ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – စင်္ကာပူမီးရထား

ကိုသန်းလွင် – စင်္ကာပူမီးရထား
(မိုးမခ) ဇူလိုင် ၉၊ ၂၀၁၅

(၁)

ကျွန်တော့်အဖို့ စင်္ကာပူမှ မြေအောက်ရထား (MRT) ကိုစတင်စီးဘူးရသည်မှာ၁၉၈၉ ခုနှစ်များဆီမှဖြစ်ပါသည်၊ စင်္ကာပူတွင် အနေကြာပြီး ဂျင်ဖြစ်နေကြသော ကျွန်တော့် တူမများကရထားစီးရန်ခေါ်သွားကြခြင်းဖြစ်ပါသည်၊ ကျွန်တော် သည်မီးရထားစီးမည်ဆိုတော့ တဂျုန်းဂျုန်းအသံတွေပြုပြီးသွားနေသော ရထားကြမ်းကြီးတွေ ဟုထင်ခဲ့မိသည်။

ဘူတာရုံမှာ မြေအောက်မှာရှိရာ ပလက်ဖေါင်းသို့ရောက်သွားသောအခါ လေအေးစက်မှလေအေးတွေ မှုတ်သွင်း ထားသောအခန်းကျယ်ကြီးတခုထဲ ရောက်သွား သလိုဖြစ်နေပါသည်၊ ပလက်ဖေါင်းပေါ်တွင် ရထားပြေးလမ်း ရှိရာဘက်၌ မှန်တံခါး တွေပိတ်ထားလေရာ ရထားဝင်လာတာကို ရုတ်တရက်ဘာမှန်းမသိရ၊ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွား နေသော တွဲတွေကိုသာမြင်ရသည်၊ ရထားလမ်းက ငြိမ်လွန်း သောကြောင့် တွဲထဲမှာလ္ဘက်ရည်ခွက် ကိုကိုင်၍ သောက်လျင်ရမည်ထင်သည်၊ သို့သော် ဘူတာရုံဝင်ကတည်းက အစား၊ အသောက်ကို ခွင့်မပြုပါ၊ ဘူတာရုံအတွင်းတွင်အမှိုက် တပင်မှ မရှိအောင် သန့်ရှင်းသပ်ရပ်နေသည်။

(MRT ခေါ် Mass Repid Transport) ရထားများမှာ ကျွန်တော်တို့အပါအ၀င်များစွာသော စင်္ကာပူနေ ပြည်သူများ၏ဘ၀ အစိတ်အပိုင်းတစ်ခုဖြစ်နေလေပြီ။

(၂)

အရှေ့တောင်အာရှတွင် ပထမဆုံး ရထား LRT (Light Repid Transport) စံနစ်ကို စတင် အသုံးပြုသည်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာဖြစ်သည်ဟု မှတ်သားရဖူးသည်၊ ယခုမနီလာမြို့ တော်က ရထားတွေအကြောင်း မကြားရတော့ပေ၊ စင်္ကာပူတွင်သာ နိုင်ငံ၏ ပုံရိပ်အဖြစ်လည်းကောင်း၊ မြို့နေလူတွေ မဖြစ်မနေ အားထား ရသော ရထားစံနစ်အနေဖြင့်လည်းကောင်း ရပ်တည်လာခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တွက်ချက်မှုများအရ တစ်နေ့လျှင် ရထားစီးသူဦးရေ သန်း၂.၈၉၉ ရှိသည်၊ ဘတ်(စ်)ကားစီး သူဦးရေက သန်း ၃.၇၁၁ ရှိသည်၊ ရထားသည် နေ့စဉ်နံနက် ၅း၃၀ တွင် စတင်ထွက်ခွါပြီး နောက်နေ့နံနက် ၁ နာရီတွင်မှ အဆုံးသတ်သည်၊ တစ်စီးနှင့်တစ်စီးစောင့်ရချိန် ၁မိနစ်၊ ၂ မိနစ်နှင့်အကြာဆုံး ၆ မိနစ်သာကြာမည်၊ ဘူတာရုံတိုင်းတွင် နောက်ထပ်ဘယ်အချိန်တွင် ရထားဆိုက်မည်ဆိုသော အီလက်ထရောနစ်ဆိုင်းဘုတ်များ တပ်ဆင်ထားပါသည်။

ဂျပန် နှင့် တရုတ်ပြည်မှာ စကာင်္ပူမှ MRT လို ရထားတွေရှိပါသည်၊ လူဦးရေများပြားပြီး ရထားစီးရသည်မှာ ကြပ်တည်း လှပါသည်၊ ဘန်ကောက်မြို့တော်မှ မီးရထားမှာ အလွန်သန့်ရှင်းသပ်ရပ်လှပါသည်၊ သို့ပါသော်လည်း နိုင်ငံခြားသား ကျွန်တော်တို့အဖို့ ယိုးဒယားလိုဆိုင်းဘုတ်တွေကများလွန်းသောကြောင့် သွားရလာရတာ အဆင်မပြေလှပါ၊ စင်္ကာပူကရထား Network မြေပုံတွေ၊ ဘယ်ဘူတာမှ ဘယ်ဘူတာသို့ စီးလျင် ရထားခ မည်မျှပေးရမည် ဆိုသည်ကို အလွယ်တကူသိနိုင်သည်၊ တကျွန်းလုံးအနှံ့ရထားရောက်အောင် ဖန်တီးထားပုံမှာ လည်း စံနစ်ကျ လှပါသည်။

စင်္ကာပူကျွန်းသည် အရှေ့နှင့်အနောက် ကီလိုမီတာ ၅၀ (၃၁မိုင်) ရှိပြီး တောင်နှင့်မြောက်မှာ ကီလိုမီတာ ၂၆ (၁၆မိုင်) သာရှိသည်၊ ဧရိယာစတုရန်းအနေဖြင့် ရ၁၄ စကွဲယားကီလိုမီတာ (၂၇၅.၈ စကွဲယားမိုင်) ရှိသည်၊

၁၉၆၇ ခုနှစ်က ပါလီမန်တွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ဆွေးနွေးကြရာတွင် ၁၉၉၂ ဆီအထိ လက်ရှိဘတ်(စ်)ကား Network နှင့် လုံလောက်မှုရှိမရှိကို အခြေအတင်စဉ်းစားခဲ့ကြပါသည်၊ ပြတ်သားသော အဖြေကိုမရ၊ သူတို့လူဦးရေနှင့် ဘတ်(စ) ကား စံနစ်သည်လုံလောက်လှပါပြီဟု ဆိုသူကဆိုကြသည်၊ ဤတွင် ခေါင်းဆောင်ကြီးလီကွမ်းယူက ဘတ်(စ်)ကားတွေနှင့် မလုံလောက်နိုင်၊ မီးရထားနှင့် ဆက်သွယ်ရေးစံနစ်ကို တည်ဆောက်ကြရမည်ဟု အဆုံးအဖြတ်ပေးခဲ့သည်။

၁၉၈၃ အောက်တိုဘာ ၂၂တွင် MRTC   Mass Rapid Transit Corporation ကိုစတင်ထူထောင်ပြီး ဘက်ဂျက် ၅ ဘီလီယံ ဒေါ်လာချပေးခဲ့သည်၊ ၁၉၈၇ ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့တွင် (Yio Chu kang) နှင့် (Toh Payoh)  ဘူတာရုံ (၅)ခုပါဝင်သည့် ၆ကီလိုမီတာဝေးသော လမ်းတလျောက်  LRT  ရထားကိုပြေးဆွဲ နိုင်ခဲ့သည်၊ နောင်တွင် SMRT Sigapore Mass Transit Coမporation ဟု အမည်ပြောင်းခဲ့သည်။

ပထမဆုံးတောင်မြောက်  လိုင်းအဖြစ် ဘူတာရုံ ၁၅ ခုကို ချဲ့ပေးပြီး ၁၉၈၈ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ကြသည်၊ MRT စံနစ်ကို စတင်ပါပြီဟု တရားဝင်ကြေငြာခဲ့ကြသည်၊ ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ (၆) ရက်တွင် ဘူတာရုံ ၂၁ ခုတိုးဆောက်ခဲ့ပြီး အရှေ့အနောက်လိုင်းကို ဖွင့်လှစ်ခဲ့ကြသည်။

၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင်မူ တောင်မြောက်လိုင်းကို Woodland ဘူတာအထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့ကြသည်၊ ၁၉၉၉ ခုနှစ်တွင်မူ MRT ကို လူနေအိမ်ခြေများအထိ ပြေးဆွဲကြရမည်ဟူသော ဆုံးဖြတ်ချက်နှင့် ဘူဂစ်ပန်ဂျမ်း LRT ကို စတင်ပြေးဆွဲခဲ့ကြသည်။ ၂၀၀၂ ခုနှစ်တွင် အရှေ့ဘက်ခြမ်း လေဆိပ်အထိ ရောက်အောင် ရထားလမ်းကို တိုးချဲ့နိုင်ခဲ့ကြသည်၊ ထိုရထား ပရောဂျက်နှင့်အတူ ခရီးသည်တဦးသည် မိမိ အိမ်မှထွက်သည်နှင့် မိုးလုံလေလုံ အမိုးအကာအောက်မှ ဘူတာရုံ အရောက် ဖြစ်စေ ဘတ်(စ) ကားဆိပ်အရောက်ဖြစ်စေ လမ်းလျောက်သွားနိုင်အောင် စီစဉ်ပေးထားလေသည်၊

ယခုအခါ တနိုင်ငံလုံးရထားပြေးလမ်းအရှည်မှာ ၁၅၂.၉ ကီလိုမီတာရှိပြီး ဘူတာရုံပေါင်း ၁၁၃ ရှိနေပါပြီ၊ ရထားလမ်းနှင့်ဘူတာရုံများကို အနည်းဆုံး မီတာ ၆၀ ထက်မနည်း နက်အောင်တူးပြီး ဆောက်လုပ် ထားခြင်းဖြစ်ရာ မြေပြင်ပေါ်သို့ လေယာဉ်မှကျဲချသော ဗုံးဒဏ်ကိုခံနိုင်ပြီး ဗုံးခိုကျင်းအဖွယ် သဘောထား နိုင်ရမည်ဟု မူချမှတ်ခဲ့ပါသည်၊ တယ်လီဖုန်းအဆက်အသွယ်အတွက် Network Coverage ရအောင် ဆောင်ရွက်ပေး ထားသဖြင့်  မိမိမိုဘိုင်းဖုန်းကို ရထားပေါ်နှင့် ဘူတာတိုင်းတွင် အသုံးပြုနိုင်ကြပါသည်။ အချို့ဘူတာရုံများတွင် အခမဲ့ WiFi ၀ါယာလက် အဆက်အသွယ်ကို ရအောင် စီစဉ်ထားပါသည်။

တမြို့လုံး ဘူတာရုံ ရာကျော်ရှိရာတွင် ဘူတာရုံမှထွက်သည်နှင့် လူစည်ကားရာရပ်ကွက်ထဲသို့ ရောက်သွား အောင် တည်ဆောက်ထားသည်၊ ဘူတာရုံမှ တက်သည်နှင့် Shopping Mall ထဲရောက်သွားတာလည်းရှိသည်၊ ဘဏ်တွေ၊ စာတိုက်တွေ၊ Orchard ဘူတာရုံတွင်မူ စာကြည့်တိုက်ကို ဘူတာရုံအဆောက်အဦးအပေါ်တွင် တည်ဆောက် ထားသည်။

စင်္ကာပူ မီးရထားနှင့်ပါတ်သက်၍ စည်းကမ်းကျနသော အချက်အများတွင် ၀န်ထမ်းများ၏ ၀န်ဆောင်မှုစိတ်ဓါတ်၊ (Service attitude, Service Quality) ကို ထိန်းသိမ်းထားနိုင်ခြင်းများလည်းပါဝင်ပါသည်၊ ရထားများ အချိန်မှန် အောင် အင်ဂျင်နီယာတွေက စီမံခန့်ခွဲနေပုံများကို ပြင်ပမှ ကျွန်တော်တို့မမြင်ကြရပါ၊ သို့ပါသော်လည်း ဘူတာရုံတိုင်းရှိ Contron Station များတွင် အမြဲတစေ ၀န်ထမ်းများ ရှိနေပြီး၊ ခရီးသွားပြည်သူများ၏ အခက်အခဲပြဿနာများကို ဖြေရှင်းပေးပုံများမှာအတု ယူ လောက်ပါပေသည်။

ရထားများ လူကြပ်ချိန်တွင် ဘူတာရုံ ပလက်ဖောင်းတိုင်း၌ ယူနီဖောင်းအပြည့်အစုံဖြင့် စောင့်ကြည့် အကူအညီ ပေးနေသော ၀န်ထမ်းများကို တွေ့နိုင်ကြသည်။

တွဲထဲရှိရထား ထိုင်ခုံတိုင်းတွင် ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် သတ်မှတ်ထားသော ထိုင်ခုံတွေရှိပါသည်။ အကယ်၍ သက်ကြီးရွယ်အိုတစ်ယောက် ရထားပေါ်တက်လာပြီဆို လျင် နေရာမှထပေးသူတွေကို အမြဲတွေ့နေရတတ်သည်၊ စစ်တပ်ယူနီဖောင်းဝတ်ပြီး ရထားစီးကြသူတွေ ကိုတွေ့ ရသည်၊ National Service ခေါ် စစ်မှုမထမ်းမနေရ ဥပဒေအရ ယူနီဖောင်းဝတ်လူငယ်များကို ရထားပေါ်တွင် အမြဲတွေ့ကြ ရပါသည်။ သူတို့သည် ယူနီဖောင်းဖြင့် ရထားစီးပါက တိုင်ခုံပေါ်တွင် ထိုင်ခွင့်မရှိပါ၊

အစားအသောက်စားခွင့်မရှိခြင်းမှာ အနံ့အသက်နှင့်အမှိုက်သရိုက်ကာကွယ်ရန် ဖြစ်ပါလိမ့်မည်၊ ချိုချင်မြုံထားသူ တယောက်မှာ ဒေါ်လာ ၃၀ ဒဏ်ငွေ ပေးလိုက်ရဖူးသည်၊ ခေါင်းမူးတတ်လို့ပါဟု ထုချေသော်လည်းမရပါ၊  ဒူးရင်းသီး ကိုရထားပေါ်သို့ သယ်ဆောင်ခွင့်မရှိ၊ ခရီးသွားခရီးဆောင်အိပ်ကိုမူ တနိုင်သယ်ယူခွင့်ရှိသည်၊ ထိုခရီးဆောင် အိပ်များကို သယ်ဆောင်ရန် ဘူတာ ပလက်ဖေါင်း တံခါးဝင်ပေါက်ကို ကျယ်ကျယ်ဖွင့်ပေး ထား သည်။

၂၀၀၂ မှစတင်ပြီး ချန်ဂီလေဆိပ်သို့ ရထားစတင်ပြေးဆွဲခဲ့သည်၊ လေဆိပ်မှ မြို့ထဲသို့သွားရန်လည်းကောင်း၊ မြို့ထဲမှလေဆိပ်သို့သွားရန်လည်းကောင်း၊ ဈေးကြီးပေးရသော တက္ကစီကား ငှားစီးရန် မလိုတော့ပေ၊

မနက်ပိုင်းရုံးတက်ချိန် (Peak Hour) များတွင် နောက်ထပ်ရထားသည် ၁ မိနစ်အတွင်းရောက်လာသည့်တိုင် လူကြပ်တတ်သောကြောင့် မလိုက်နိုင်တာတွေရှိတတ်သည်၊ ထိုပြဿနာကို ပြေလည်စေရန် မနက်ပိုင်း (၇း၄၅)ပတ်ဝန်းကျင်တွင် မြို့လယ်ဘူတာများမှာ ရထားဆင်းပါလျင် ရထားခကိုပေးစရာမလိုတော့ပေ၊ ရုံးဖွင့်ချိန်တွင် ရထားစီးခရီးသည် ဦးရေကို လျှော့ချလိုသောကြာင့်ဖြစ်သည်၊

ရထားခပေးရန်မှာ ခရီးစဉ်အလိုက်ရထားစီးကဒ်ကိုဝယ်နိုင်သလို ဒေါ်လာ ၅၀/၁၀၀ ထည့်ထားသည့် ငွေဖြည့်ကဒ်ကိုလည်း ကိုင်ဆောင်ထားနိုင်သည်၊ ရထားကဒ်ကို တံခါးကောင်တာပေါ်တွင် တင်ပေးလိုက် သည်နှင့် အ၀င်တံခါးသည်ပွင့်သွားမည်၊ ထွက်လျင်လည်း မိမိကဒ်ကို တံခါးပေါက်က Sensor ပေါ်တွင် တင်ပေးလိုက်ရုံသာ၊ ဤနည်းဖြင့်မိမိ၏ရထားစီးခသည် သက်ဆိုင်ရာဘဏ်အကောင့်ကဲ့သို့ တန်းပြီး ၀င်သွား ပါလိမ့်မည်၊ ရထားစီးသူများက ငွေပေး ငွေယူလုပ်စရာမလိုသလို အကြွေ အနုပ်များလည်း ကိုင်စရာမလိုပါ၊

ကျွန်တော်သည် စင်္ကာပူရောက်စက မြို့အအနောက်ဖက် ဂျူရောင်းမှ အရှေ့ဖျားး၌ရှိသော ပါစီရစ်သို့ နေ့စဉ်အသွား အပြန်ရထားစီးခဲ့ရဘူးသည်၊ ရထားပေါ်တွင် ၄၅ မိနစ်ကြာသည်၊ အလုပ်ပျက်ရလောက်အောင် ရထား ကြောင့်နှောင့်နေးရသည်ဟု မကြုံဘူးပါ၊ ကျွန်တော်သားမှာဂျူရောင်း၌ ကျောင်းတက်ရပေရာ ကျောင်းက (၇း၂၀) မှာ ရောက်ရမည်ဆိုသောကြောင့် ရထားပေါ်သို့ (၅း၄၅)တွင် ရောက်အောင်သွားရသည်၊  MRT ရထားများသည် မြို့တော်ကြီး၏လုပ်ငန်းများ အချိန်မှန်လည်ပတ်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ် နေပါပြီ။ အကြောင်းတစုံတရာ စက်ကြောင့် လူကြောင့် ရထားနှောင့် နှေးလျင် ရထားကော်ပိုရေးရှင်းက ဒဏ် ကြေးပေးရလေသည်၊

စင်္ကာပူသည် သူတို့ရထားစံနစ်ကို ဂုဏ်ယူသကဲ့သို့ Service Quality တိုးမြှင့်ရေး ရှေ့လုပ်ငန်း စဉ်များကို စက္ကူဖြူစာတမ်း၊ ရှေ့တိုးမြှင့်ရမည် စီမံကိန်း (Development Plan) စသည်တို့ဖြင့် စာစောင်အမျိုးမျိုးထုတ်ကာ မကြာခဏ ကျေငြာ နေကြပါသည်။

မြန်မာပြည်မှ ခေါင်းဆောင်ကြီးများ စင်္ကာပူသို့ ရောက်လာစဉ်ကလည်း မြို့ခံတွေက MRT ရထား ပြေးလွှား နေပုံကို လက်တွေ့ပြသကြပါသည်၊ ထိုခေါင်းဆောင်ကြီးများသည် ရထားပေါ်မှာ အနောက်မှ အရှေ့ ခရီး တလျှောက် လုံး ကြည့်ရှု့လေ့လာသွားကြပါသည်။

တခါက ရထားနှင့် ဘူတာပလက်ဖေါင်းအကြား ခြေထောက်ညပ်မိ၍ ယိုးဒယားမလေးတယောက် ခြေထောက် ဖြတ်လိုက်ရဘူးသည်၊  သူမက ရထားကော်ပိုရေးရှင်းကို တရားစွဲလေရာ သူမကျေနပ်အောင်ရော်ကြေး ပေးရသည်ဟု ကြားလိုက်ရဘူးသည်၊

(၄)

မကြာသေးမှီက ရှန်ဟိုင်းတွင် ကျွန်တော့်ကိုလာကြိုသူက လေဆိပ်မှအထွက် Maglev (မက်ဂလက်) ရထားကို ပြ၍ အဝေးမှ မြင်လိုက်ရပါသည်၊  Maglev ဆိုသည်မှာ Magnetic Levitation ခေါ်သံလိုက်တွန်းကန်အားကို သုံး၍ရထားကိုသံလမ်းနှင့်မထိစေဘဲ ပြေးစေသောစံနစ်ဟုဆိုနိုင်ပါသည်၊ အသံကိုမကြားရသလို ပြေးနေပုံ မှာအလွန် ညက်ညောပါသည်၊ တနာရီကို ကီလိုမီတာ ၄၃၀ကျော်မောင်းပြီး ရှန်ဟိုင်းလေဆိပ်နှင့် မြို့ ၃၀.၅ ကီလိုမီတာခရီးကို ရှစ်မိနစ်နှင့်ပြေးသည်။

ဂျပန်နိုင်ငံက ( Bullet Train) ခေါ် ကျည်ဆံကဲ့သို့ပြေးသော ရထားစီးရဘူးသည်ကို ကျွန်တော် မှတ်မိနေပါ သည်၊ သူတို့ဆီက ရထားစံနစ်ကို Shinkansen ဟုခေါ်သည်၊ ကျွန်တော့်စိတ်ထဲတွင်စွဲနေအောင် မှတ်မိနေ သည်မှာ သတ်မှတ်ချိန်တွင် ရထားဘီးစလှိမ့်ပြီး သတ်မှတ်ထားသောအချိန်ရောက်ရမည့် ဘူတာသို့ ဆိုက်ရောက်သွားခြင်းပင် ဖြစ်ပါသည်၊ တကမ္ဘာလုံး သုံးစွဲ ရအောင် ကားတွေထုတ်လုပ်သော ဂျပန်နိုင်ငံမှာ ကားအတွက် ဟိုက်ဝေးလမ်းမကြီးတွေမရှိပါ၊ ရထားလမ်း ကိုသာ ကူးသန်းရောင်းဝယ်ရေးအတွက် အားထား ကြရသည်၊  ၁၉၆၄ခုနှစ်တွင် ၅၁၅.၄ ကီလိုမီတာမျှသာ ရှိခဲ့သော ရထား လမ်းများမှာ ယခုအခါ ၂၆၁၅ ကီလိုမီတာ အထိရှိနေပါပြီ။ တနိုင်ငံလုံးကျွန်းတွေအနှံ့ ရထားလမ်းတွေကို နေရာအနှံ့ ဖေါက်ထားပါသည်။

ရထားများနှင့်ပတ်သတ်၍ အခြားထင်ရှားသောနိုင်ငံတခုမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်၊ ဆင်းရဲပြီး လူဦးရေ များပြား လှသော အိန္ဒိယနိုင်ငံမှာ ရထားလမ်းအရှည် ၁၁၅,၀၀၀ ကီလိုမီတာရှိပါသည်၊ ဘူတာရုံပေါင်း ၇၁၇၂ ရုံမျှ ရှိပြီး ရထားစီးခရီးသည်မှာ ၂၀၁၄ တနှစ်ထဲတွင် ၃၉ရ ဘီလီယံရှိပါသည်၊  တနေ့ တစ်နေ့တွင် ခရီးသည် ၂၃မီလီယံ မျှ ရထားစီးနေကြပါသည်၊  မီးရထားကဏ္ဍမှ ၀င်သောဝင်ငွေမှာ ၂၆ မီလီယံ ရှိပါသည်၊ ၀န်ထမ်းပေါင်း သန်း၁.၃၀၇ ရှိပါသည်။

မကြာသေးမှီက သတင်းထုတ်ပြန်ချက်တခုတွင် စင်္ကာပူနှင့် မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ တို့ အမြန်ရထားလမ်းဆောက်လုပ်ရေး စီမံချက်အကြောင်းပင်ဖြစ်သည်၊ မြို့တော် နှစ်ခုသည် ၃၀၀ ကီလိုမီတာ ဝေးပြီး အမြန်ရထားသည် မိနစ် ၉၀ နှင့်ရောက်နိုင်မည်ဖြစ်သည်၊ အချို့ ဈေးပေါသော လေကြောင်းလိုင်းမှ လေယာဉ်များထက်ပို၍မြန်နေပါသည်၊ တင်ဒါတင်ရန် တစ်နှစ်ကြာမည် ဒီဇိုင်းဆွဲဘို့ တစ်နှစ် ဆောက်လုပ်ရန် ၅ နှစ်ပေါင်းသော် ၂၀၂၀ မတိုင်မီ ပြီးစီးမည်မဟုတ်ပေ၊ အဓိကပြိုင်ဘက် နှစ်ဦးမှာ တရုတ် နှင့် ဂျပန် နှစ်ဦးသာရှိပြီး တရုတ် ရထားက ဈေးနှုံး တ၀က် မျှသာရှိသည်၊ ဂျပန်ကလည်းဈေးလျှော့ ရန်မရှိ၊ တရုပ်တို့မှာ မကြာသေးမှီ က မက္ကစီ ကို အစိုးရက မရိုးသားမှုများရှိနေသည်ဆိုကာ ကန်ထရိုက်ကို ဖျက်လိုက်သောကြောင့်  ဤ ပရောဂျက် ကို ရလိုကြသည်၊

(၅)

လက်ရှိကမ္ဘာတွင် တိုးတက်နေသော နည်းပညာနှင့် လူ့အသုံးအဆောင်ပစ္စည်းများအနေဖြင့် ကြည့် သော် မြန်မာပြည်၏ ရထားပို့ဆောင်ရေးအခြေအနေမှာ ပြုပြင်စရာတွေအများကြီးရှိနေပါသည်၊ ကျွန်တော်တို့ သည် မက်ဂလက်ရထားကြီးတွေ၊ စင်္ကာပူက MRT စနစ်တွေရောက်လာရမည်ဟု မဆိုလိုပါ၊ သို့ပါသော်လည်း တိုးတက်လာသော ရန်ကုန်မြို့လူဦးရေနှင့်ကြည့်သော် လက်ရှိမြို့ပါတ်ရထားစံနစ်ကို အများကြီး ပြုပြင်ပေးကြရ မည်ဖြစ်ပါသည်။ နေပူပူ မှာ ဘတ်(စ) ကားဂိတ်များတွင် ကြပ်သိပ်နေအောင် တိုးတက်ရသော အခြေအနေမှာ မဖြစ်သင့်တော့ပါ၊ မီးရထားစံနစ်ကောင်းသွားလျင် လူနေမှုဘ၀ လည်းတိုးတက်လာပါလိမ့်မည်၊

ရထားလမ်းအသစ်၊ ရထားအသစ်များ ရှိရန်လိုအပ်နေသလို ၀န်ထမ်းများနှင့်ဝန်ဆောင်မှု Service ပေးမှု အခြေအနေကိုလည်း မြှင့်တင်ပေးကြရမည် ဖြစ်ပါသည်။

မြန်မာပြည်မှ ပြည်သူလူထုအတွက် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသော လူနေမှုဒုက္ခများကို လျော့ပါး သက်သာစေရန် လက်ရှိစံနစ်ကိုပြုပြင်ရန်လိုအပ်ပါသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကို လေးငါးနာရီဖြင့် အရောက်သွားသောရထားများရှိရန်လိုသလို၊ မန္တလေး မြစ်ကြီးနား၊ ပုသိမ်မှ သံတွဲ၊ ချင်းပြည်ကိုဖြတ်သန်းခါ၊ မြစ်ကြီးနား၊ ဗန်းမော် တောင်ကြီး၊ လားရှိုး၊မော်လမြိုင၊် ရေး၊ ထားဝယ်၊ ကော့သောင်စသည်ဖြင့် နယ်စပ်မျဉ်းတလျောက် ဥဒဟိုမောင်းနှင်နေသော ရထားကြီးတွေ ရှိရန်လိုအပ်နေပါပြီ၊ အာရှဟိုက်ဝေးခေါ် ကားလမ်းမကြီးများ ပရောဂျက် များကိုမြင်နေရပြီဖြစ်ရာ ကုန်စည်ချောမွေ့စွာစီဆင်းရေး ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စေရေးအတွက် ရထားလမ်းကြီးများကိုလည်း တည်ဆောက်သင့်ပေပြီ၊


(ဖြည့်စာ – စင်္ကာပူကကျွန်းနိုင်ငံဟာ 275 square miles၊ မဟာရန်ကုန်ဧရိယာဟာ 231 square miles ရှိပါတယ်။ ဧရိယာ မတိမ်းမယိမ်းပါ။ စင်ကာပူက လူဦးရေ ၅.၃ သန်း ရှိပြီး မဟာရန်ကုန်ကလည်း ၅.၂ သန်း ရှိပါတယ်။ အတူတူလောက်ပါပဲ။ ဂဏန်းများအရ မကွာပါ။ အောက်ပါ ပုံကတော့ ရန်ကုန်ဆပ်ဝေး ဆောက်ချင်တဲ့ စီမံကိန်း မြေပုံပါ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts