စာစုတို ဖိုးထက် ရသဆောင်းပါးစုံ

ဖိုးထက် – ရေသေတွေ စီးဆင်းပါစေ

 ဖိုးထက် – ရေသေတွေ စီးဆင်းပါစေ
(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၅

မြစ်ကြီးတွေနဲ့ ကျွန်တော်က ရင်းရင်းနှီးနှီးကြီး မရှိလှပေမယ့် စိမ်းစိမ်းကားကားကြီး ရှိနေတာလဲ မဟုတ်ပါ။ မန္တလေးရဲ့ ဒူးမနာသား ကျွန်တော်က နေ၀င်ရီတရောအချိန်တွေမှာ ဂေါဝိန်ဆိပ်မှ ဆင်း၊ မြစ်မင်း ဧရာဝတီရဲ့ လှိုင်းပုတ်သံတွေကို နားစွင့် ရင်ခုန်ဖို့ အသိဦးလေးကြီး တစ်ယောက်၏ “ငှက်” (သဗ္ဗန်) ဖြင့် မြစ်အလယ်အထိ လိုက်ပို့ပေးဖို့ ကြိမ်ဖန်များစွာ ပူဆာခဲ့သည်။ သဗ္ဗန်ကြမ်းပြင်မှာ လှဲအိပ်၊ ကြယ်တွေကို လိုက်ကြည့်ရင်း မြစ်တစ်စင်းရဲ့ အသံတွေ နားထောင်ရသည့် အရသာက ခံစားတတ်သည့် နှလုံးသားနှင့် ဦးဏှောက်ကို အကောင်းကြီး အတိုင်း မွေးပေးခဲ့သည့် အမေ့ကို ကျေးဇူးတင်လို့ မဆုံး။

မေမြို့ကို သွားတိုင်း မြစ်ငယ်မြစ်ခေါ် ဒုထ္တ၀တီမြစ်ကြီးကို အပေါ်စီးက ငုံ့ကြည့်ချင်သဖြင့် ရှုခင်းသာမှာ ခရီးတစ်ခေါက် နားဖြစ်အောင် နားသည်။ ကွေ့ကွေ့ကောက်ကောက် မြစ်ကြောင်း တစ်လျှောက် လိုက်ကြည့်ရင်း ကျွဲနဖားတောင်၊ ရွှေစာရံ ဘုရား၊ နဂါးရုံဘုရား တို့ကို လိုက်ရှာရတာ ရင်ခုန်စရာ။ ငွေရောင် မြွေကြီး တစ်ကောင် အိပ်မောကျနေသည့် အလား မြစ်ကြီးက ငြိမ်ငြိမ်သက်သက်၊ အေးအေးသက်သာ။ တအိအိ စီးနေသည့် ရေတွေပေါ်သို့ ထိုးကျသည့် နေရောင်၏ အဖြူရောင် တောက်တောက် ရောင်ပြန်ဟပ်မှုတွေက မျက်စိစူးပေမယ့် မကြည့်ဘဲလဲ မနေနိုင်။

တလောက မုံရွာမြို့ကို အလုပ်ကိစ္စတစ်ခုဖြင့် ကျွန်တော် ရောက်သည်။ ကျွန်တော် ငါးနှစ်သား အရွယ်က မော်လိုက်မှ မုံရွာကို အလာမှာ သုံးထပ်သင်္ဘောကြီးဖြင့် စုန်ဆင်းလာခဲ့ဘူးသည့် စိတ်ရဲ့ ကြေးမုံပြင်ထဲက ၀ိုးတ၀ါး ချင်းတွင်း မြစ်ကြီးကို သံယောဇဉ် အမျှင်တန်း သွားကြည့်မိသည်။ ဟိုမှာဘက်ကမ်းက ကမ္ဘာကျော် လက်ပန်းတောင်းတောင်ကို မှုန်ပျပျ မြင်ရသည်။ ပြီးတော့ ကမ်းနဲ့ ဝေးနေသည့် မြစ်ရေစီးကြောင်း။ ကလေးဝ၊ မော်လိုက်ကို သွားမည့် သေဘာၤဆိပ္မွ သေဘာၤမ်ား။ မော်တော်များ။ ရှပ်ပြေးများ။ ခရီးသည်များ။ အလုပ်သမားများ။ “တစ်ထည် တစ်ရာနော်၊ တစ်ရာနော်၊ အိမ်ပြန်လက် ဆောင်လေးတွေ” လို့ အော်နေသည့် ပေါပေါပဲပဲ အရောင်တောက်တောက် တရုတ်အထည်တွေကို ရောင်းနေသည့် ဈေးသည်များ။ ကုန်တင်သဘောင်္ကြီးတွေပေါ်မှ ချနေသည့် စည်ပိုင်းကြီးများ။ ထိုစည်ပိုင်းကြီးတွေကို ကမ်းပါး ဇောက်နက်ကြီးတွေမှ တဆင့် မြစ်ကမ်းပါးပေါ်သို့ လှိမ့်တင်နေသည့် နေပူထဲက ချွေးသံရွှဲရွှဲ လူများ။ ထိုသူတို့၏ အပူအပင်မဲ့ သီချင်းဆိုသံများ။ အချင်းချင်း စနောက်သံများ။ ချင်းတွင်းမြစ်ကြီးက သူတို့အားလုံးကို ပြုံးပြီး ကြည့်နေသည်လို့ ကျွန်တော်ခံစားရသည်။ ရင့်ကျက်တည်ငြိမ်သည့် လူကြီး တစ်ဦးက ကလေးလေးတွေ ခုန်ပေါက် မြူးထူး ဆော့ကစားနေ သည်ကို ကျေနပ်ပီတိဖြစ်နေသည့် အပြုံးမျိုး။

မြန်မာနိုင်ငံက မြစ်ကြီးတွေကို ကျွန်တော် ချစ်သည်။ ပြီးတော့ သူသူငှာငှာ ဂုဏ်ယူကြသလို မြစ်နဲ့၊ ပင်လယ်နဲ့၊ တောနဲ့၊ တောင်နဲ့ မြန်မာနိုင်ငံကို ကျွန်တော် ဂုဏ်ယူပါသည်။ ကျွန်တော်တို့ နိုင်ငံက ရေနံထွက်သည်။ သဘာဝဓာတ်ငွေ့ထွက်သည်။ ကျောက်စိမ်းထွက်သည်။ ရွှေထွက်သည်။ သစ်မွှေး၊ ကျွန်းသစ်၊ ပိတောက်၊ ကျွန်း၊ ပျဉ်းကတိုး၊ အင် စသည့် သစ်မျိုးစုံက လူအတု၊ ဓာတ်သတ္တု အတု၊ စက္ကူ အတု၊ သစ်သား အတု စသည့် အတုတွေပေါများလာသည့် ကမ္ဘာကြီးမှာ မျက်စိကျချင်စရာ။ ၀ယ်လက်အတွက် ပူပင် နေစရာ မလို။ ဈေးကွက် မရှိမှာ စိတ်ပူဖို့ မလို။ ရောင်းသလောက် ၀ယ်မည့် သူတွေက အိမ်နီးနားချင်းတွေ။ ရောင်းသလောက် ၀ယ်ရတာ အားမရပြန်တော့ ၀င်ပြီး ခိုးကြသည်။ အိမ်ရှင်က မိပြန်တော့ မကြာ၊ မတင်ဘဲ ထိုသူခိုးတွေကို ပြန်လွှတ်ပေးရသည်။ အားမတန် မာန်လျှော့၊ အမျိုးဂုဏ် နထ္ထိ၊ မာန်မာန နထ္ထိ၊ ဇာတိမာန် နထ္ထိ။ ချုံးချုံးကျနေပြီ ဖြစ်သည့် ရတနာပုံ ခေတ်မှ အုပ်ချုပ်သူ လူတန်းစားက သူခိုး ဘုံဘေဘားမားကို မှတ်လောက် သားလောက်အောင် ဒဏ်ရိုက်ရဲ ခဲ့သေးသည်။ ကိုယ့်ထက် အဆမတန် အားကြီးမှန်း သိပေမယ့် လူမျိုး သိက္ခာကို တစ်ပြားမှ အပွန်းခံခဲ့တာ မဟုတ်။ သက်သက်မဲ့ ရမယ်ရှာသည့် အင်္ဂလိပ် လူမျိုးတွေဆိုတာ သမိုင်းထဲမှ အမဲစက်ကြီးက သက်သေ။ အဲဒါက ၁၉ ရာစုမှာ။

၂၁ ရာစု ရောက်တော့ လူမျိုး ဂုဏ်သိက္ခာဆိုတာ ကုန်းကောက်စရာပင် မရှိတော့။ ဇာတိပုည မာန်မာန ဆိုတာ တီဗွီသတင်း မကြော်ငြာခင် အပြေးအလွှား သီချင်း တစ်ပိုင်း တစ်စ ထုတ်လွှင့်ပြသည့် အဆင့်သာ ရှိနေတော့သည်။ ခြစား၊ ပုံပျက် နေသည့် ရွှေထီးကြီးတွေကို ရွှေရောင် သင်္ဘောဆေးတွေ မညီမညာ သုတ်သုတ်ပြရတာ အမော။

ပထ၀ီဘာသာကို စာအုပ် စာတန်းနဲ့ စနစ်တကျ ကျွန်တော်တို့ သင်ယူဖို့ စတင်ပေးခဲ့သူက မင်းတုန်းမင်းကြီး မြှောက်စားခဲ့သည့် ဆရာမတ် (မစ္စတာ မတ်)။ သစ်တော နှင့် ပင်လယ်။ ပင်လယ် နှင့် မြစ်။ မြစ်နဲ့ မိုးရွာခြင်း။ မိုးရွာခြင်းနှင့် လူ။ လူနှင့် သစ်တော။ ဂေဟစနစ်များ၏ ဆက်စပ် ပါတ်သက်မှုတွေကို စနစ်တကျ၊ သိပ္ပံနည်းကျ လူတိုင်း နားလည်စေဖို့ ပထ၀ီဘာသာရပ်ကို လူများ သင်ကြားဖို့ လိုသည်။  မြန်မာပြည်မှာ ပထ၀ီကို ငါးတန်းနှစ်ကတည်းက မသင်မနေရ စနစ်ဖြင့် သင်ရတာ ကြာခဲ့ပြီ။ ခုနှစ်တန်းလောက် ရောက်သည်နှင့် ပါတ်ဝန်းကျင် လောကကြီး၏ ဆက်စပ် ပါတ်သက်မှုတွေကို ပထ၀ီထဲမှာ သိခဲ့ပြီ။ ခုတော့ ငါးတန်း ပထ၀ီလောက်သော်မျှ မကြေ မညက်ခဲ့သော ဘွဲ့ရ ပညာတတ်တွေက ပစ္စပ္ပန် တည့်တည့်ကို ကြည့်ပြီး တစ်တောလုံးရှင်း။ တစ်တောင်လုံးရှင်း။ နောင်ခါလာ နောင်ခါဈေး။

အဲဒီ အကျိုးဆက်တွေက ရာစုနှစ် တစ်ခုတောင် ကုန်အောင် မစောင့်နိုင်။ နှစ်ပေါင်း သန်းချီ စောင့်စရာ မလို။ အနိဌာရုံတွေ၊ ပူဆွေးသောကတွေ၊ စိုးရိမ်ပူပန်မှုတွေ အဖြစ် လက်ငင်းချက်ချင်း ပြောင်းလဲကုန်ကြသည်။ ပြီးတော့ ဒုက္ခကို အရောင်ဆိုးချင်သည့် စကားတွေဖြင့် အများလဲ ဒီလိုပါဘဲဆိုသည့် သဘောရသည့် စကားတွေကို ပြောထွက်ရက်နိုင်အားကြသည်။ မိုးကြိုးပြစ်တာကို ထန်းရွက်ဖြင့် ကာချင်သည့် ခေါက်ရိုးကျိုး စိတ်ဓာတ်တွေကို ထူးထူးဆန်းဆန်း မဖြစ်ပေမယ့် လုပ်စရာ ရှိသည့် အလုပ်တွေကို မလုပ်နိုင်သည့် တုံဏှိဘာဝေ နှလုံးသား စုတ်ပဲ့မှု တွေကိုတော့ အံ့သြလို့ မဆုံး။

ဘုန်းတော်ကြောင့်၊ ဆဒ္ဒန်ဆင်မင်းသခင်၊ အာဒိစ္စဗန္ဓု နေမင်း အဆက်အနွယ်ဖြစ်တော်မူသော အရှင်၊ ဇမ္ဗူ့ သနင်း မင်းခေါင် မင်းဖျား မင်းတရားကြီး ဘုရား စသည်ဖြင့် အထက်လူကြီးကို အလွန်မြှောက်ပင့်ပေးကာ အခွင့်အရေး ယူတတ်ကြသည့် အုပ်ချုပ်သူ လူတန်းစားတွေကြားမှာ အချိန်တွေက မကုန်သင့်ဘဲ ကုန်သွားသည်။ သင်ခန်းစာက နောင်ဘ၀အထိ အိမ်စာ ယူသွားမည့် သဘော။ သင်ရိုး လေ့ကျင့်ခန်းကို အပြီး မတွက်ဘဲ သင်ခန်းစာ အသစ်တက်ချင်သည့် ရှင်ဘုရင်စိတ်ပေါက်နေသည့် အုပ်ချုပ်သူ လူကြီးတွေစကားတွေကို နားထောင်ရင်း ကျွန်တော်တို့လည်ပင်းတွေအထိ ရေတွေ တက်လာသည်။ ဒုက္ခပင်လယ်တောင် မဟုတ်တော့။ ဒုက္ခ သမုဒ္ဒရာ ဝေနေပြီ။

ပြည်သူလူထုကတော့ မြန်မာ့စိတ်ရင်း အရင်းခံဖြင့် တစ်ယောက်လက်ကို တစ်ယောက် ကူတွဲသည်။ ရေနစ်သူအား ကောက်ရိုးလေး တစ်ဖတ်ဖြစ်ဖြစ် အကူအညီရကောင်းစေ သဘောဖြင့် ကမ်းလင့်ပေးကြသည်။ အလုပ်လာလျှင် မျက်နှာတောင် မကောင်းတတ်လို့ သန့်ရှင်းရေး လုပ်သော သူများက အ၀တ်အစားတွေကို မီးပူထိုးပြီး သပ်သပ်ရပ်ရပ် လှူကြ၊ တန်းကြသည်။ နေ့ခင်းစာ တစ်နပ်စားဖို့ ပိုက်ဆံကို ဖင်ပြန် ခေါင်းပြန် တွက်ချက် ရည်တွက်ရသည့် ဘ၀အတွင်းက လူတွေက အတွန့် အဆုတ် အဆီး အတားမရှိ။ ရော့၊ အင့် ဟု ဆိုကာ ဝေသန္တရာ ဘုရားအလောင်း မျက်ခုံးပင့်၊ လည်ပြန်ကြည့်ရမည့် လှူခြင်းမျိုးဖြင့် လှူကြ တန်းကြသည်။ ပြည်သူလူထုနှင့် တန်သော အစိုးရဘဲ ရမည်ဆိုသည့် စကားက လုံးဝမှားပါသည်။ စိတ်ကောင်း စေတနာ အလွန်ပြည့်ကြသည့် မြန်မာပြည်သူလူထုကြီးနှင့် အလွန်စုတ်ပဲ့ အောက်တန်းကျသည့် ဆဲဆို ကြိမ်းမောင်း ကျိန်စာတိုက်ခြင်းများဖြင့်သာ ထိုက်တန်သည့် အုပ်ချုပ်သူ အစိုးရ။

ရေတွေက တက်ပြီးလျှင် ပြန်ကျပါအုံးမည်။ ချောင်းတွေထဲက တစ်ဆင့် ကျွန်တော် ချစ်သော မြစ်ကြီးတွေထဲကို ဒုက္ခပေးသည့် ထိုရေတွေ စီးဝင်ပါလိမ့်မည်။ ပြီးလျှင် ပင်လယ်ကြီးတွေဆီသို့ ဆက်လက် စီးဆင်းပါလိမ့်အုံးမည်။ ရေတွေ သူ့လမ်းကြောင်းနှင့် သူစီးဖို့၊ လူတွေကို အသုံးတော်ခံမည့် ရေတွေ ဖြစ်ဖို့ ချောင်းတွေ မကောဖို့ လိုသည်။ သစ်တောတွေ မပြုန်းတီးဖို့ လိုသည်။ ချောင်းက ချောင်းလို မနေဘဲ ရေတွေ ဗောင်းလန် တက်မလာဖို့ ထိန်းသိမ်းပေးရန် လိုသည်။ မြစ်က မြစ်အလုပ်ဖြစ်သည့် ရေတွေ ရောင်ရမ်း ပြန့်ကားမလာဖို့ သူ၏ ကမ်းပါး နှစ်ဖက်ဖြင့် ထိန်းကျောင်း ပဲ့ကိုင်ပေးဖို့ လိုသည်။

ကျွန်တော်တို့ ပင်လယ်ကြီးဆီသို့ မရောက်သေးပါ။ ပင်လယ်ဆီသို့ ရေတွေ ချောချောမွေ့မွေ့ရောက်ဖို့ ချောင်းက ချောင်း၊ မြစ်က မြစ်၊ စမ်းချောင်းလေးက စမ်းချောင်း အလုပ် လုပ်ဖို့ လိုပါလိမ့်မည်။ စမ်းချောင်းက မြစ်မဖြစ်ရလို့ သူ့အပေါ်ကို ဖြတ်စီးသွားသည့် ရေတွေကို လက်မခံ၊ ချောင်းက ရေတွေကို ကပြောင်းကပြန်ဖြစ်အောင်လုပ်၊ မြစ်ကြီးက ရေတွေကို မရိုးမသားပြုမူမည် ဆိုလျှင် ချစ်ဖို့ အလွန်ကောင်းသည့် မြစ်ကြီးတွေကို ကျွန်တော်တို့ ပြန်ကြောက်နေရပါလိမ့်မည်။ နေရာတကာ ၀င်ရောက် ဖျက်ဆီးမည့် ရေတွေကို စည်းကမ်းတကျဖြစ်စေဖို့ မြစ်၊ ချောင်း၊ အင်း၊ အိုင် တို့ အားလုံး ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသား လုပ်ကြဖို့ လိုပါလိမ့်မည်။ ရေစီးရေလာကောင်းအောင် လုပ်ပေးသည့်အရာမှန်သမျှ တန်ဖိုးရှိသည် ဆိုတာ နားလည်ကြဖို့ လိုပါသည်။ ရေသေ၊ ရေပုပ်ကြီးတွေ မဖြစ်သွားအောင် ထိန်းကျောင်းပဲ့ပြင်သွားကြဖို့ ကိုယ့်တန်ဖိုးကိုယ် သိကြဖို့ လိုပါသည်။ ဟို စမ်းချောင်းက မြစ် ဖြစ်သင့်တာ၊ ဒီမြစ်က ချောင်းဖြစ်သင့်တာ ဆိုသည့် မှတ်ချက် အသံဗလံတွေသည် ရေသေ၊ ရေပုပ်များအတွက် အားရ ကြည်နူးစရာကြီး ဖြစ်နေပါလိမ့်မည်။

ဖိုးထက်

Photo by daniel korzeniewski


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – ရေသေတွေ စီးဆင်းပါစေ
  1. So you re saying everyone keeps five precepts and they are so good and honest and religious and do not take bribes?? Come on you know the truth.

Comments are closed.