(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅
သက်မဲ့ ဓာတ်ပုံတွေနဲ့
ပန်းချီကားချပ်တွေထဲ
ဝင်ထိုင်နေရုံ သက်သက်ပဲပေါ့…
သဘာဝကို
သဘာဝကျကျ မြင်တွေ့ချင်တာ
သဘာဝမကျဘူးလို့ ဆိုမလား…
အခိုးအငွေ့တွေထဲ
တိုးဝှေ့ရှာရင်း လွဲနေတဲ့ နွေကို
တေးဆိုပြနေတဲ့ ငှက်မှာလည်း
မိုးရေတွေက ရွှဲလို့…
နေ့တိုင်းဟာ
နွေကိုဝှက်ထားတဲ့ ရက်တွေချည့်ဆိုသလိုပဲ…
ဒီမှာတော့
သံစဉ်ဟောင်းတွေကို
ရီဝိုင်းလုပ်ပြီး ပြန်နားထောင်မှ
ဆယ်စုနှစ်တဖက်ကမ်းက နွေကို
ပြန်ကြားယောင်နိုင်မယ့် အခြေအနေမျိုးပေါ့….
သဘာဝတရားက
လူတွေနဲ့ အရောတဝင်ရှိလာလွန်းလို့ 
လူယောင်ဆောင်တတ်လာပြီး
သဘာဝပါးဝလာပုံပါပဲ…..
ထီးဆောင်မထားမိတဲ့ ကိုယ့်အဖြစ်မှာ
နွေလည်ခေါင်ထဲ
အမြဲတမ်း မှောင်မဲနေတဲ့ မိုးက အပြစ်လား
သံသယမထားမိသူ ကိုယ်တိုင်ရဲ့အပြစ်ပဲလား…
အပြစ်ဖွဲ့ရင်း ကုန်လွန်သွားမယ့်အချိန်တွေထက်
နွေမကုန်ခင် တဒင်္ဂ ပူနွေးနိုင်ဖို့ အတွက်
စိတ်ကို နွေပန်းချီကားတချပ်ထဲပို့ထားလိုက်တော့တယ်…
နွေကိုဝှက်ထားတဲ့ နွေထဲမှာ
မိုးကရဲလွန်းနေတော့လည်း
မိုးထဲမှာ ရဲရဲလျှောက်ရင်း
ကြိုးမစုံတဲ့ နွေဂီတကို ရင်ခုန်လိုက်ရုံပေါ့….
ဆောင်းယွန်းလ