ရသဆောင်းပါးစုံ

မောင်မိုးသူ – အနိမ့်ဆုံးလစာနှင့် ဘကြီးမိုး

 မောင်မိုးသူ – အနိမ့်ဆုံးလစာနှင့် ဘကြီးမိုး
ဇူလိုင် ၈၊ ၂၀၁၅

သည်နေ့ နောက်ဆုံးပေါ်ရောဂါက အနိမ့်ဆုံးလစာ ပြဿနာပဲလေ။ အထည်ချုပ်လုပ်ငန်းရှင်တွေက ၂၅၀၀ ပဲပေးနိုင်တယ် လို့ ပြောတယ်။ အလုပ်သမားတွေက ၄၀၀၀ တောင်းတယ်။ ဖျန်ဖြေတဲ့အစိုးရ တာဝန်ရှိသူတွေက ၃၆၀၀ သတ်မှတ်တယ်။ အလုပ်ရှင်တွေက ၃၆၀၀ ဆိုရင် မပေးနိုင်ဘူး။ စက်ရုံအလုပ်ရုံတွေပိတ်ပြီး ပြန်မယ်လို့ ပြောတယ်။ အလုပ်သမား ဖျန်ဖြေရေး အဖွဲ့က စာချုပ်ထဲမှာ အနိမ့်ဆုံးလစာကိုက ၃၆၀၀ လို့ ပြောနေတယ်။

ရှုပ်နေတာပဲ။

အနိမ့်ဆုံးလစာက တစ်နေ့ ၃၆၀၀ ဆိုရင် တစ်လ ၃၆၀၀x ၃၀ = ၁၀၈, ၀၀၀ ပဲကျတယ်။ ဒါဆိုရင် အလုပ်သမားတစ်ယောက်ရဲ့  အနိမ့်ဆုံးလစာဟာ တစ်သိန်းပျော့ပျော့ကလေးရှိတာပဲ။ အလုပ်ရှင်တွေက ဘာဖြစ်လို့ မပေးနိုင်ရတာလဲ။

နိုင်ငံတကာအထည်ချုပ်စက်ရုံတွေကပေးတဲ့ အလုပ်သမားလစာဟာ ထိုင်းမှာဆိုရင် သည်ရဲ့ သုံးဆလောက်ရှိသတဲ့။ အဲ သည်လို နိုင်ငံရပ်ခြားစက်ရုံတွေက အလုပ်သမားလစာတွေ အများကြီးပေးနိုင်ပါရဲ့သားနဲ့ မြန်မာပြည်မှာလာလုပ်တဲ့ စက်ရုံ ရှင်တွေက ဘာဖြစ်လို့ မပေးနိုင်ရတာလဲ။

တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဘကြီးမိုးကို ရှင်းပြတယ်။
၁။ သူတို့ဟာ သည်လိုလုပ်ပိုင်ခွင့်ရဖို့ စားပွဲအောက်ကပေးရတာက မနည်းဘူးတဲ့။
၂။ ပြီးတော့ မြေနေရာအတွက်လည်း အဲ အဲပေးရသေးသတဲ့။
၃။ လျှပ်စစ်မီးကလည်း မသေချာမရေရာတာကြောင့် ဒီဇယ်အင်ဂျင်စက်နှိုးရတဲ့အခါတွေမှာ ဒီဇယ်ဖိုးက အရမ်းအရမ်းကုန် တယ်ဆိုပဲ။
၎။ ပြီးတော့ သည်မှာလာလုပ်တဲ့အလုပ်ရှင်ဆိုတာ တိုက်ရိုက်ကန်ထရိုက်ရသူတွေမဟုတ်တဲ့ ဆပ်ကန်ထရိုက်ပဲဆိုတော့ သူ တို့ရဲ့လုပ်ငန်းပမာဏ တစ်ထည်ချင်းက  မူရင်းကန်ထရိုက်ကြီးလောက်မရဘူးတဲ့။

အဲသည်လို အမြီးနုတ်၊ ခေါင်းနုတ်နဲ့ နုတ်လိုက်တော့ ၃၆၀၀ ပေးရရင်ပဲ သူတို့က အရှုံးပေါ်နေပြီမို့ သူတို့က စက်ရုံပိတ်ပြီး ပြန် မယ်လို့ ပြောနေတာ။

အဲ သည်နေရာမယ် အဲသည်ဆပ်ကန်ထရိုက်နဲ့ သည်က မြန်မာဘက်က ကိုယ်စားပြုထားတဲ့စာချုပ်ထဲမှာ ဘာတွေပါသလဲ ဆိုတာ ဘကြီးမိုးတို့ မသိဘူးလေ။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်ဆိုတာ သူတို့ဘက်က သက်သာအောင်ချုပ်ဆိုပြီး အမြတ်များများရဖို့ပဲ ကြည့်တာ။

လက်ပံတောင်းတောင်စီမံကိန်းမှာ မူလစာချုပ် ချုပ်ဆိုရာမှာ နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းရှင်ကရတဲ့ ရာခိုင်နှုန်းနဲ့ မြန်မာဦး ပိုင်ကရတဲ့ ရာခုင်နှုန်းကို သိလိုက်ရတော့ ဟိုက်ခနဲ ဖြစ်သွားဖူးတယ်လေ။

အခုလည်း စာချုပ်ထဲမှာ ဘာတွေပါသလဲမသိဘူး။ အလုပ်သမားဖျန်ဖြေရေးတွေက မူရင်းစာချုပ်ထဲမှာ ပါတဲ့လစာကပဲ ၃၆၀၀ လောက် ဆိုပါတယ်။ ဒါဖြင့်ရင် ဘာဖြစ်လို့  စလုပ်ကတည်းက ၃၆၀၀ အောက် အများကြီးလျှော့ပေးတာကို လက်ခံခဲ့ ကြတာလဲ။

အထည်ချုပ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ချွေးပေါင်းစက်ရုံတွေလို့ သက်မှတ်ခဲ့ကြဖူးတယ်။ အလုပ်ရှင်တွေက အလုပ်သမားအခွင့်အရေး၊ လစာတွေ အနည်းဆုံးပေးပြီး မတရားသဖြင့် ကူလီလိုခိုင်းကြတာလို့ နိုင်ငံတကာအလုပ်သမား ကာကွယ်ရေးဌာနတွေက ပြောဆိုဝေဖန်မှုတွေပြင်းထန်လာလို့ တခြားတခြားနိုင်ငံတွေရဲ့ အထည်ချုပ်စက်ရုံတွေမှာတော့ လူမြင်ကောင်းအောင် သင့်တင့်လျောက်ပတ်တဲ့ လစာပေး၊ အလုပ်သမားတွေရဲ့အခွင့်အရေးတွေလည်း ပေးနေရဆိုပဲ။

ဘကြီးမိုးတို့ မြန်မာပြည်မှာကျတော့မှ လုပ်ချင်ရာလုပ်လို့ရတယ်ဆိုပြီး လာလုပ်နေကြတာလား။ ဘယ်သူတွေနဲ့ ပေါင်းပြီး လုပ်နေကြတာလဲ။ ကမ္ဘာပေါ်မှာ စက်ရုံအလုပ်ရုံတွေ နိုင်ငံရပ်ခြားတွေမှာ လာရောက်တည်ဆောက် လုပ်ဆောင်နေကြတာက မြေရိုင်းမြေလွတ်တွေ ပေါလို့်၊ ဈေးပေါလို့။ (တကယ့်တကယ် မြန်မာပြည်မှာ တော့ ပကတိ မြေရိုင်းပိုင်ရှင် မြန်မာပြည်သူတွေက  ဘာမှမရလိုက်ဘဲ ကြားပွဲစားဆိုတဲ့သူတွေက  ရယူလေတော့  မြေလွတ်မြေရိုင်းဈေးကလည်း  မပေါဘူးခင်ဗျ။) နိုင်ငံတကာ စီးပွားရေးဇုန်တွေဖြစ်တဲ့  ကျောက်ဖြူရေ နက်စီမံကိန်း၊  ထားဝယ်ရေနက်စီမံကိန်း၊ သီလဝါစီမံကိန်းနယ်မြေတွေမှာ  ဖြစ်ပေါ် နေတဲ့ဈေနှုန်းတွေကို ကြည့်ပါ။

ရန်ကုန်မြို့သစ်စီမံကိန်းလုပ်မယ်ဆိုတာနဲ့ မြစ်တဖက်ကမ်းက လယ်မြေယာမြေတွေကို ဘယ်သူတွေကဝယ်ထားဆိုသလား ပဲ။

စကားပုံမှာ အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစားဆိုပေမယ့် အခုဖြစ်နေတာက အမြီးလည်း အ မြီးမို့ မကျက်ခင်ကပဲစား၊ ခေါင်းလည်းခေါင်းမို့ မကျက်ခင်ကပဲ စားနေကြပါပေါ့လား။

ဘကြီးမိုးတို့ ငယ်ငယ်တုန်းက တစ်နေ့လုပ်ခက ၃ ကျပ် ၁၅ ပြား ဆိုလားပဲ။

အဲသည်တုန်းက ၃ ကျပ် ၁၅ ပြားနဲ့ လောက်ငနေနိုင်ကြတယ် ထင်ပါရဲ့။ အခုတော့ ၃၆၀၀ နဲ့တောင် မလောက်နိုင်ကြတော့ ပါကလား။

သည်ကြားထဲ ဒေါ်လာဈေးတက်၊ ကုန်ဈေးနှုန်းတွေက လိုက်တက်။
သည်ကြားထဲ ၁၀,၀၀၀ တန် ငွေစက္ကူ အသစ်တွေက ထုတ်ဝေလိုက်ပြန်ပါပြီ။
အရင်တုန်းက တစ်ကျပ်တို့၊ တစ်မတ်တို့ဆိုတာ ယုံတမ်းစကား ဖြစ်သွားပါပြီ။
အခု ၁၀၀ တန်က အသေးဆုံးဖြစ်ပြီး ၁၀၀ တန်နဲ့ ဘာမှဝယ်လို့မရ။ ဘတ်စ်ကား စီးလို့မရပါ။ အားလုံး လုပ်သမျှဘေးဒဏ် ပြည်သူက ခံကြတာပေါ့။

အနိမ့်ဆုံးလစာနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး
ကုမုဒြာသတင်းဂျာနယ်  အတွဲ ၅၊ အမှတ် ၁၀  (၇ ဇူလိုင်လ  ၂၀၁၅ ၊ အင်္ဂါနေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts