(မိုးမခ) သြဂတ်စ် ၄၊ ၂၀၁၅
အလောင်းတွေမှာ သမိုင်းရှိတယ်
အလောင်းတွေကို သွားမရောကြနဲ့ …
အလောင်းတိုင်းကမွန်မြတ်လို့
ကိုဖုန်းမော်အလောင်းကို ‘၈၈၈၈’ နဲ့ရောလိုက်
ရတယ်
သွေးနဲ့ရေးခဲ့ကြတဲ့မော်ကွန်း
ကမ္ဘာမကြေဘူး။
ရှစ်ပူးအလောင်းနဲ့ နာဂစ်
အလောင်းချင်းမရောမိစေနဲ့
ဒဏ်ရာတွေကို တစ်ပေါင်းတည်း မခံစားမိစေနဲ့လေ
တာဝန်မဲ့သူတို့ကို အလောင်းတွေက
ခြောက်လှန့်နေပါပစေ။
လက်ကိုပြန်ကိုက်တဲ့ခွေးဟာ
သူ့ သွားဖုံးမှာလည်း ခြစ်ရာတွေကျန်လိမ့်မယ်။
ရွှေဝါရောင် လက်ပဒေါင်း
သွေးတွေနဲ့ အလောင်းတွေက ပြန့်ကြဲလို့
သတ်သတ်စီထားပါ အလောင်းချင်းမရောပါနဲ့
အလောင်းတိုင်းမှာ သမိုင်းရှိတယ်
အလောင်းတိုင်းဟာ မွန်မြတ်လို့
ဦးညွှတ်ရလိမ့်မယ်။
တနံတလျှားမှာ
ကပ်ဘေးတဲ့ ရေဘေးတဲ့
ကူကယ်ရာမဲ့ အလောင်းတွေ …
အလောင်းတွေပေါ်ပြန်သတဲ့
သဘာဝဘေးပေါ့ ငါ တို့မဝေးပါဘူး
တုံ့ပြန်မှုတွေကလက်နှေးလို့
တာဝန်မဲ့တဲ့လက်တွေ …
ခုခံဖို့သက်သက် အရှက်ကိုကာကွယ်ပြန်တော့
ဟိုမှာ … ဒီမှာ ပလုံစီဝဖီးတဲ့ အလောင်းတွေ …
အလောင်းတွေက ပြန့်ကြဲပြန်ပေါ့
ရတယ် …ထားလိုက် အလောင်းတွေကို
သွားမရောလိုက်ကြပါနဲ့
အလောင်းတွေမှာ သမိုင်းရှိတယ် …
အလောင်းတွေဟာ မွန်မြတ်တယ် …
အလောင်းတိုင်းမှာ နာမည်ရှိပါတော့တယ်။ ။
အောင်ကျော်သွင်