ့။ ဆရာကြီးဦးဘဦးဟာ ပထမကျောင်း သားသပိတ်မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ် ၂ ခုက ကောလိပ်ကျောင်းသားတွေ (ကျောင်းသားဦးရေ ၃ဝဝ လောက်၊ ၁၉၂ဝ ဒီဇင်ဘာ ၅ ရက်နေ့ညမှာ) တရိုတသေတလေးတစားနဲ့ ခေါင်းဆောင်တင်မြှောက်ခံခဲ့ရသူပါ။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်မဖြစ်ခင် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) နဲ့ ကျောင်းသားတစ်စု ဟာဆရာကြီးဦးဘဦးဆီမှာ သွားတိုင်ပင်ခဲ့ကြရသေးတာပါ။

အင်္ဂလိပ်ဗျူရိုကရက်အစိုးရဟာ မြန်မာအထက်တန်းကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ တက္ကသိုလ်ဥပဒေမူကြမ်းကို ၁၉၂ဝ ဇွန်မှာ တိုင်းပြည်ကိုကြေညာခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်လုံးက မြို့လုံးကျွတ်အစည်းအဝေးတွေခေါ်လို့တစ်မျိုး၊ သတင်းစာတွေကတစ်မျိုး အမျိုးမျိုးကန့်ကွက်နေခဲ့ကြတဲ့ကြားထဲကနေ ၁၉၂ဝ၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက် ပါတော့တယ်။ အဲဒီတုန်းက မြန်မာပြည်မှာ ကောလိပ် ၂ ခု (ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်သာရှိခဲ့ပြီး ကာလကတ္တား တက္ကသိုလ်လက်အောက်ခံကောလိပ်တွေအဖြစ်နဲ့သာ တည်ရှိခဲ့ကြရာက မြန်မာပြည်မှာ သီးသန့်တက္ကသိုလ်တစ်ခုထားဖို့ယူဆပြီး မြန်မာလူမျိုးတွေနဲ့သင့်တော်မယ်ဆိုတဲ့ တက္ကသိုလ်ဥပဒေကြမ်းကို အင်္ဂလိပ်ဗျူရိုကရက်တွေက ပြဋ္ဌာန်းရေးသား ခဲ့ကြခြင်းပါ။

အဲဒီခေတ်မြန်မာ့နိုင်ငံရေးသမားတွေမစွမ်းဆောင်နိုင်ခဲ့တဲ့တက္ကသိုလ်ဥပဒေကို နိုင်ငံရေးမလုပ်ပေမယ့် မြန်မာ့နိုင်ငံရေးကိုစိတ် ဝင်တစားရှိခဲ့ကြတဲ့ကောလိပ်ကျောင်းသားကြီး ၁၁ ဦးဟာ ၁၉၂ဝ၊ ဒီဇင်ဘာ ၃ ရက်မှာ ရွှေတိဂုံဘုရားကုန်းတော်ပေါ်မှာအ ချိန် နှစ်နာရီကျော်ကျော် ဆွေးနွေး၊ ဆုံးဖြတ်၊ သစ္စာအဓိဌာန်ပြုခဲ့ကြတာကတော့ တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ကြဖို့ ပါပဲ။ (ကျောင်းသားသမိုင်းများပြန်ဖတ်လိုက်ရတိုင်း ကြက်သီးထစရာ၊ လေးစားစရာ၊ အားကျစရာ၊ ဂုဏ်ယူစရာချည်းတွေပါ။ အဲဒါလည်း အခုထက်ထိကျောင်းသားတွေကို သူပုန်သူကန်တွေအဖြစ်နဲ့ ဖိနှိပ်တုန်း၊ ချုပ်ချယ်တုန်း၊ ရိုက်လို့နှက်လို့ကောင်း တုန်း) ၁၉၂ဝ၊ ဒီဇင်ဘာ ၄ ရက်၊ စနေနေ့၊ နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့၊ ဗဟန်းရပ် ရွှေကျင်တိုက်ဆရာတော် ဦးအရိယ ကျောင်းတိုက်မှာ ကျောင်းသားပေါင်းစုံအစည်းအဝေးကျင်းပခဲ့ပါတယ်။ ကျောင်းသားဦးရေ ၄ဝဝ လောက်တက်ခဲ့ကြတဲ့ အဲဒီ ပွဲကနေ ဆုံးဖြတ်ချက် (၃) ချက် ကန့်ကွက်သူမရှိ သဘောတူပြဋ္ဌာန်းလိုက်ကြပါတော့တယ်။ သမိုင်းဝင်အချက် (၃) ချက် ဖော်ပြပါရစေ။ အာစရိတွေရော၊ သမိုင်းစိတ်ဝင်စားသူတွေရော၊ စာစီစာကုံးရေးချင်ကြသူ၊ ရေးခိုင်းချင်ကြသူတွေရော၊ ပျောက် လှချည်ရဲ့လို့သမိုင်းကို ခပ်ပေါ့ပေါ့သဘောထားတတ်သူပုဂ္ဂိုလ်ကြီးတွေရော၊ ရူးချင်ယောင်ဆောင်တတ်သူတွေရောမှတ်ထားကြဖို့၊ သိထားကြဖို့ပါ။

(၁) ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၇ ရက် အင်္ဂါနေ့၌မြန်မာပြည်လက်ထောက်ဘုရင်ခံ ရန်ကုန်ကောလိပ်ကျောင်းသို့ လာရောက်ပြီး မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်ဖွင့်ပြီးကြောင်း ကြေညာသောအခါ ကောလိပ်ကျောင်းနှစ်ကျောင်းရှိ ကျောင်းသားကြီး များသည် မိမိတို့စာအုပ်များကိုပိုက်၍ ရန်ကုန်တက္ကသိုလ်ကိုသပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းများမှထွက်လာကြရန်။

(၂) ထိုသို့သပိတ်မှောက်ပြီးမှ ထိုရန်ကုန်တက္ကသိုလ်ဥပဒေတွင် မြန်မာများ အထက်တန်းပညာသင်ကြားရေးအတွက် နစ်နာ ချုပ်ချယ်သည်ဆိုသောအချက်များကို ပြုပြင်ပေးရန် အင်္ဂလိပ်ဗျူရိုကရက်အစိုးရသို့ အရေးဆိုရန်။

(၃) ပြုပြင်ပေးရန်တောင်းဆိုသောအချက်များကို ပြုပြင်၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍မတက်ရန်။

အဲဒီဆုံးဖြတ်ချက် (၃) ချက်ကိုချမှတ်ပြီး ဆက်လုပ်ရမယ့်လုပ်ငန်းစဉ်တွေအတွက် ဆရာကြီး ဦးဘဦးကို ဆော်သြသူအဖြစ်နဲ့ ကောလိပ်ကျောင်း ၂ ကျောင်းက ကိုယ်စားလှယ်တွေပါတဲ့ (၂၆) ဦးကော်မတီရွေးခန့်ခဲ့ပါတယ်။ တာဝန်တွေလည်းလွှဲကြ ပေသပေါ့ဗျာ။ နောက်တစ်နေ့ဆရာကြီး ဦးဘဦးအိမ်မှာတင်ထပ်တွေ့ကြပြီးစည်းဝေးကြသေးတာပေါ့။ ဒီဇင်ဘာ ၅ ရက် မွန်း လွဲ ၂ နာရီလောက်မှာပါ။ အဲဒီအစည်းအဝေးမှာပဲ အရင်ဆုံးဖြတ်ခဲ့ကြတဲ့ သပိတ်မှောက်မယ့်ရက် ၁၉၂ဝ၊ ဒီဇင်ဘာ ၇ ရက်နေ့ (အင်္ဂါနေ့) အထိစောင့်ဖို့ရာမဖြစ်နိုင်တော့တာကြောင့် အဲဒီနေ့ညနေမှာတင် ကျောင်းတွေကိုသပိတ်မှောက်ပြီးထွက်ကြဖို့ ဆုံး ဖြတ်ခဲ့ကြပါတော့တယ်။ မော်တော်ကားနဲ့ ရန်ကုန်မြို့ထဲလှည့်ပြီး ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်တွေက ကျောင်း အိပ် ကျောင်းစားကျောင်းသားတွေ၊ မြို့မိမြို့ဖတွေနဲ့ အိမ်ပြန်အိမ်စားကျောင်းသားတွေကိုနှိုးဆော်ပြီး ဗဟန်းက ရွှေကျင် တိုက် ထဲမှာရှိတဲ့ ကျောင်းကန်ဇရပ်တွေမှာ သွားစတည်းချစေခဲ့တာပါ။ (ခုခေတ်များဆို တပ်လိုက်ပါမယ့်ပုဒ်မပေါင်းစုံ) ရန် ကုန်တက္ကသိုလ်ဥပဒေမှာပါတဲ့ အချက်ပေါင်း ၁၅ ချက်လောက်ထဲက ၁ဝ ချက်လောက်ဟာ သပိတ်မှောက်ခဲ့ရတဲ့အချက် တွေဖြစ်လာခဲ့ပါတယ်။ ပညာတတ်တွေပေါ်လာမှာကြောက်တဲ့ အစိုးရတွေရဲ့ညာဉ်ဆိုးတွေပါ။ တိုင်းပြည်ကလူတွေ ပညာမ တတ်စေနဲ့၊ ငါတို့အမျိုးအနွယ်တွေ နိုင်ငံခြားမှာပညာသွားသင်ခိုင်းထားမယ်၊ ပြီးတော့မှ ဟောဒီမြန်မာပြည်က နလပိန်းတုံး တွေကိုပြန်အုပ်ချုပ်ကြပစေဆိုတဲ့ လက်အုပ်အချီခံချင်ကြရှာလေသောအပုပ်ကောင်ကြီးတွေရဲ့ အမူအကျင့်ဆိုးတွေ။

ပြောရပါတော့၊ အဲဒီခေတ်က ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေသူတို့ဟာ သူတို့အေးအေးဆေးဆေးနေခဲ့ရင် ရနိုင်ပါ လျက်နဲ့ မြန်မာပြည်သူတွေရှေ့ရေး၊ နိုင်ငံတော့်အရေး၊ ပညာတတ်တွေပေါ်လာဖို့အရေး ကိုယ်ကျိုးစွန့်ခဲ့ကြတာများ သြချယူ လောက်ပါပေတယ်ဆိုတာကိုပါ။   မြန်မာလူမျိုးတွေအတွက်မှ တီထွင်လိုက်နိုင်ပါပေတဲ့ တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ကောလိပ်ကျောင်းသူ၊ ကျောင်းသားကြီးတွေ သူတို့ကျောင်းတွေကို သပိတ်မှောက်ပြီးထွက်လာခဲ့ကြတဲ့ တန် ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့ဟာ မြန်မာအမျိုးသားအောင်ပွဲနေ့လို့ တစ်ခဲနက်အတည်ပြုလိုက်ခဲ့တဲ့နေ့ဟာဖြင့် ၁၉၂၁ ခုနှစ်၊ အောက်တိုဘာလ၊ မန္တလေးမြို့မှာကျင်းပခဲ့တဲ့မြန်မာပြည်အရပ်ရပ်က နိုင်ငံရေးအသင်းတွေရဲ့ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီးပြည်လုံးကျွတ် နှစ်ပတ်လည်ပွဲမှာဖြစ်ပါကြောင်းခင်ဗျား။ စာရှည်မည်စိုးပါသောကြောင့် ဆရာကြီးဦးဘဦးရဲ့အသေးစိတ်ဖော်ပြချက်အပြည့်အစုံမရေးတင်နိုင်ခြင်းအား နားလည်ပေးစေလိုပါတယ်ခင်ဗျာ။

(အချိန်ပေးဖတ်ရှုသူမျိုးချစ်များအားလေးစားပါ၏။ တိုင်းပြည်ဆင်းရဲသည်မှာ ပညာအရည်အချင်းနိမ့်ကျလွန်း၍ဖြစ်ပါသည်။ နိုင်ငံသူ နိုင်ငံသားများ ပညာမတတ်မှ တဝမ်းတခါး အနိုင်နိုင်ပြေးလွှားရုန်းကန်ရှာဖွေစားသောက်နေရမှ အစိုးရမင်းများ၏ လုပ်ရပ်များအား အာရုံမထားနိုင်မည်ကို ယုတ်မာပက်စက်သည့်အစိုးရအဆက်ဆက်က ကျင့်ကြံခဲ့ကြသည်မဟုတ်ပါလား) 

စာကိုး
၁၉၂ဝ ပြည့်သပိတ်မှောက်ခေါင်းဆောင်ကျောင်းသားဟောင်းကြီး ဦးဘဦးဆောင်းပါးအား ဖတ်ရှုရေးသားပြုစုအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts