မှတ်စုမှတ်တမ်း အင်တာဗျူး

ခင်အောင် (ဓန) – ဦးဝင့်ကျော်နှင့် တွေ့ဆုံခြင်း ။ ဘဏ်လုပ်ငန်းနှင့် ဖောက်သည်များအကြား အရေးပါသော ဂုဏ်သတင်းနှင့် စိတ်ချယုံကြည်မှု

ခင်အောင် (ဓန) – ဦးဝင့်ကျော်နှင့် တွေ့ဆုံခြင်း ။ ဘဏ်လုပ်ငန်းနှင့် ဖောက်သည်များအကြား အရေးပါသော ဂုဏ်သတင်းနှင့် စိတ်ချယုံကြည်မှု
(မော်ဒန်ဂျာနယ်၊ ၂၀၀၈၊ သြဂုတ်လထုတ်) မှ ပြန်လည်ကူးယူဖော်ပြသည်
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၅

ဘဏ်လုပ်ငန်းဟာ ဖောက်သည်များရဲ့ ယုံကြည်မှုရရှိဖို့ အလွန်အရေးကြီးပါတယ်။ ယုံကြည်မှုမရှိရင် လုပ်ငန်းအောင်မြင်ဖို့ ခက်ခဲပါတယ်။ ဖောက်သည်တွေ ယုံကြည်မှုမရရှိလို့ ပျက်စီးသွားရတဲ့ဘဏ်တွေ ကမ္ဘာမှာ အများအပြားရှိပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဖောက်သည်များအကြား ယုံကြည်မှုရှိခြင်းနဲ့ ပတ်သက်ပြီး အငြိမ်းစား အမှုဆောင်ဘဏ်ဒါရိုက်တာ ဦးဝင့်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်တချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ဒန်။        ။ ပုဂ္ဂလိကဘဏ်တွေ အခြေအနေတစ်ခုခုကြောင့် လှုပ်လှုပ်ရွရွဖြစ်တိုင်း ဖောက်သည်တွေ  ဘက်က ဘဏ်အပေါ် ယုံကြည်မှုလျော့နည်းတတ်ပါသလား။

ဦးဝင့်ကျော်။    ။ ဒါက ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့သာ ဆိုင်တာပါ။ ပြည်ပနိုင်ငံတွေမှာတော့ မဖြစ်တတ်ပါဘူး။ ဘယ်လိုကွာသလဲဆိုတော့ သူတို့ဆီမှာက ဘဏ်တစ်ဘဏ်ကို ပေါ်လစီပိုင်းဆိုင်ရာ ကိုင်တွယ်လုပ်နေသူတွေ၊ ဘဏ်မန်နေဂျာတွေရဲ့ ဂုဏ်သိက္ခာပိုင်းကို အဓိကထားကြည့်တက်ပါတယ်။ ကျွန်တော်တို့ဆီမှာကြတော့ ငွေများများထည့်တဲ့ ရှယ်ယာရှင်တွေက ဘဏ်အမှုဆောင်ဒါရိုက်တာတွေ ဖြစ်တယ်။ ငွေနောက်ခံရှိသူ ဒါရိုက် တာတွေနဲ့ ဘဏ်လုပ်ငန်းပိုင်း ကိုင်တွယ်ဖြေရှင်းမယ့် Management team တွေက ရောထွေနေတတ်တယ်။ ငွေများများ ထည့်ဝင်ထားတဲ့ ရှယ်ယာရှင်တွေရဲ့ ပုံရိပ်က ဘဏ်ပေါ်မှာ လာထင်သလို ဘဏ်ရဲ့ပုံရိပ်ကလည်း အစုရှယ်ယာရှင်တွေအပေါ် ထင်ဟပ်နေတယ်။ သည်တော့ ပိုက်ဆံရှိတဲ့ ပိုင်ရှင်တွေက Technician တွေကို ခိုင်းတော့ ပညာရှင်တွေက သူဌေးခိုင်းတာသာ လုပ်နေရတယ်။ ဘဏ်ရဲ့ ဂုဏ်သတင်းနဲ့ ပိုင်ရှင်ရဲ့ ဂုဏ်သတင်း တစ်ထပ်တည်းဖြစ်နေတော့ ဘဏ်ပိုင်ရှင်ရဲ့ဂုဏ်သတင်းဂယက်က ဘဏ်ကို လာရိုက်ခတ်တာပေါ့။ အဲသည်တော့ သူ့ဂယက်က ဖောက်သည်တွေဆီ ကူးလားတာမျိုးဖြစ်တာပေါ့။ သည်တော့ ပိုင်ရှင်ကို ယုံကြည် မှုနည်းလေလေ ဘဏ်ကိုပါ ယုံကြည်မှုလျော့နည်းလာတာပေါ့။

မော်ဒန်။    ။ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်သင့်ပါသလဲ။

ဦးဝင့်ကျော်။    ။ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်တစ်ခုကိုက ငွေကြေးကို ရင်းနှီးမြှုပ်နှံတာကိုက လောဘအ ပေါ် အခြေတည်ပြီး လုပ်နေကြတာပါ။ ပြည်ပနိုင်ငံတွေမှာက နဂိုကတည်းက ဘဏ်တစ်ခုမှာ ငွေထည့်ဝင်တော့ မယ်ဆိုရင် ဘယ်လိုဘဏ်မျိုးမှာ ထည့်ဝင်မလဲဆိုတာ အရင်ဦးဆုံး စဉ်းစားဆုံဖြတ်ချက်ချတယ်။ သည်လို စဉ်း စားဆုံးဖြတ်နိုင်ဖို့လည်း သူတို့ဆီမှာ သတင်းအချက်အလက်တွေ ရယူနိုင်တယ်။ အချက်အလက်တွေ စုဆောင်း ပေးတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ကျွန်တော်တို့မြန်မာတွေက ကားဈေးတွေကောင်းရင် ကားလောကထဲဝင် လိုက်၊ ရွှေဈေးကောင်းရင် ရွှေ၊ အိမ်းခြံမြေအကျိုးဖြစ်ရင် အိမ်းခြံမြေပေါ့။ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိကြဘူး။ သူ များလုပ်လို့ လိုက်လုပ်ကြရတာ commercial knowledge အားနည်းတယ်။ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဖောက်သည်တွေဘက်က အဲသည် knowledge တွေရှိရမယ်။ သူများလုပ်တာ လိုက်လုပ်တော့ အခြေအနေ တစ်ခုခုကြောင့် သတင်းတစ်ခုခုဖြစ်တာနဲ့ လှုပ်လှုပ်ရွရွဖြစ်ကုန်ကြရော၊ ဘဏ်တွေဘက်ကလည်း  transparency ရှိရမယ်။ မိမိဘဏ်ရဲ့ တစ်နှစ်တာလုံးရဲ့ အပ်ငွေ၊ ချေးငွေ၊ ဝင်ငွေတွေကို annual report တွေ ထုတ်ပြန်ရမယ်။ ဒါတွေကို ဖောက်သည်တွေကလည်း အမြဲထိတွေ့လေ့လာနေရမယ်။

မော်ဒန်    ။ ဖောက်သည်တွေ ဘဏ်က သူတို့ရဲ့ငွေတွေကို တစ်ပြိုင်တည်း အားလုံးပြန်ထုတ်ကြရင် ဘဏ် ပြိုလဲသွားနိုင်ပါသလား။ ဗဟိုဘဏ်ကရော ဘယ်လောက်အတိုင်းအတာအထိ backing ပေးနိုင်ပါသလဲ။

ဦးဝင့်ကျော်။    ။ ၂၀၀၃ ဘဏ်အရေးအခင်းတွေ ဖြစ်ပွားပြီးနော်က် ဗဟိုဘဏ်က စည်းကမ်းသတ်မှတ်ထား တာက အပ်ငွေက ရင်းနှီးငွေရဲ့ ခုနှစ်ဆရှိရမယ်ဆိုတဲ့ အချက်ပဲ။ ဆိုလိုတာက အပ်ငွေ ခုနှစ်ကျပ်ရှိရင် ရင်းနှီး ငွေက တစ်ကျပ်ရှိရမယ်။ အပ်ငွေတိုးလာရင် ရင်းနှီးငွေကိုလည်း လိုက်ဖြည့်ပေးရပါမယ်။ အပ်တဲ့သူတွေ လုံခြုံ မှုရှိရအောင် အစိုးရက စီစဉ်ထားတာပါ။ ဘဏ်တွေဘက်ကတော့ လှုပ်ရှားမှုနယ်ပယ်ကျဉ်းသွားတာပေါ့။

မော်ဒန်။    ။ အားလုံးတစ်ပြိုင်တည်းထုတ်ရင် ခံနိုင်ပါ့မလား။ ဘဏ်ပြိုလဲသွားပြီး အပ်ငွေတွေ ဆုံးရှုံးသွားမှာ လား။

ဦးဝင့်ကျော်။    ။ အမှန်အတိုင်းဆိုရင်တော့ ဘဏ်ဆိုတာ အပ်ငွေတွေကို သေတ္တာထဲထည့်ပြီး သော့ခတ်ထား လို့ရတာမှမဟုတ်တာ။ ဥပမာ အပ်ငွေ သန်းတစ်ရာရှိရင် အနည်းဆုံး သန်းရှစ်ဆယ်လောက် ငွေလည်ပတ်မှုရှိ အောင် ထုတ်ချေးထားရတာ။ ချက်ချင်းကြီးတော့ ဘယ်ပေးနိုင်မလဲ။ လှည့်ပတ်ပြီး အချိန်အတိုင်းအတာ တစ်ခု အတွင်း အရစ်ကျမျိုး ပြန်ထုတ်ပေးရမှာ။ တကယ်တမ်း အားလုံးတပြိုင်တည်း ထုတ်ပေးရမယ်ဆိုရင် ဘယ်နိုင် ငံ၊ ဘယ်ဘဏ်မျိုးမှ ခံနိုင်မှာမဟုတ်ဘူး။ အရင်တစ်ခါဖြစ်တုန်းကတော့ ဗဟိုဘဏ်က backing ပေးခဲ့ဖူးတယ်။ အဓိကသိထားရမှာက ရှေ့မှာ ဘဏ်တွေပြိုလဲခဲ့တုန်းက၊ ဖျက်သိမ်းခံခဲ့ရတုန်းက ဘဏ်တွေ အဖျက်ခံခဲ့ရပေ မယ့် အပ်ငွေတွေ လုံးဝမဆုံးရှုံးခဲ့ပါဘူး။ ကြေငြာထားတဲ့အတိုင်း သွားမထုတ်ရဲလို့သာ နေရမယ် လုံးဝမထိခိုက် ပါဘူး။ ပြီးခဲ့တဲ့အပတ်က ဂျာနယ်တစ်စောင်မှာ ပါတာပဲ ဖျက်သိမ်းခံခဲ့ရတဲ ဘဏ်နှစ်ခုရဲ့ အပ်ငွေတွေကို သည် နှစ် ဒီဇင်ဘာလအထိ ထုတ်လို့ရသေးတယ်ဆိုတာပဲ။ ကိုယ့်ရဲ့အပ်ငွေတွေက ဖျက်သိမ်းခံရတဲ့ဘဏ်နဲ့ ဘာမှ မသတ်ဆိုင်ဘူး။ ဘဏ်ပိုင်ရှင်တွေရဲ့ ပုံရိပ်မကောင်းလို့ တစ်စုံတစ်ခုဖြစ်သွားခဲ့ပေမယ့် အပ်သူတွေအနေနဲ့ မိမိ တို့ရဲ့ငွေတွေ မဆုံးရှုံးပါဘူး။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးတာဝန်ခံတွေက အပ်ငွေတွေကို ကုန်အောင် ထုတ်ပေးမှာပါ။ မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ဘဏ်ရှိအပ်ငွေတွေ မဆုံးရှုံးဘူးဆိုတာ စွဲစွဲ မြဲမြဲသိထားသင့်ပါတယ်။

မော်ဒန်။    ။ ဘဏ်တစ်ခုနဲ့တစ်ခု သည်လိုငွေကြေးအကြပ်အတည်းမျိုး ဖြစ်လာရင် ကူညီနိုင်ဖို့ ချိတ်ဆက်ထား တာများ ရှိပါသလား။

ဦးဝင့်ကျော်။    ။ ချိတ်ထားတာတော့ မရှိဘူး။ ဒါပေမယ့် ချိတ်ထားသင့်ပါတယ်။ ဒါဟာလည်း ပြဿနာဖြေရှင်း နည်းတစ်ရပ်ပေါ့။ ဒါပေမယ့် အခုသည်မှာ ဒါမျိုးဖြစ်ဖို့ မလွယ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဆီမှာက ပြဿနာကို ဖြေရှင်းဖို့ထက် ပြဿနာဖြစ်တဲ့ဘဏ် ဘယ်တော့ပြိုမလဲဆိုတာကိုပဲ စောင့်ကြည့်နေကြ တာ။ Coordination and Cooperation က အားနည်းနေသေးတယ်။

မော်ဒန်။    ။ ဖောက်သည်နဲ့ ဘဏ်ဆက်ဆံရေးမှာ win-win behaviour က ယုံကြည်မှုရရှိဖို့အတွက် အ ထောက်အကူ ဖြစ်စေပါသလား။

ဦးဝင့်ကျော်။    ။ ဖြစ်နိုင်ပါတယ်။ လုပ်နိုင်တာက ဘဏ်နဲ့ အမြဲဆက်သွယ်နေတဲ့ ငွေများများအပ်တတ်တဲ့ ဖောက်သည်တွေကို ခေါ်ယူတွေ့ဆုံပြီး မိတ်ဆက်ပွဲမျိုး၊ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဆွေနွေးဟောပြောမှုမျိုး ပညာပေးတာမျိုးတွေ များများလုပ်ပေးနိုင်ရင် ရေရှည်ဖောက်သည်တွေ တိုးပွားလာမှာ ပါ။ relationship marketing ခေါ်တာပေါ့၊ ဘဏ်နဲ့ ဖောက်သည်တွေ ပိုမိုနီးစပ်ထိတွေ့မှု ရှိလာတောပေါ့။

မော်ဒန်။    ။ ဘဏ်တွေအနေနဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ ကြောငြာသင့်ပါသလာ။

ဦးဝင့်ကျော်။    ။ ကြောငြာတာက နာမည်ကြီးဖို့ပဲလေ။ ယုံကြည်မှုရရှိဖို့အကြောင်း သိပ်မရှိဘူး။ ယုံကြည်မှုဆို တာက သူ့ရဲ့ ဂုဏ်သတင်းပဲ။ အခု မြန်မာနိုင်ငံရဲ့ ဘဏ်တွေအနေအထားက Simi- government ဘဏ်တွေ များတယ်။ အစိုးရတစ်ဝတ်ပါတော့ ဖောက်သည်တွေက ယုံကြည်မှုမပျက်ဘူးပေါ့။

ပုဂ္ဂလိက ဘဏ်တွေကိုတော့ အခြေအနေအရ နဂိုကတည်းက ရာနှုန်းပြည့်တော့ မယုံကြပေမယ့် လုပ် ငန်းဆောင်ရွက်ချက်တွေအတွက်ကြတော့ ယုံကြပြန်ရော။ ယုံကြည်မှုခံရဖို့က ကိုယ်ကျင့်တရားကောင်းဖို့ အဓိ ကကျပြန်ရော။ ဒါကြောင့် ဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေရဲ့ ကိုယ်ကျင့်တရား ဂုဏ်သတင်းကလည်း အဓိက ကျမှုပါပဲ။

မော်ဒန်။    ။ အခုလို အချိန်ပေးဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဦးဝင့်ကျော်၏ အထုပ္ပတ္တိအကျဉ်း

အမည် – ဦးဝင့်ကျော်

ပညာရေး – ၁၉၆၇ ခုနှစ် ၀ါဏိဇ္ဇဘွဲ့ကို ဘဏ်၊ ဘဏ္ဍာရေး၊ အာမခံပညာရေး အထူးပြုဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ၁၉၈၄ တွင် မှတ်ပုံတင်ရှေ့နေ စာမေးပွဲ အောင်မြင်။

ဘဝအတွေ့အကြုံ – ၁၉၆၇ -၆၈ အလုပ်သင်အရာရှိ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန။

၁၉၆၈ – ၇၁ နည်းပြဆရာ၊ ၀ါဏိဇ္ဇဗေဒဌာန၊ စီးပွားရေးတက္ကသိုလ်၊ လုပ်သားကောလိပ်၊ အချိန်ပိုင်း နည်းပြဆ ရာ။

၁၉၇၁ – ၇၇ ပြည်သူ့ဘဏ်(ယခု မြန်မာ့ စီးပွားရေးဘဏ်) လ/ထ မန်နေဂျာ။

၁၉၉၂ – ၉၃ ဒါရိုက်တာ အဖွဲ့ဝင်၊ ဒါရိုက်တာအဖွဲ့ အတွင်းရေးမှူး၊ ပထမပုဂ္ဂလိကဘဏ်။

၁၉၉၇ – ၀၅ မြန်မာယူနီဗာဆယ်ဘဏ်တွင် ဥက္ကဌ အကြံပေး၊ အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့။

၁၉၉၄ – ယခုထိ KMD တွင် အချိန်ပိုင်း ကထိကအဖြစ် စာရင်းပညာ၊ စီမံခန့်ခွဲရေးပညာများ ပို့ချ။

၂၀၀၇ AFXB မြန်မာတွင် Finance Coordinator အဖြစ် ဆောင်ရွက်

၂၀၁၀ တွင် ကွယ်လွန်

(မိုးမခမှတ်ချက် – အဆိုပါ အင်တာဗျူဖော်ပြစဉ်က မြန်မာပြည်တွင် ၂၀၀၈ မေလ နာဂစ်မုန်တိုင်းအပြီးနောက် အခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုသည့်နောက်ဆက်၊ အနောက်နိုင်ငံများက မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ခြင်း၊ ချမှတ်ခြင်းတို့ ဆောင်ရွက်နေသည့် အချိန်ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts