ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – သီ ချ င်း ထဲ မှာ

  ဆောင်းယွန်းလ – သီ ချ င်း ထဲ မှာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၅

သီချင်းထဲမှာ
နွေနေက ပူပူနွေးနွေး
လက်ဖက်ရည်လေးတခွက်
အေးအေးဆေးဆေး ငှဲ့သောက်ရုံပဲ…
အပြင်မှာတော့
မိုးတွေရွာလို့….

သီချင်းထဲမှာ
မိုးစက်မိုးမှုန်တွေက တဖျပ်ဖျပ်နဲ့
ကော်ဖီပူလေးတခွက်
မနက်ခင်းကို နှုတ်ဆက်ရုံသက်သက်ပဲ…
အပြင်မှာတော့
နေကခြစ်တောက်လို့….

သီချင်းထဲမှာ
ဆောင်းလေအေးအေး
ဘရန်ဒီလေးတခွက်
နွေးနွေးနွေးနွေးထွးထွေး ရင်ခုန်ရုံသက်သက်ပဲ
အပြင်မှာတော့
နှင်းမုန်တိုင်းက ရိုင်းတယ်….

သီချင်းကို
သီချင်းလို နားထောင်လိုက်ကြရုံသက်သက်နဲ့
ကမ္ဘာဟာ ပျက်ခဲ့တယ်…

သီချင်းကို
သီချင်းထက်ပိုပြီး နားထောင်လို့ရတဲ့
ကမ္ဘာမှာကော
ဘာပျက်စရာရှိဦးမလဲ….

သီချင်းက
သီချင်းထဲမှာ ကမ္ဘာမကြေသေးဘူး
ကမ္ဘာကတော့
ကမ္ဘာထဲမှာ ကမ္ဘာကြေခဲ့ပြီ..။


ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts