မောင်စွမ်းရည် – “ ကျော်ကိုကိုရေးတဲ့ ကျောင်းသားသမဂ္ဂသမိုင်း”
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅
ကျော်ကိုကို ၂၀၁၄ ဧပြီကရေးခဲ့တဲ့ စာအုပ်တအုပ်ဟာ အခုဆိုရင် ထုတ်ဝေခဲ့တာ တနှစ်ကြာပြီ။ “ကျောင်းသားသမဂ္ဂသမိုင်း” လို့ အတိုကောက်ရေးလိုက်ပေမယ့် စာအုပ်အမည်အပြည့်အစုံကတော့ “ကျောင်းသားသမဂ္ဂနှင့် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း” ပါတဲ့။ ဒီစာအုပ်ကလေးကို ဗမာပြည်အလည်အပတ်ပြန်တဲ့ ဗမာမိတ်ဆွေတဦးဆီက ဖတ်ရတော့ အထူးစိတ်ဝင်စားမိပါတယ်။ ပြည်ပရောက်ကျောင်းသားလူငယ်တွေကို ဒီစာအုပ်အကြောင်းမေးကြည့်တော့ ထုတ်ဝေခဲ့တာ တနှစ်တင်းတင်းပြည့်ခဲ့ပေမယ့် ဘယ်သူတဦးတယောက်မှ ဖတ်ဖူးဖို့ ကြားတောင်မကြားဖူးကြတာ တွေ့ရတာ အံ့သြရပါတယ်။
ကျော်ကိုကိုက ဒီစာအုပ်အပြင် ၂၀၀၇ သံဃာ့အရေးအခင်း အကြောင်းကို မှတ်တမ်းတင်ရေးသားခဲ့ဖူးတယ်လို့ ကြားသိရလို့ ဟိုလူဒီလူကို မေးကြည့်တော့လဲ ‘စကားမေးမရ’ လို့ပဲ ပြောရပါတော့မယ်။ဘုန်းတော်ကြီးများထံ စုံစမ်းကြည့်လို့လဲ မရပါဘူး။ ဒါကြောင့် ဗမာပြည်ကိုပဲ လှမ်းမှာပြီး ကိုယ့်ကပဲ သူများကို ဖြန့်ဖြူးပေးရတော့မလို ဖြစ်နေပါတယ်။ တကယ်တော့ ကျော်ကိုကိုက ၂၀၀၇သံဃာ့အရေးအခင်းမှာ ပေါ်ထွက်လာတဲ့ “ခွပ်ဒေါင်းမျိုး” တဦးဖြစ်ပါတယ်။ မျက်မှောက်ခေတ်ကျောင်းသား သမဂ္ဂ နောက်ဆုံးမျိုးဆက်ရဲ့ ခေါင်းဆောင်တဦးလို့ ကြားဖူးရုံပဲရှိပါတယ်။ ၂၀၁၂ ဗကသများ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းတည်ထောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲမှာ အပါအဝင်တဦးဖြစ်တယ်လို့ ကြားသိရလို့ ငါတို့မျှော်လင့်အားထားစရာ ကျောင်းသားတဦးရယ်လို့ အဝေးကပဲ လွမ်းနေပါတယ်။
ကျော်ကိုကိုက “ကျောင်းသားသမဂ္ဂ” ကို ထိပ်စည်းပေးထားပေမယ့် ကျောင်းသားသမဂ္ဂမပေါ်ခင် ၁၉၀၃ ခု(ပါတော်မူပြီးစ- ရှစ်နှစ်ကာလလောက်က ကျောင်းသားလှုပ်ရှားမှုကိုပါ လေ့လာ တင်ပြထားတာတွေ့ရပါတယ်။ အင်္ဂလိပ်လူမျိုး တိုင်းတပါးသားကျောင်းဆရာအပါအဝင် ပညာရေးအရာရှိတွေကို ရှိခိုးရမယ်လို့ ထုတ်ပြန်တဲ့ ပညာမင်းကြီးရဲ့အမိန့်ကို ဆန့်ကျင်ဆန္ဒပြသပိတ်မှောက်တာဖြစ်လို့ ပထမဆုံးကျောင်းသားသပိတ် ပထမဆုံးကျောင်းသားလှုပ်ရှားမှုလို့ ဆိုရပါမယ်။ ရှေ့ဟောင်းစာနယ်ဇင်းတွေထဲမှာတော့ “ရှိခိုးကွက်ရှင်” လို့ ဖတ်ရဖူးပါတယ်။ ကျော်ကိုကိုက “ရှိခိုးသပိတ်” လို့ မှတ်တမ်းရေးခဲ့ပါတယ်။ အဲဒီသပိတ်ရဲ့ အရေးပါပုံကိုလဲ သုံးသပ်ပြထားတာ တန်ဖိုးရှိပါတယ်။ မြို့လုလင်မြို့သူကြီး၊ ဝန်သိုစော်ဘွားကြီး၊ ဝဲလောင်ရွာသူကြီး စတဲ့ပုန်ကန်သူတွေဟာ ပါတော်မူပြီး နောက်ဆက်တွဲ ပုန်ကန်မှုတွေဖြစ်ပါတယ်။ လက်နက်ကိုင်ပုန်ကန်မှုများဟာ မအောင်မြင်နိုင်မှန်းသိလာလို့ လူထုနည်း၊ ဒီမိုကရေစီနည်းနဲ့ ဆန္ဒပြတိုက်ပွဲဝင်တဲ့နည်းကို “ရှိခိုးသပိတ်” က ရှာဖွေပေးခဲ့တဲ့အတွက် ၁၉၀၆ ဝံသာနုရက္ခိတ ဝိုင်အမ်ဘီအေအသင်းတို့၊ ဂျီစီဘီအေခေါ် ဝံသာနုအဖွဲ့ချုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်အဖွဲ့ချုပ်၊ လူငယ်များကြီးပွားရေးအသင်းတို့ ဗမာအစည်းအရုံးစတဲ့ အမျိုးသား နိုးကြားလှုပ်ရှားမှ အသင်းတွေတဆင့်ပြီးတဆင့် ပေါ်ထွက်လာဖို့ လမ်းဖွင့်ပေးခဲ့တယ်လို့ ကောက်ချက်ဆွဲထားပါတယ်။
ကျောင်းသားလူငယ်တွေဟာ နိုးကြားရဲရင့်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်လာပါတယ်။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ လူကြီးသူမအဆုံးအမစကားတွေ ဖယ်ချပြီး လုပ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာဖြစ်ကြောင်း ထောက်ပြထားပါတယ်။ ပိုပြီးအရေးကြီးတာက ကျော်ငးသာတွေဟာ ကျောင်းအတွင်းက အလေ့အလာ၊ အလေ့အကျင့်များနဲ့ မိမိတို့ဘာသာ အဖွဲ့အစည်း ဥပဒေစည်းမျဉ်းတွေရေးဆွဲခြင်း မိမိဘာသာလွတ်လပ်ပြီး စည်းကမ်းတကျရှိတဲ့ ရွေးကောက်ပွဲတွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆွေတွေ ရွေးချယ်တင်မြှောက်ခြင်းစတဲ့ ဒီမိုကရေစီအလေ့အကျင့်တွေကို လေ့ကျင့်ပျိုးထောင်ပြီး ဗမာပြည်ရဲ့ ဒီမိုကရေစီဆိုင်ရာ အမျိုးသားနိုင်ငံရေးကို လေ့ကျင့်သယ်ဆောင်ပြီး ယဉ်ကျေးတဲ့ ခေတ်ပေါ်နိုင်ငံရေးလမ်းစဉ်( ကမ္ဘာ့ဦးသမ္မတရွေးကောက်ပွဲအစဉ်အလာကို တည်ထောင်ခဲ့ကြကြောင်း) ဂုဏ်ယူရေးသားထားပါတယ်။ ကျောင်းသားနိုင်ငံရေးလုပ်လို့ တိုင်းပြည်မပျက်၊ စစ်သားနိုင်ငံရေးလုပ်လို့သာ တိုင်းပြည်ပျက်ခဲ့ရကြောင်း သမိုင်းကသက်သေပြခဲ့ပြီဖြစ်ပါတယ်။
ကျောင်းသားတွေက ကျောင်းသားအဖွဲ့အစည်းဥပဒေတွေကို လူထုဆန္ဒ၊ ကျောင်းသားထုဆန္ဒနဲ့အညီ ရေးဆွဲခဲ့ကြတယ်။ စစ်သားတွေက စစ်သားတွေအတွက်ဥပဒေကို သူတို့ဘာသာရေးဆွဲကြမယ်ဆိုရင် ကောင်းတာပေါ့၊ ဒါပေမယ့် သူတို့အကျိုးအတွက် တဖက်သတ်ရေးဆွဲပြီး အများလူထုကို ချပြတာ သဘောထားညှိနှိုင်းတာ မလုပ်ကြတဲ့အပြင် ပြည်သူလူထုအတွက် အခြေခံဥပဒေကိုလဲ မိုးကြီးလေကြီထဲ၊ အလောင်းကောင်တွေကြားမှာ ရေးဆွဲခဲ့ကြတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်နဲ့သာ ဆိုင်တာမဟုတ်ဘူး။ နိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်။ စစ်တပ်က ဘယ်အဖွဲ့အစည်းမှမပါ။ ပြည်သူ့ကိုယ်စားလှယ်တွေမပါတဲ့ စစ်သားတမတ်သား၊ စစ်ထွက်ငါးမူးသား လွှတ်တော်ကြီးတည်ထောင်ပြီး ဘောင်းဘီချွတ်၊ ပုဆိုးဝတ်ခဲ့ပေမယ့် ခါးကသေနတ်မချွတ်ဘဲနေခဲ့တယ်။ ကျော်ကိုကိုက အဲဒီ ၂၀၀၈ ဥပဒေကိုလဲ ဝေဖန်တယ်။ ရှစ်လေးလုံးအရေးတော်ပုံကိုလဲ သုံးသပ်တယ်။ ခေါင်းဆောင်မရှိ၊ အစီအစဉ်ကောင်းမရှိဘဲ( ဖိနှိပ်တာကို မခံချင်လွန်းလို့သာ) စွန့်လွှတ်စွန့်စားခံကြလို့ တပါတီစနစ်ပြုတ်ကျသွားပေမယ့်၊ စစ်တပ်က အာဏာပြန်သိမ်းတာကို ခံခဲ့ရလို့ တိုက်ပွဲက ဆုံးမသတ်နိုင်ခဲ့ဘူး။ ဆက်လက်တိုက်ပွဲဝင်ကြရမယ်လို့ သုံးသပ်ပါတယ်။
ကျော်ကိုကိုက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခံရပုံဟာ လွယ်လွန်းတယ်လို့ ယူဆသလို ဂဠုန်စောတယောက်ကိုပဲ ကြိုးပေးပြီး အမှုပိတ်လိုက်တာကိုလဲ မသင်္ကာဘူး ။ ဂဠုန်စော အပြ အတွင်းလူအတွင်းရေး ၊ လက်ယာအချောင်သမားတွေ သစ္စာဖောက်တွေရဲ့ ဖန်တီးလုပ်ဆောင်မှု ရှိအုံးမယ်လို့တွက်ဆပါတယ်။ သူ့အသက်ထက် ၂ဆလောက်ကြီးရင့်နေတဲ့ ပြည်တွင်းစစ်ကြီးကိုလဲ အံ့ဩတယ်။တိုင်းရင်းသားသူပုန်တွေနဲ့ ဆွေးနွေးတယ်ဆိုပြီး အချိန်ဆွဲနေတာဘယ်လောက်ကြာပြီလဲလို့ မေးစရာပေါ့။ စာအုပ်အမှာစာမှာလဲ ကွန်မြူနစ်တွေက တိုင်းပြည်ဖျက်ပစ်ခဲ့တာလားဆိုတာကို ဆွေးနွေးထားတယ်။ စပ်မိလို့ပြောရရင် ကျနော်လဲ ဒါကို မေးခွန်းထုတ်ဖူးပါတယ်။သာသနာဖျက်၊ မိစ္ဆာဒိဋ္ဌိလို့ ဖဆဆိုရှယ်များ စွပ်စွဲခဲ့တဲ့ ဗကပ ကွန်မြူနစ်တွေက ဘုန်းကြီးတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးပစ်သတ်တာကို မကြားဖူး ၊မမြင်ဖူးပေမဲ့ သူတို့မွေးခဲ့တဲ့ ဗိုလ်နေဝင်းစစ်တပ်ကသာ နေ့ခင်းကြောင်တောင် မြို့လယ်ခေါင်မှာ မေတ္တသုတ်ရွတ်လာတဲ့ သံဃာတန်းကြီးကို သေနတ်နဲ့တေ့ဖြုတ် ပစ်သတ်ဖမ်းဆီးတာကို ကိုယ်တွေ့မြင်ခဲ့ကြားခဲ့ရဖူးပါတယ်။ဘယ်သံဃာ့နယကအဖွဲ့မှလဲတားတယ်၊ဆီးတယ်မကြားရဘဲ ဘုန်းကြီးသတ်သူတွေကပ်တဲ့ ဆွမ်းကိုပဲ မြိန်ရည်ယှက်ရည် ဆက်လက်ဘုန်းပေးနေကြဟန်ရှိပါတယ်။
ကျော်ကိုကိုဆိုတဲ့ ကျောင်းသားလူငယ်လေးက ကတ္တရာလမ်းပေါ်သွေးချောင်းစီးခဲ့တာကို သူကိုယ်တိုင်သွေးစွန်းလမ်းပေါ်က လက်လွတ်ထွက်ပြေးခဲ့ရာက အကျဉ်းထောင်ထဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။ သူထောင်ကလွတ်လာတော့ ဗကသကို ပြန်လည်ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ သူက သူ့သမိုင်းသူရေးသလို စစ်တပ်ကလည်း သူ့သမိုင်းသူရေးပေလိမ့်မယ်။
သဘောကောင်းတယ်ဆိုတဲ့ သမ္မတကြီးကတော့ ကျောင်းသားတွေက ရိုက်လို့ လုံထိန်းတွေက ရိုက်ရတာ၊ ဒီလိုရိုက်ပွဲတွေဟာ နိုင်ငံတကာမှာလဲအများကြီးရှိနေတာပဲတဲ့ ။“ နိုင်ငံတကာအမြင်” နဲ့တောင်ရှုမြင်သုံးသပ်ထားပါပြီ။ ဖမ်းချင်ဖမ်းပါ။ ရှေ့ဆက်ချီတက်မှာပဲလို့ဆိုတဲ့ လက်နက်မဲ့ ၊အဖမ်းခံ၊ အသေခံဆန္ဒပြနေတဲ့ ကျောင်းသားလူငယ်လေးတွေရဲ့ ဆန္ဒဟာ ဘာလဲ။ စူးစမ်းမိရဲ့လားမသိ။ လျစ်လျူရှုကျောခိုင်းပြီး ဖြိုခွဲခဲ့ပြီ။ ကျော်ကိုကို သို့မဟုတ် ကျော်ညီညီ တယောက်ယောက်က သွေးမော်ကွန်းတွေ ဆက်ရေးသွားမှာပါ။သမိုင်းတရားခံတွေ ပြေးမလွတ်ပါဘူး။ ခုထွက်နေတဲ့ ကျော်ကိုကိုရဲ့စာအုပ်ကိုလဲ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြစေချင်ပါတယ်။ဒါတွေငါသိပြီးသားပါလို့ “ဗမာ့ရိုးရာ” မှတ်ချက်မပေးလိုက်ပါလေနဲ့။ ဘယ်လိုသိတာလဲ။ ဝေဖန်သုံးသပ် အဖြေရှာဖို့လိုပါတယ်။
မောင်စွမ်းရည်
၂၀၁၅ ဧပြီ ၁၀