သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၃)

မောင်မောင်စိုး – ငြိမ်းချမ်းရေး ဤခရီး နီးပါ၏လော – အပိုင်း (၃)
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလည် NCCT နှင့်ဆွေးနွေးနေသော ၂၀၁၅ မတ်လ ပန်ဆန်းညီလာခံကျင်း ပခဲ့သော မေလ လောခီးလာညီလာခံကျင်းခဲ့သော ဇွန်လမှသည် UPWC နှင့် SD ခေါ် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလည်တို့ ဆက်လက်ဆွေးနွေးရန် သဘောတူခဲ့သည့် ဇူလိုင်လ ယခုချိန်ထိ အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များကြားတင်းမာမှုနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားမှုများ အတောမသတ်ခဲ့ပေ။ ဤသည်မှာ ငြိမ်းချမ်းရေးအတွက် ယုံကြည်စိတ်ချဘွယ် အခြေအနေမရှိသည်ကို ညွှန်ပြနေသည်ဟု ဆိုရပေမည်။

ဤသို့ဖြစ်ပွားနေသောစစ်ပွဲများ တင်းမာမှုများနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးတွင် အကြောင်းပြချက်များစွာရှိသည်။ သို့ပါ၍ ထိုအခြေအနေအချက်အလက်များကို ခြုံငုံသုံးသပ် ကောက်ချက်ချနိုင်ရန် အလို့ငှါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လတ်တလော တိုက်ပွဲ ဖြစ်ပွားနေသောအခြေအနေများကို အကြမ်းပြင်း ဖေါ်ပြသွားပါမည်။ မြန်မာပြည်၏ အကဲဆတ်သော အခြေအနေများဟု ဆိုရပေမည်။

• ကချင်ဒေသတိုက်ပွဲများ
NCA မူကြမ်းအတည်ပြုရန် ရက်ပိုင်းအလို မတ်လအတွင်းတွင်၎င်း မေလဆန်း သမတနှင့် UWSA/ NDAA/RCSS တို့ကျိုင်းတုံ
တွင်တွေ့ဆုံစဉ်၎င်း ဗန်းမော် မန်စီ ကိုက်ထိပ် နမ့်ခမ်းလမ်းကြောင်းပေါ်တွင် အစိုးရတပ်များနှင့် KIA တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ အစိုးရတပ်မှ လေကြောင်းပစ်ကူပါသုံး၍ တိုက်ခိုက်ခဲ့သည်ကိုတွေ့ရ၏။ အစိုးရမှ သစ်မှောင်ခိုကားများ အားလိုက်လံဖမ်းဆီးသည်ဟု အကြောင်းပြသော်လည်း ထိုသစ်များမှာ ကချင်ဒေသမှသစ်များ မဟုတ်ဘဲ အစိုးရထိမ်းချုပ်ရာဒေသများဖြစ်သောစစ်ကိုင်းတိုင်းနှင့် မိုးမိတ်ဒေသမှထုတ်လာသော သစ်များဖြစ်နေခြင်း အကယ်၍ ထိုသစ်ကားများ ဖမ်း ဆီးလိုပါက နမ့်ခမ်းအနီးမန်ဝိန်းကွင်းမှ တရုတ်ပြည် လုံတောင်းသို့မဝင်မှီ ပိတ်ဆို့ဖမ်းဆီးခြင်းပြုလုပ်နိုင်ခြင်းများကြောင့် ထိုအကြောင်းပြချက်အတွက် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။

နောက်တကြိမ်တိုက်ပွဲများသည် ဇွန်လ ၁၅ ရက်မှ ပြန်လည်စတင်သည်။ တိုက်ပွဲဖြစ်ပွားမှုစတင်သည့်ဒေသမှာ KIA တပ်မ ဟာ၂ တပ်ရင်း ၆ လှုပ်ရှားရာ ဖားကန့်ဒေသဖြစ်သည်။ KIA အတွက်ဘဏဏ္ဍာရေးရင်းမြစ်ရှိသည့် ဒေသလည်းဖြစ်သည်။ KIA ရင်း ၆ သည် မူလက ဖားကန့် မြောက်ဖက် ကန်စီးတွင် စခန်းထိုင်သည်။ ထို့နောက် အစိုးတပ်နှင့်တိုက်ပွဲများဖြစ်ပြီး အောင် ဘာလေသို့လည်းကောင်း၊ နောက်တကြိမ်တိုက်တိုက်ပွဲထပ်ဖြစ်သောအခါ အောင်ဘာလေ အထက်ဘက် ၇ မိုင်ခန့် အကွာရှိ နမ့်ဂျန်ချောင်းဖျားသို့လည်းကောင်း ပြောင်းရွှေ့အခြေစိုက်သည်။ ဖားကန့်မှ မိုင် ၂၀ ခန့်အကွာတွင်ဖြစ်သည်။

၂၀၁၅ ဇွန်လ ၁၅ ရက်မှစ၍ အစိုးရတပ်ရင်း ၄ ရင်းခန့် ရင်း ၆ ဌာနချုပ်ရှိရာသို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ဝင်ရောက် လာပြီး တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည်။ ဇွန် ၁၅၊ ၁၆၊ ၁၇ နေ့များတွင် KIA ရင်း ၆ စခန်းငယ်များနှင့် ၇ နေရာခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆိုင်းဂျာ ဆွတ်ဂျိုင် အောင်လင်း စသည့် KIA ရင်း ၆ အနီးရှိရွာများသို့ အစိုးရစစ်ကြောင်းများရောက်ရှိလာခဲ့သည်ဟုဆိုသည်။ထိုအခါ KIA တပ်ဖွဲ့များသည် ဆိုင်းတောင် ဖားကန့်ဒေသများတွင်လည်းကောင်း၊ ဖားကန့် ကာမိုင်း မိုးကောင်းလမ်းပိုင်းတွင် တိုက်ပွဲများဖေါ်ပြီးရင်းဌာနချုပ် တောင်ဘက်သို့ဆင်း၍ တိုက်ခိုက်လာကြသည်ကိုတွေ့ရသည်။

ထိုကြောင့် ကာမိုင်း မအူပင် နန့်ယန်း တံတားညီနောင် စသည့်မိုင် ၄၀ ကျော်ရှည်သည့်ကားလမ်းပိုင်းတွင် ဇွန် ၂၀ ရက်ခန့် မှစ၍ယခုချိန်ထိ တိုက်ပွဲများ မပြတ်ဖြစ်ပွားနေတော့သည်ဟုဆိုသည်။ KIA ရင်း ၆ အနီးမှရွာများ စစ်ဘေးကြောင့် တိမ်းရှောင်ကြရပြီးဆိုင်းဖရာရွာရှိ ဘုရားကျောင်းမှာ တိုက်ပွဲအတွင်းပျက်စီးသွားခဲ့သည်။ ဖားကန့်လမ်းရှိ ခွပ်ဇိုင်စွပ် တံတားညီနောင် ဂေါ်လုယန်ပျားအုံရွာများမှာ စစ်တပ်၏အမိန့်ဖြင့် နန့်ယားသို့ ပြောင်းရွှေ့ခဲ့ရသည်ဟုဆိုသည်။ အစိုးရစစ်တပ်ဘက်မှ ကာမိုင်း ကန်စီး စသည်နေရာများမှ လက်နက်ကြီးပစ်ကူပေးပြီး အမြောက်သံ သေနတ်သံသောသောညံခဲ့သည်ဟုဆိုသည်။

ထိုကာလအတွင်း ဖားကန့် လုံခင်းဒေသရှိ ကျောက်စိမ်းကုမ္မဏီ ၄ ခုခန့်မှာလည်း အမျိုးအမည်မသိသူများ၏ တိုက်ခိုက်ဖျက် ဆီးခြင်းကို ခံခဲ့ရသည်ဟုဆိုသည်။

အလားတူပင် ထိုရက်ပိုင်းများအတွင်း ဇွန် ၂၆ တွင် ဆွမ်ပရာဘွမ်အနီး KIA တပ်မဟာ ၁ ရင်း ၇ မလိယန် စခန်းအား အစိုးရတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အစိုးရစစ်တပ်နှင့်အတူ ဖားကန့် ကာမိုင်းဒေသတွင် ရှမ်းနီ ပြည်သူ့စစ်များသည်လည်းကောင်း ဆွမ်ပရာဘွမ်ဘက်တွင် တန်ကူးတန်၏  ရဝမ်ပြည်သူစစ်များများ ပါဝင်ခဲ့သည်ဟုဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်များလှုပ်ရှားရာဒေသတွင်လည်းတိုက်ပွဲငယ်များဖြစ်ခဲ့သည်။ မူစယ် ကွတ်ခိုင် သိန္နီ ကားလမ်း နှင့် ကားလမ်းမြောက်ခြမ်း တရုတ်နယ်စပ်အနီးရှိ ဖေါင်းဆိုင် မုန်းကိုးမန်ဂျပ် စသည့်နေရာများတွင်လည်း ဇွန်လလယ်မှစ၍ ယခုချိန်ထိ တိုက်ပွဲငယ်များကြိုကြားဖြစ်သည်ကိုလည်း ကြားသိရသည်။ ဖေါင်းဆိုင်ရွာမှရွာသားများ တရုတ်ပြည်ဘက်သို့ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိသွားသည်ဟု ဆိုသည်။

ယခင်၂၀၁၁ မှစသည့်ကချင်စစ်ပွဲကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အိမ်မပြန်နိုင်သေးမှီ ယခု ဒုက္ခသည် ရာအချို့ ထပ်မံထွက်ပေါ်လာသည်ဟု ဆိုရမည်။ ၂၀၁၁ မှစ၍ ကချင်ဒေသတွင်း ရွာ ၂၀၀ ကျော်ပျက်စီးပြီး ဘုရားကျောင်း ၆၀ ကျော် ပျက်စီးခဲ့သည့်စာရင်းတွင် ယခု ရွာဆယ်ဂဏန်း ထပ်ဖြည့်ရပေတော့မည်။ စစ်ပွဲသည် အရှိန်မသေနိုင်သေးဟုဆိုရမည်။

ဖားကန့်ဒေသတွင် KIA ရင်း ၆ တိုက်ခိုက်ခံရပြီး KIA တပ်ဖွဲ့များက ဖားကန့်ဒေသနှင့် ဖားကန့် မိုးကောင်းကားလမ်းပိုင်းအား တိုက်ပွဲကျယ်ပြန့်လာသည်။ ထိုအခါ အစိုးရတပ်ကလိုင်ဇာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြိမ်းခြောက်ခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့က လိုင်ဇာသို့ လက်နက်ကြီးကျည် 2/3 လုံးခန့်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ ကျောင်အိပ်ကျောင်းစား ဘော်ဒါဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူတစုံတရာ မထိသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။

တကယ်တမ်းဆိုလျင် KIA မှာ NCCT တွင်လည်းကောင်း၊ တိုင်းရင်းသားညီလာခံများတွင်လည်းကောင်း၊ တက်တက်ကြွကြွ ဆောင်ရွက်နေသောအဖွဲ့ဖြစ်သော်လည်း ဤသို့အစိုးရနှင့် တိုက်ပွဲများဖြစ်နေသည်ကိုထောက်ရှုသော် KIA ၏ နိုင်ငံရေး အမြင်ကို မြန်မာစစ်ခေါင်းဆောင်တို့ လိုလားပုံမရ၍ စစ်ရေးအရဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်။ ဖားကန့်ဒေသရှိ KIA ဘဏ္ဍာရေးရင်းမြစ်ကို ဖြတ်တောက်လို၍လည်း ဖြစ်နိုင်သည်။

• ပလောင်ဒေသတိုက်ပွဲများ
PSLF/TNLA ခေါ် ပလောင်တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့မှာ NCCT တွင်ပါသော်လည်း အစိုးရက NCA လက်မှတ်ထိုးရာ
တွင် ပါဝင်ခွင့်ပြုရေးငြင်းပယ်ထားသော အဖွဲ့ ၃ ဖွဲ့တွင်ပါသည်။ ထို့ကြောင့် TNLA ပလောင်ဒေသတွင် တိုက်ပွဲများမပြတ် ဖြစ်ပွားခဲ့သည်။ အစိုးရတပ်များက ပလောင်ဒေသ TNLA ဖွဲ့စည်းပုံအရ ရူးကော့ (မန်တုန်) ခရိုင် အဲမ်းခရီး ( နမ့်ခမ်း ) ခရိုင် နှင့်ကွတ်ခိုင်ခရိုင်အတွင်းလှည့်ပတ်၍ နယ်မြေရှင်းလင်းရေးလုပ်ရာ နမ့်ခမ်းကွတ်ခိုင် သိန္နီ ကျောက်မဲ နမ္မတူ နမ့်ဆန် မန်တုန် ဒေသများတွင်တိုက်ပွဲငယ်များ၂၀၁၅ နှစ်အတွင်း ဆက်တိုက်လို ဖြစ်ပွားခဲ့သည်။

TNLA ကလည်း မူစယ်ပြည်ထောင်စုလမ်းကြီးပေါ်ရှိ ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ကားလမ်းပိုင်းအား ထိမ်းချုပ်ရန် ကြိုးစားခဲ့ပြီးအခွန်ကောက်ခံခြင်းပြုလုပ်ခဲ့ခြင်း အစိုးရစစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကားလမ်းခေတ္တပိတ်ဆို့ခြင်းများ မကြာ ခဏဖြစ်ခဲ့သည်။ ထို့ပြင် ကွတ်ခိုင်နှင့်နမ္မတူရှိ အစိုးရတပ်ရင်းဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရသည်။

အထူးသဖြင့် ၂၀၁၅ ဇွန်လတွင် တိုက်ပွဲအရှိန်မြင့်တက်ခဲ့ပြီး နေ့စဉ်လိုလို တိုက်ပွဲများဖြစ်ခဲ့သည်ကို တွေ့ရသည်။ ပြောက်ကျား တိုက်ပွဲငယ်များ နေရာအနှံ့ဖြစ်ခဲ့သည်ဟု ဆိုရမည်။

လော်ခီးလာညီလာခံက NCA လက်မှတ်ထိုးရာတွင် NCCT အဖွဲ့ဝင်အားလုံးပါရေးဆုံးဖြတ်ခဲ့ရာ အစိုးရကငြင်းပယ်ထား သောTNLA အတွက်လည်း ငြိမ်းချမ်းရေး လမ်းပွင့်သည်ဟု ဆိုရမည်။ UPWC နှင့် SD တွေ့ဆုံမှုအပြီး ဇူလိုင် ၆ ရက်နေ့တွင် TNLA မှ လော်ခီးလာညီလာခံဆုံးဖြတ်ချက်များကို ကြိုဆိုကြောင်း အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ NCA လက်မှတ်ထိုးရာတွင်မည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးကိုလျော့ချသည့်အနေနှင့် တိုက်ပွဲများကိုလျော့ချ သွားမည်ဖြစ် ကြောင့် လာရောက်တိုက်ခိုက်ခံရမှသာ ခုခံမှုပြုသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ပလောင်ဒေသတွင်းစစ်ပွဲများကြောင့် နမ့်ခမ်း နမ့်ဆန် နမ္မတူမြို့များသို့ ဒုက္ခသည် ရာအချို့ ရောက်ရှိလာခဲ့သည်ဟု သိရှိရ၏။ စစ်ပွဲသည် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ သက်ရောက်မှုတော့ ရှိစမြဲဖြစ်သည်။

• ကိုးကန့်ဒေသတိုက်ပွဲများ
လတ်တလော ကိုးကန့်ဒေသ တိုက်ပွဲများငြိမ်သက်နေသည်ဟု ဆိုရမည်။ ဤအခြေအနေဖြစ်ပေါ်လာခြင်းသည် တရုတ်ပြည် ၏ ဖိအားများကြောင့်ဟုဆိုလျှင် မမှားပေ။ တရုတ်တို့က တဖက်တွင် ကိုးကန့်အဖွဲ့ဖက်မှ ထိုးစစ်ဆင်ခြင်းကို ဖိအားပေးရပ်တန့်စေခဲ့၏။ တဖက်တွင်လည်း ကိုးကန့်နှင့် တရုတ်နယ်စပ်တလျောက် တရုတ်စစ်တပ်၏ ကြည်းတပ် လေတပ် ၂ ခုပေါင်း စစ်လေ့ကျင့်ရေးကို ကျည်အစစ်များနှင့်ပြုလုပ်ခြင်းကို ၂၀၁၅ ဇွန် ၂ ရက်မှစ၍ ရက်အကန့်အသတ်မရှိ စတင် လိုက်သည်။ ထိုဒေသတွင် လေယဉ်မပျံသန်းရဇုံသတ်မှတ်လိုက်ပြီး ပစ်ချမည်ဟု ကြေငြာလိုက်သည်။

ဤသို့ဖြင့် တရုတ်စစ်တပ်ကို အသင့်အနေအထား ထားရှိပြီးတရုတ်နယ်မြေအတွင်းသို့ အမြောက်ဆံ ဗုံးဆံများကျ၍ တရုတ်
နိုင်ငံသားများ ထပ်မံထိခိုက်သေဆုံးမှုမရှိရန်နှင့် ရှိလာပါကလည်း လက်တုန့်ပြန်နိုင်ရန် ပြင်ဆင်လိုက်သည်ကိုတွေ့ရသည်။

ဤအခြေအနေအောက်တွင် နယ်စပ်တလျောက်ရှိ ကိုးကန့်အဖွဲ့များအား လေကြောင်းဖြင့်၎င်း လက်နက်ကြီးဖြင့်၎င်း အသုံး ပြုစစ်ဆင်ရန် မြန်မာစစ်တပ်အတွက် မလွယ်ကူတော့ပေ။ထို့ပြင် တရုတ်၏ဖိအားကြောင့် မြန်မာလေတပ်မှ စစ်ဦးစီးအရာရှိချုပ် လေအား ရာထူးမှ ဖယ်ရှားပေးခဲ့ရသည်ကို တွေ့ရ၏။

၂၀၁၅ ဇွန်လ ၁၀ ရက်တွင် ကိုးကန့်အဖွဲ့က တဖက်သတ်အပစ်ရပ်စဲကြောင်းကြေငြာပြီး ခုခံစစ်သာဆင်နွှဲမည်ဟု ဆိုလိုက် သည်။ အစိုးရဖက်မှ ကနဦးတွင် ကိုးကန့်အဖွဲ့အား လက်နက်ချရေး တောင်းဆိုခဲ့သော်လည်း ၂၀၁၅ ဇွန်လတွင် သမတရုံး ဝန်ကြီး ဦးလှထွန်း ကိုးကန့်ရောက်လာပြီး ကိုးကန့်အဖွဲ့အား လက်နက်နှင့်ငြိမ်းချမ်းရေးလဲရန် ကမ်းလှမ်းလိုက်သည်ဟု ဆို သည်။ စကားလုံးပြောင်းလဲသုံးနှုံးခဲ့သော်လည်း အနှစ်သာရမှာ အတူဖြစ်နေဆဲဖြစ်၍ကိုးကန့်အဖွဲ့ လက်ခံနိုင်ဘွယ်ရာမမြင်ပေ။

တဖက်မှလည်း အစိုးရမှ လောက်ကိုင်ဒေသတွင် ဒုက္ခသည်များ ပြန်လည်နေရာချထားခြင်းနှင့် မဲစာရင်းကောက်ခြင်းများ ပြု လုပ်ကာ ရွေးကောက်ပွဲလုပ်မည်ဟုကြေငြာခြင်းဖြင့် လောက်ကိုင်ဒေသကို ထိမ်းချုပ်နိုင်ကြောင်းဖေါ်ပြလိုက်သည်။

တိုက်ပွဲအနေနှင့် ဇွန်လ ၁၁နှင့် ၁၂ များတွင် နယ်စပ်ကျောက်တိုင်အမှတ် ၁၁၁ အနီး ကိုးကန့်စခန်းအား သွားရောက် တိုက် ခိုက်ခြင်းနှင့် ဇွန် ၁၉ ခန့်တိုက်ပွဲငယ်တပွဲဖြစ်ပွားခြင်းမှအပ သေနတ်သံတိတ်ဆိတ်သွားသည်။ သို့သော် အခြားသတင်းများအရ ကိုးကန့်တပ်ဖွဲ့သည် အင်အားလျော့မသွားဘဲ စစ်အင်အားတိုးချဲ့ဖွဲ့စည်းလာသည်ကို တွေ့ရသည်။ ယခင် တပ်မဟာ ၂၁၁ နှင့် တပ်မဟာ ၃၁၁ ဟု ၂ ခုသာရှိရားမှ ၂၀၁၅ ဇွန်လအတွင်းတွင် တပ်မဟာ ၆၁၁ ဟူ၍ တပ်မဟာအသစ်တခု တိုးချဲ့ ဖွဲ့စည်းသည်ကို ကြားသိရသည်။

ဤသို့သောအခြေအနေအောက်တွင် ကိုးကန့်အခြေအနေသည်အေးခဲတင်းမာနေသည်ဟု ဆိုရမည်။ ထို့ပြင် စစ်ဘေးဒုက္ခ သည်ပြဿနာမှာလည်း ပြီးပြတ်ခြင်းမရှိသကဲ့သို့ စစ်ကြောင့်ဆုံးရှုံးမှုများအားလည်း အစားထိုးနိုင်ဘွယ်မရှိသေးပေ။

ဆက်လက်ဖေါ်ပြပါမည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts