ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဒါတွေဖြစ်ကုန်ကြပြီပဲ

ငြိမ်းချမ်းအေး – ဒါတွေဖြစ်ကုန်ကြပြီပဲ
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၅

သြော်.. ဒုက္ခ.. ဒုက္ခ..

ဒီမိုကရေစီခေတ်ကြီးမှာ

အာဇာနည်ဖြစ်ရတာ

မဲဆွယ်လာဘ်ကောင်ဖြစ်ရပါလားနော်..။

အထူးလျှော့ဈေးနဲ့ မဲပေးနော်..၊

အမှတ်တရ မဲပေးနော်..၊

အထိမ်းအမှတ် မဲပေးနော်..၊

… …

… …

ဒါတွေထက် ပိုရယ်စရာက

ဟိုအရင် ‘အောင်ဆန်း’ နာမည် ပြောထွက်ဖို့

အပင်းဆို့ နေသူများ၊

‘အောင်ဆန်း’ ရုပ်ပုံ ချောင်ထိုးခဲ့ကြသူများ၊

‘အောင်ဆန်း’ ကို သမိုင်းမှာ အကြိမ်ကြိမ် သတ်ခဲ့သူများ၊

သူတို့.. ကိုယ်တိုင်

အောင်ဆန်း’ ကို ဦးထိပ်ထားလျက်

ဆိုချင်နေကြပါ့လား..။

တနှစ်တခါ

ဝတ်ကျေတန်းကျေ အလေးပြုခံပြီး

နေမြဲ ချိန်ကျ..

လိမ်မြဲ.. ခိုးမြဲ.. စားမြဲ ဖြစ်နေရာကနေ

အခုတော့ မုသာဝါဒစုံရာ

အစိုးရပါးစပ်သတင်းစာမျက်နှာဖုံး အပေါ်

ဇီးကွက်ရုပ်လို ရောက်ရော့ပါပကော..။

ဒါပေမဲ့.. ဘုရားကာ အောက်၊

မျောက်က အထက်တော့ ဖြစ်မြဲ..။

ဘာပဲဖြစ်ဖြစ်..

တပ်မတော် အစိုးရထွက်များဆိုတော့

တော်.. တော်.. တော်.. တော်ပါတော့

အော်ရလောက်အောင် တော်ကြလွန်းလို့

တော်ပါသေးရဲ့လည်း.. ဆိုရဦးမပေါ့..။

ခေတ်အဆက်ဆက်

ရွှေတိဂုံ ဒဂုံစီးတီး အိမ်ရာ စီမံကိန်း..

တပ်ပိုင်မြေထဲ ကျူးကျော်ဆောက်ထားလို့ဆိုပြီး

အာဇာနည် ဗိမာန်ကို လက်ပတ်နီများ ခြံရံ

လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက

တလွန်တစွန် ရေမီးအစုံနဲ့ ပို့မပစ်ခဲ့တာပဲ

ကျေးဇူးတင်ရမယ် မဟုတ်ပါလော..။

အခု ဆယ်စုနှစ် နှစ်ခုကျော်မှာတော့

ဟိုသူကလည်း.. ‘အောင်ဆန်း’ ဆိုချင်

ဒီသူကလည်း.. ‘အောင်ဆန်း’ ခေါ်ချင်

ငွေ အသပြာ အာဏာ စည်းစိမ်

မဲပြားအသွင် လက်ယပ်ခေါ်ရာ

လာဘ်ခေါ်ကောင်းတဲ့ ကြောင်ရုပ်

‘အောင်ဆန်း’ ခမျာ

ဖြစ်ခဲ့ရပြီပေါ့..။

ဆိုတော့..

သမီးအရင်းခေါက်ခေါက်

လွတ်လွပ်လပ်လပ် ပန်းခွေချခွင့်ရချိန်မှာတော့

အလိုဗျာ..

“—” တွေဖြစ်ကုန်ကြပြီပဲ..။

ငြိမ်းချမ်းအေး

ဇူလိုင် ၁၆၊ ၂၀၁၅

(အာဇာနည်နေ့ အကြို ဥသြဆွဲ အန်ချခြင်း..)

(Inspired by Saya Min Lu’s Poem ‘ဘာတွေဖြစ်ကုန်ကြပြီလဲ..’)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts