Yan Naung (Bo Ta Htaung) မိန့်ခွန်း အင်တာဗျူး

၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်

Photo – China Daily

 

၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် နှင်းဆီစံအိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သော ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့်အစုံ (ဇူလိုင် ၁၁ရက် ညနေ ၅နာရီ)

(ရန်နောင်(ဗိုလ်တထောင်))၊ မိုးမခ၊ ဇူလိုင် ၁၄၊ ၂၀၁၄

 

ကျွန်မတို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်နေပါ တယ်။ အားလုံးသိတဲ့အတိုင်းပဲ ရွေးကောက်ပွဲကို သြဂုတ်လ ၈ရက်နေ့အပြီး ကိုယ်စားလှယ်စာရင်းတွေ တင်ပြီး နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ်ဆိုတာ ကြေငြာပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေနဲ့ ဒီနေ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးခေါ်ပြီးတော့ ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ အဲဒီတော့ တိုတိုပြောရမယ်ဆိုရင် ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။

 

 ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တယ်ဆိုတာတော့ အဓိကအားဖြင့်တော့ မပြီးသေးတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဖို့ပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက် လို့လည်း ကျွန်မတို့ တက်နိုင်သမျှ မဲဆန္ဒနယ်အားလုံးက ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အားလုံးသိတဲ့အတိုင်းပဲ တစ် တိုင်းပြည်လုံး အတိုင်းအတာနဲ့ဆိုရင် တစ်ထောင့်နှစ်ရာ ကျော်ပါတယ်။ တစ်ထောင့်နှစ်ရာ အားလုံးမှာတော့ ကျွန်မတို့ ဝင်ပြိုင်မှာ မဟုတ်ပါဘူး။ တချို့တလေမှာတော့ ဝင်မပြိုင်တဲ့ နေရာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါ ပေမယ့် အများစုကြီးကိုတော့ ကျွန်မတို့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ နောက် ကိုယ်စားလှယ်စာရင်းတွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကို သြဂုတ်လ ၈ရက်နေ့ နောက်ဆုံးထား ထည့်သွင်းရမယ်ဆိုတော့ ဒီဟာတွေလည်း စပြီးတော့ လုပ်နေပါပြီ။ ကျွန်မတို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ဘယ်လိုလျှောက်လွှာတင်ရမယ် စသဖြင့် ဒီဟာတွေကိုလည်း နောက်အပတ်ထွက်တဲ့ ဒီလှိုင်းထဲမှာ ကျွန်မတို့ ထည့်မှာ ဖြစ်ပါတယ်။ 

 

ကိုယ်စားလှယ်တွေ ကို ဘယ်လို ကျွန်မတို့က ရွေးချယ်မှာလည်းဆိုတာတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကျွန်မတို့မူ တွေနဲ့ မကွာခြားပါဘူး။ အားလုံး မှတ်မိမယ်ထင်ပါတယ်။ ကျွန်မတို့ ၂၀၁၂ ရွေးကောက်ပွဲတုန်းက နံပါတ်တစ်က အရည်အချင်း ဦးစားပေးမယ်။ နံပါတ်နှစ်ကတော့ အမျိုးသမီးတွေကို ဦးစားပေးမယ်။ နံပါတ်သုံးက လူငယ်တွေ ဦးစားပေးမယ်။ နံပါတ်လေးက တိုင်းရင်းသားတွေပေါ့နော်။ အဲဒီအစီအစဉ်အတိုင်း ဦးစားပေးမယ်လို့ ကျွန်မတို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဒီအတိုင်းပဲ ကျွန်မတို့ ကိုယ်စားလှယ်တွေ ရွေးလိုက်ပါတယ်။ အခုလည်း ဒီ အတိုင်းပဲ ရွေးမှာပါ။ ဒါပေမယ့် အရည်အချင်းလို့ ဆိုတဲ့နေရာမှာ ပြည်သူကို အကျိုးပြုနိုင်တဲ့ အရည်အချင်း၊ ရှိ သင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ဆိုလိုတာပါ။ အဲဒါနဲ့ ပတ်သက်လို့ တချို့က ဒါဟာ ဘွဲ့ရတွေ ဖြစ်ရမယ် လို့ပြောတာလား၊ ဘယ်လို ကျောင်းပညာအရည်အချင်းရှိရမလဲလို့ မေးတာတွေ ရှိပါတယ်။ ကျွန်မတို့က အရည် အချင်းဆိုတာဟာ ဒီလို ကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ မြင်တာ မဟုတ်ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မြင်တာပါ။ ကျွန်မ စောစောက ပြောခဲ့တဲ့အတိုင်းပဲ ပြည်သူတွေကို အကျိုးပြုနိုင်တဲ့ ကိုယ်စားလှယ်တွေကို ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းဆိုတော့ ဒါဟာ ကျောင်းပညာအရည်အချင်း တစ်ခုတည်းတင် မဟုတ်ပါဘူး။ ဘွဲ့ရပြီးတော့ ပြည် သူတွေကို အကျိုးမပြုနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့က ဘွဲ့ရတာကို အလေးမ ထားတာ မဟုတ်ဘူး။ ကျောင်းပညာ မြင့်မြင့်တက်တာကို အလေးထားပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းကို ကျွန်မတို့ ကြည့်မှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ ကျွန်မတို့ဟာ နိုင်ငံရေးစိတ်ဓာက် မှန်ကန်ဖို့ လိုပါ တယ်။ နိုင်ငံရေးစိတ်ဓာက်မှန်ကန်ဖို့လိုတယ်ဆိုတဲ့ နေရာမှာ ကျွန်မတို့က နိုင်ငံရေးကျွမ်းကျင်မှုလည်း ရှိရမယ် လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တချို့ကတော့ ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ပုဂ္ဂုလ်တွေ လည်း ဖြစ်နိုင်တယ်။ တစ်ချို့ကျတော့ ကျွန်မတို့ဟာ ပြည်သူကို အကျိုးပြုနိုင်တဲ့ အရည်အချင်းတွေရှိလို့ အခုမှ တယ်နိုင်ငံရေးလောကထဲကို ဝင်တဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအမြင်ကတော့ မှန်ဖို့ လိုပါတယ်။ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံ စံနှုန်းစံထားတွေကို ယုံကြည်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့လိုပါ တယ်။ 

 

နောက်ပြီးတော့ ပြည်သူကနေ ယုံကြည်စိတ်ချနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖို့ လိုပါတယ်။ ဒါတွေကိုတော့ ကျွန်မ တို့ အသေးစိတ် မပြောတော့ပါဘူး။ အားလုံး ကျွန်မတို့ ဒီလှိုင်းထဲမှာ ကြေငြာချက်ထုက်တဲ့အခါကျရင် တွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ မေးမှာပေါ့နော်။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြု ပြင်ပြောင်းလဲရေးမှာ လွှတ်တော်အတွင်း မအောင်မြင်ခဲ့တာကို ဘယ်လိုသဘောထားလဲ၊ ဒီလို မအောင်မြင် လျှက်နဲ့ ရွေးကောက်ပွဲ ဝင်မှာလားလို့ မေးတဲ့ ပုဂ္ဂိုလ်များလည်း ရှိပါလိမ့်မယ်။ ဒါလင်ည်း မေးသင့်မေးထိုက်တဲ့ ကိစ္စပါ။ ကျွန်မတို့ ၂၀၁၂တုန်းက ကြားဖြတ်ရွေးကောက်ပွဲ ဝင်ကတည်းက မူသုံးခုနဲ့ ဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မူသုံးခုကတော့ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဖြစ်ပါ တယ်။

 

ဒီမူသုံးခုနဲ့ ဝင်ခဲ့ပေမယ့် အဲဒီကတည်းက ကျွန်မတို့ ပြောပါတယ်။ ဒီဟာတွေအားလုံးကို အဲဒီကတည်း က ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်က ၄၄ခု ရှိပါတယ်။ ၄၄ စလုံးနိုင်ခဲ့ရင်တောင်မှ ကျွန်မတို့ဟာ ပြည့်ပြည့်ဝဝ ပြည့်စုံ နိုင်မှာ မဟုတ်ဘူး။ ပထမဦးဆုံး ခြေလှမ်းတစ်ခုပဲ၊ လွတ်တော်အတွင်းဝင်ပြီးတော့၊ လွတ်တော်ပြင်ပနိုင်ငံရေးအ ပြင်၊ လွတ်တော်တွင်း နိုင်ငံရေးပါ လုပ်နိုင်အောင်လို့  ပထမဆုံး ခြေလှမ်းလှမ်းလိုက်တာလို့ ကျွန်မပြောပါတယ်။ ကျွန်မတို့ မှန်းတဲ့အတိုင်း ၄၄နေရာတော့ မရခဲ့ပါဘူး။ ၄၃နေရာပဲ ရခဲ့ပါတယ်။ ပြီးတော့ ဒါပေမယ့်လည်း ၄၃ နေ ရာဆိုတာ ၆၀၀ကျော်တဲ့ လွတ်တော်ဝင်းကြီးထဲမှာဆိုရင် အင်မတန်မှနည်းတဲ့ အစုဖြစ်တယ်ဆိုတာ အားလုံးသိ ပါတယ်။

 

ဘာပဲပြောပြော ကျွန်မတို့ ၂၀၁၂တုန်းက စခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လှုပ်ရှားမှုလို့ ပြောရမှာပေါ့။ ပ ထမဦးဆုံး ကျွန်မတို့ ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ရွေးကောက်ပွဲဝင်တဲ့ မူတစ်ခုအ နေနဲ့ ထားပြီးတော့ ဝင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အဲဒီဟာက အရှိန်အဟုန်တက်လာပြီးတော့ တခြားအဖွဲ့အစည်း တွေ ပြည်သူလူထုတွေကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့အတွက် စိတ်ဝင်စားလာတယ်။ လို လားကြပါတယ်။ အထူးသဖြင့် ကျွန်မတို့ ပုဒ်မ ၄၃၆ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူကြားမှာ လှုပ်ရှားမှု လုပ် တဲ့အခါမှာ အတော်ကို အောင်မြင်ခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ငါးသန်းသော ပြည်သူများက လက်မှတ် ထိုးပြီးတော့ ထောက်ခံခဲ့ပါတယ်။ ဒီဟာက ဒီမိုကရေစီ နိုင်ငံတွေရဲ့ စံနှုန်းစံထားအရ ဆိုရင်တောင်မှ အင်မတန် မှ အံသြလောက်အောင်တော့ မြင့်မားတဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ ပြည်သူတွေဟာ တစ် ကယ်ပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်။ ရှင်းပြရင် သဘောပေါက် နားလည်တယ်ဆိုတာ ကျွန်မတို့ အဲဒီလှုပ်ရှား မှုအတွင်းမှာ သိခဲ့ရပါတယ်။ 

 

တချို့ရွာလေးတွေ၊ ပြည်နယ်တွေ အထူးသဖြင့် ကျွန်မမှတ်မိသလောက်တော့ ခေါင်းထဲ သေသေချာချာ မှတ်မိနေတာက ကျွန်မတို့ ကရင်ပြည်နယ် သွားတဲ့အခါကျတော့ ရွာတစ်ရွာမှာဆိုရင် တချို့ ရွာသူရွာသားတွေ က ဗမာစကားတောင် မပြောတက်ကြပါဘူး။ ဒါပေမယ့် သူတို့အားလုံး ၅၉(စ) ကို သိကြတယ်။ အဲဒီလောက် ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ စိတ်ဝင်စားမှု ရှိနေတာကို ကျွန်မအနေနဲ့ တွေ့တဲ့အခါ ကျတော့ ကျွန်မ အင်မတန်မှ အားတက်တယ်။ ဒီလွှတ်တော်အတွင်းမှာ ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့တော့ ဒီဟာ ပြင်ဆင်နိုင်ရေးအတွက်အားဟာ မလုံလောက်ဘူးဆိုတာလည်း ကျွန်မတို့ သိပါတယ်။ သို့သော်ငြားလည်း ပြည် သူက ကျွန်မတို့ကို ထောက်ခံတယ်ဆိုတဲ့ အနေအထားဟာ မနည်းပါဘူး။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တချို့ကနေပြီးတော့ ဒီငါးသန်းကနေပြီးတော့ ထိုးထားတဲ့ လက်မှတ်တွေက အ ဟောသိကံ ဖြစ်သွားပြီလား။ ဘာမှ အရာမထင်ဘူးလားလို့ မေးကြပေမယ့် အဟောသိကံ မဖြစ်ပါဘူး။ အခု ဒါ ဟာ ပိုပိုပြီးတော့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု၊ ပြည်သူလူထုရဲ့ တက်ကြွမှုကို ဖြစ်စေပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ တင်လာတဲ့ အခါမှာ  ဒီငါးသန်းသော ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုတဲ့ ပုံစံမျိုးကို မြင်တွေ့ရတဲ့ အခါကျတော့ ပြည်သူတွေဟာ ပိုပြီးတော့ ကြိုးစားဖို့လိုသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူတွေအားလုံး ပါဝင်ပြီးတော့ နောက်ထပ်ပြီးတော့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းဖို့လိုသေးတယ်ဆိုတာ ပိုပြီးတော့ နားလည်သဘောပေါက်လာတယ်လို့ ကျမတို့ မြင်ရပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ လုံးဝစိတ်ဓါတ်မကျပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြောင်းရမယ့် ဥပဒေ၊ပြင်ရမယ့် ဥပဒေဆိုတာ ကျမတို့ ပြည်သူတွေ လက်ခံထားတာမို့ပြင်ဖြစ်၊ပြောင်းဖြစ်မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။

 

ဘယ်တော့ပြင်ဖြစ်၊ ပြောင်းဖြစ်မလဲလို့ မေးရင် အဖွဲ့ချုပ် ရွေးကောက်ပွဲ မှာနိုင်ရင် မြန်မြန်ပြောင်းဖြစ်မယ်လို့ ကျမတို့ပြောရမှာပဲ။ဒီတော့ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တစ်ခါတည်း ပြောရမယ်ဆိုရင် ၊ တချို့မမေးခင်ကတည်းက ပြောထားတာ၊ ဘာဖြစ်လို့လဲဆိုတော့ မေးမှာသေချာတယ်။ ၅၉(စ) ကို မပြင်ဘူးဆိုရင် ကျမအနေနဲ့ ဖြစ်နိုင်ခြေမရှိဘူး။ အဲဒီတော့ အဖွဲ့ချုပ်က ဘယ်လိုဒီကိစ္စကို ကိုင်တွယ်မလဲဆိုတာ ၊ ဒါလည်း ကျမတို့ စဉ်းစားထားပြီးပြီ။ဒါအချိန်မတန်သေးလို့ မပြောတာပါ။ ပြည်သူလူထု လက်ခံနိုင်တဲ့ အစီအစဉ်တစ်ခုပို ကျမတို့ လုပ်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာ ဒီမိုကရေစီကို ယုံကြည်ပြီးတော့ ပြည်သူကို အားကိုးပြီးတော့ ရပ်တည်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ပြည်သူကို အားကိုးပြီးတော့ ရပ်တည်ခဲ့တဲ့ ပါတီဖြစ်တာကြောင့်မို့လို့ ပြည်သူရဲ့ ထောက်ခံမှု မရှိရင် ကျမတို့ ဆက်ပြီးတော့ လှုပ်ရှားလို့ မရပါဘူး ။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ၊အစိုးရဖွဲ့ရေးနဲ့ပဲဖြစ်ဖြစ် ပြည်သူတွေ လက်ခံနိုင်တဲ့ အစီအစဉ်မျိုးကိုသာ ကျမတို့လုပ်နိုင်မှာဖြစ်ပါတယ်။ပြည်သူတွေ လက်မခံနိုင်ရင် ဘယ်အစီအစဉ်မှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

 

အဲဒီတော့ ဒါတွေကိုလည်း ကျမတို့စဉ်းစားထားပြီးပါပြီ။အခုကျမတို့ ပထမဦးဆုံး ကျမတို့စိုးရိမ်ရတာကတော့ မဲဆန္ဒရှင်စာရင်းတွေပေါ့။ အားလုံးသိတဲ့ အတိုင်းပဲ ကျမတို့ အဖွဲ့ချုပ်ကနေပြီး တော့ ဧပြီမတိုင်ခင်ကတည်းက စပြီးတော့ မဲဆန္ဒရှင်စာရင်းတွေနဲ့ ပတ်သက်ပြီး တော့ လိုက်စစ်တဲ့အခါမှာ အမှားတွေသိပ်ပြီးတော့ များတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ သုံးဆယ်ရာခိုင်နှုန်းက နေပြီးတော့ ရှစ်ဆယ်ရာခိုင်နှုန်းကြားဆိုပြီးတော့ အမှားတွေက များပါတယ်လို့ ပြောခဲ့တာတွေကို တချို့တွေက ငြင်းပါတယ်။ ဒါပေမဲ့ ကျမ ပထမ ဦးဆုံး စိစစ်ခဲ့တဲ့ မြို့နယ် ဆယ်မြို့နယ်ရဲ့ စာရင်းတွေ၊ ဘယ်လိုစိစစ်ခဲ့လဲဆိုတာ ဒီနေ့ပဲ တင်ပြခဲ့လို့ ကျမကြည့်တဲ့အခါကျတော့ သုံးဆယ်ကနေ ရှစ်ဆယ်ရာခိုင်နှုန်းအထိ မှားတယ်လို့ပြောတာ မမှားဘူးလို့ ကျမတွေ့ပါတယ်။

 

မကြာခင် ကာလတုန်းက ကော့မှူးက ဝါးသင်္ခရွာမှာ ကျမသွားတော့ မဲစာရင်းတွေကို ကြည့်လိုက်ပါတယ်။မဲစာရင်းတွေ ကြည့်လိုက်တဲ့အခါကျတော့ ကျမတို့ကတော့ ဒီလိုပဲကြည့်ရတာပေါ့နော်။ မဲစာရင်းတွေရဲ့ အချက်အလက်တွေအားလုံး မှန်တယ်၊မမှန်တယ်ဆိုတာတော့ ကာယကံရှင်တွေကပဲ သိရမှာပေါ့။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းကြီး ကျမတို့ မြင်နေရတာက ဘာလဲဆိုတော့ အမျိုးသားမှတ်ပုံတင် အမှတ်တွေနဲ့ ပတ်သက်ရင် တော်တော်များများ ဟာ မဖြည့်ထားတာကို တွေ့ရပါတယ်။မဖြည့်ထားဘူးဆိုတော့ မှားတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။ အမျိုးသားမှတ်ပုံတင် အမှတ်မပါရင် မဲပေးလို့ရမှာ မဟုတ်ဘူး။ မပါတဲ့လူတွေကလည်း တော်တော် များတယ်။ နောက်ပြီးတော့ တချို့ကျတော့ အရင်တုန်းက အဟောင်းတွေ၊ အရင်မှတ်ပုံတင်အဟောင်းတွေရဲ့ နံပါတ်တွေလည်းပါတယ်။ အဲဒီတော့ အဲဒီဟာ တွေကလည်း မှားတယ်လို့ ဒီလိုပဲ ကျမတို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါတောင် မှကျမတို့က မှတ်ပုံတင်ပဲ တွေ့သေးတာ။ နောက်တခု ကျမ သတိထားမိတာကတော့ အမိနာမည်ပေါ့နော်။ အရင်တုန်းကတော့ အဖနာမည်ပဲ တောင်းလေ့ရှိတဲ့အခါကျတော့ တော်တော်များများက အမိနာမည် ထည့်ထားတာ မရှိဘူး။အဲဒီတော့ အမိနာမည်ကို မဖြည့်ထားတဲ့ဟာတွေလည်းရှိတယ်။ မှတ်ပုံတင်မဖြည့်ထားတာတွေလည်းရှိတယ်။ အဲဒါတွေကိုက တစ်ဝက်ကျော်ကျော်လောက်ရှိပါတယ်။ကျန်တဲ့ အချက်အလက်တွေကိုတော့ ကျမမသိဘူးပေါ့နော်။ မွေးသက္ကရာဇ် မမှန်မကန်တာကိုတော့  ကျမ မသိဘူး။ ကျန်တာတော့ လိပ်စာမတိကျတာ။ အဲဒီတော့ ကျမတို့လည်း မသိဘူးပေါ့နော်။စာလုံးပေါင်းမှားတာတို့ နောက်ပြီးတော့ ဝါးသိင်္ခရဲ့ မဲစာရင်းတွေကြည့်လိုက်တဲ့အခါမှာ မှတ်ပုံတင်တဲ့ အမိနာမည်တွေ မဖြည့်ထားတဲ့ပုဂ္ဂိုလ်တွေရဲ့ အရေအတွက်ပဲ ကြည့်လိုက်မယ်ဆိုရင်တောင် တစ်ဝက် ၊တစ်ဝက်ကျော်ကျော် လောက်တော့ ရှိမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။အဲဒီတော့ တခြားကိစ္စတွေ၊ တခြား အချက်အလက်တွေ မှားနေတာတွေ လည်းရှိနေဦးမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မွေးသက္ကရာဇ်မှားတာတို့ ၊စာလုံးပေါင်းမှားတာတို့၊ အဖနာမည် မှားတာတို့ပေါ့။သူကလည်း အချက်အလက်ရှစ်မျိုးတောင်ရှိတာကိုး။ အဲဒီအထဲမှာ တစ်ခုမဟုတ်တစ်ခု ထပ်ပြီးမှားတာတွေလည်း ရှိတာပေါ့။

 

အဲဒီတော့ ကျမတို့က အဲဒီဟာနဲ့ ပတ်သက်လို့ စိုးရိမ်တယ်။ စိုးရိမ်တယ်ဆိုတာ တချို့နေရာတွေမှာ  မဲဆန္ဒရှင်စာရင်းတွေကိုပြင်လို့မရတော့ဘူး၊ပိတ်လိုက်ပြီလို့ ပြောပါတယ်။ ဦးဝင်းမြင့်တို့ ဧရာဝတီတိုင်းမှာပေါ့။ တချို့ကတော့ ဖုန်းဆက်ပြီး ပြောပါတယ်။သူတို့ရဲ့ မြို့နယ်မှာဆိုရင် မဲစာရင်းပိတ်လိုက်ပြီတဲ့။ ထပ်ပြီးတော့ ပြင်လို့မရတော့ဘူးတဲ့။

 

အဲဒီတော့ ကျမတို့ နားလည်တာကတော့ ကော်မရှင်က ပြောထားတာကတော့ မပိတ်သေးပါဘူးပေါ့နော်။ ဆက်ပြီးတော့ လုပ်လို့ရပါသေးတယ်ဆိုပေမယ့် အခုကျမတို့ သိရသလောက်ကတော့ ဧရာဝတီတိုင်းမှာ မြို့နယ် နှစ်ခုလား ၊ မြို့နယ် နှစ်ခုမှာတော့ ပိတ်လိုက်ပြီဆိုပြီးတော့ ပြောပါတယ်။ အဲဒီတော့ ဒီမြို့နယ်နှစ်ခုကပဲ  နားလည်မှုလွဲတာလားတော့ မသိပါဘူး။ အခု ရွေးကောက်ပွဲ ရက် ကြေညာပြီးပြီဆိုတော့ စာရင်းပိတ်ရမယ်လို့ သူတို့ နားလည်လို့လားမသိပါဘူး ။ဒါတွေဟာ ကော်မရှင်ကနေ ရှင်းဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ မဲစာရင်းပိတ်လိုက်ပြီ ဆိုရင် အမှားတွေ အများကြီး ရှိပါလိမ့်မယ်။ အဲဒီတော့ အမှားတွေရှိတယ် ဆိုတဲ့ အဓိပါယ်က ကျမတို့ မဲဆန္ဒရှင်တွေကနေပြီးတော့ မဲပေးပိုင်ခွင့်ကိုဆုံးရှုံးသွားရမယ့် အခြေအနေပါ။ ဒါဟာလည်း စိုးရိမ်စရာဖြစ်ပါတယ်။မဲစာရင်းတွေ မပိတ်ဘူးဆိုရင် တောင်မှ အချိန်မီအားလုံးကို ပြင်နိုင်ပါ့မလားဆိုတာလည်း ကျမတို့ နည်းနည်းစိုးရိမ်မိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီအချက်အလက်တွေ အားလုံးမှန်ပါ့မလားဆိုတာလည်း ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စဉ်းစားဆုံးဖြတ်ရမှာပါ။

 

 ဘာဖြစ်လို့လဲဆိုတော့ ကျမနားလည်သလောက်တော့  နည်းဥပဒေတွေအရဆိုရင် မှတ်ပုံတင်လည်းရှိတယ်။ နောက်ပြီးတော့ ဒီရပ်ကွက်မှာ နေတယ်ဆိုတာကို ရပ်ကွက်ရုံးကပဲဖြစ်ဖြစ်၊ မဲရုံ ကိုယ်စားလှယ်ကပဲဖြစ်ဖြစ် ထောက်ခံတယ်ဆိုရင် မဲပေးပိုင်ခွင့် ရှိတယ်ဆိုပြီးတော့ ကျမတို့ နည်းဥပဒေတွေအရ  နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါနဲ့ ပတ်သက်လို့  ကျမတို့အဖွဲ့က  ဦးထွန်းထွန်းဟိန် တို့သွားပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တဲ့အခါကျတော့ အဲဒါကို အတည်ပြုပေးပါဆိုတော့ တရားဝင်တော့ အတည်မပြုသေးဘူး၊ စည်းမျဉ်းစည်းကမ်းတွေအနေနဲ့ ကျမတို့က ဖြစ်စေချင်တာက ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တရားဝင်ကြေညာချက်တစ်ခုထုတ်စေချင်ပါတယ်။နည်းဥပဒေများနဲ့ ကိုက်ညီစွာ မှတ်ပုံတင်ရှိပြီးတော့ အဲဒီရပ်ကွက်မှာ နေတယ်ဆိုတဲ့ လုံလောက်တဲ့ အထောက်အထားရှိရင် မဲပေးနိုင်ပါတယ်ဆိုပြီးတော့  အဲဒီလောက်ကို သေသေချာချာ တရားဝင်ကြေညာပေးမယ်ဆိုရင်တော့ အများကြီး အဆင်ပြေမှာပါ။ အခုထိတော့ အဲဒီလို မကြေညာပေးထားတော့ နောက်တချို့ကလည်း ကော်မရှင်ထဲမှာ ပြောတာကတော့ ရှစ်ချက်စလုံး မှန်ရမယ်ပေါ့နော်။ အမည်တို့၊ လိပ်စာတို့၊ နောက်ပြီးတော့ မွေးနေ့တို့၊ အဖအမည်တို့၊ အမိနာမည် စသဖြင့်  အားလုံးမှန်ရမယ်လို့ ပြောထားတဲ့အခါကျတော့ အဲဒီလို အားလုံးမှန်အောင် လုပ်ရမယ်ဆိုတာကတော့ ကျမတို့ ဒီရွေးကောက်ပွဲမတိုင်မီဖြစ်ဖို့က နည်းနည်း တော့ ခက်ခဲ မယ်ထင်ပါတယ်။ ဒါကတော့ ပထမဦးဆုံး ရင်ဆိုင်ရမယ့် ပြဿနာပေါ့နော်။

 

 

 နောက်ပြီးတော့ အားလုံးကနေပြီးတော့ တရားမျှမျှတတဖြစ်ဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ ၊ ဒါတွေဟာလည်း တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း အားလုံးလုပ်ဖို့လိုပါတယ်။ ဒီမှာ မီဒီယာကိုလည်း ကျမတို့ အများကြီး အားကိုးပါတယ်။ မီဒီယာတွေအနေနဲ့ တတ်နိုင်သမျှ နိုင်ငံရေးထဲမှာ ပါဝင်စေချင်ပါတယ်။ အခုထိတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တချို့ CSO ၊ တချို့ NGO တွေ အနေနဲ့ လူနည်းစုသာ မဲဆန္ဒရှင်စာရင်းတွေကို လိုက်ပြီးတော့ ကြည့်တဲံအလုပ်ကိုလုပ်နေတယ်ဆိုတာ ကျမတို့တွေ့ရပါတယ်။ 

 

ဒါကတော့ ကျမတို့အနေနဲ့ အခုလောလောဆယ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သုံးသပ်တာပါ။ ဒီ ၈ ရက်နေ့ ၊ နိုဝင်ဘာမှာ ကျင်းပမယ်ဆိုတော့လည်း ကျမတို့အားရပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီပါတယ်။ ကျင်းပရမယ့်အချိန်မှာ ကျငေ်းပတာကို ကျမတို့အနေနဲ့ ကြိုဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “၂၀၁၅ ရွေးကောက်ပွဲ ၀င်မယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်

Comments are closed.