ခေတ်ပြိုင်အတွေ့အကြုံ

သွေး(စစ်ကိုင်း) – “ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုတွေ မပျောက်ကွယ်သင့်ပါ”

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Photo Aung Htet
 
သွေး(စစ်ကိုင်း) – “ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုတွေ မပျောက်ကွယ်သင့်ပါ”
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅
 
နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်တာက ဖွံ့ဖြိုးတိုးတက်မှုပါ။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်မှုဟာ “သဘာဝပတ်ဝန်းကျင်” နဲ့ “ဓလေ့ထုံးတမ်း” တွေကို ပျက်ယွင်းမှုမဖြစ်စေသင့်ပါဘူး။ အရင်ကထက်စာရင် ခေတ်မီအဆောက်အဦးတွေ ပိုများလာတဲ့ မြိုကပြမှာ ချစ်စရာကောင်းတဲ့ ဓလေ့တွေပျောက်ကွယ်လာတာကို သတိပြုမိပါရဲ့။
 
မြန်မာနိုင်ငံဟာ ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံ၊ ဖော်ရွေတဲ့နိုင်ငံအဖြစ် တခြားနိုင်ငံတွေက ရှုမြင်ကြပါတယ်။ ကိုယ့်နိုင်ငံကို လာရောက်တဲ့ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေပြုံးပြတယ်၊ စောင့်ရှောက်တယ်လို့လည်း သတင်းမွှေးပါရဲ့။ ဒါပေမယ့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့အတူ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေများလာနေတာပါ။ ခရီးသွားလုပ်ငန်းက ဝင်ငွေရတာမှန်ပေမယ့် နဂိုက သဘာဝအလှတွေနဲ့ တင့်တယ်နေတဲ့ ပင်လယ်ကမ်းခြေတွေမှာ အလှအပပျက်ယွင်း အမှိုက်တွေ ပိုများလားနေပါတယ်။
 
ဟိုအရင်က “မြင်လှည်းလေးနဲ့ တူပျော်ပျော်” လို့ ဆိုရအောင် မြင်းလှည်းတွေ ခေတ်စားခဲ့ပေမယ့် ဆိုင်ကယ်တွေ၊ လျှပ်စစ်စက်ဘီးတွေများလာတဲ့အခါ မြင်းလှည်းသမားတွေအလုပ်မဖြစ်တော့ပါဘူး။ ပုဂံဒေသမှာ တစ်နေ့တခြားများလာနေတဲ့ ဟိုတယ်တွေက ပုဂံရဲ့ အလှကို ခြိမ်းခြောက်လာနေပါတယ်။ တချို့ စေတီတွေဆိုရင် ဟိုတယ်တွေ နယ်ချဲ့ခံရလို့ ဟိုတယ်ဝင်းထဲအထိ ရောက်သွားတာတွေရှိပါတယ်။ အရိပ်အရမ်းတဲ့ ထနောင်းပင်ကြီးတွေဟာလည်း ဝိသမလောဘသားတွေ ရောင်းစားခံရပြီး ဟိုတယ်ဝင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးခံရတာပါ ရှိနေပါတယ်။
 
တချို့ဈေးရောင်းသူတွေက တစ်နပ်စားအကြံနဲ့ ဧည့်သည်တွေကို ဈေးတင်ရောင်းကြတာ မဖြစ်သင့်ပါဘူး။ မြင်သာတဲ့ ဥပမာပြောရရင် အမရပူရမြို့နယ်က ဦးပိန်တံတားကို ပြည်တွင်း ပြည်ပကဧည့်သည်တွေ ရောက်ကြပါတယ်။ အဲဒီမှာ ဖွင့်ထားတဲ့ ဆိုင်တွေက အကြော်စုံတစ်ပွဲကို ၆၀၀၀ကျပ် အထိ ဈေးတင်ရောင်းနေတာပါ။ အကြော်စုံတစ်ပွဲကို တစ်ထောင်၊ တစ်ထောင့်ငါးရာကျပ်ဆိုရင်ကို မြတ်နေပါပြီ။ ဆိုင်ကယ် ကယ်ရီဆိုရင် ငါးရာတန်တဲ့ ခရီးကို တစ်ထောင်၊ တစ်ထောင်တန်တဲ့ခရီးကို နှစ်ထောင်အထိ ယူပါတယ်။
 
ဟိုတယ်အခန်းတွေဆိုလည်း မျက်လုံးပြူးရလောက်အောင် ဈေးမြှင့်ထားတာပါ။ တစ်ညကို သိန်းချီပေးရပေမယ့် ဝန်ဆောင်မှုက ပြောပလောက်အောင် မကောင်းဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်လာနေပါတယ်။ ခရီးသွားလုပ်ငန်းမှာ တင်မကပါဘူး ခေတ်မီလာတယ်ဆိုတဲ့ နေရာဒေသတွေမှာ လူတစ်ဦးနဲ့တစ်ဦးကြား ထားရှိသင့်တဲ့ ကိုယ်ချင်းစာတရား နည်းလာနေတာ အမှန်ပါ။ အရင်တုန်းက  တဲသာသာ အိမ်လေးမှာ နေရပေမယ့် ရိုင်းပင်းသလို တစ်အိမ်ကနေ ငရုပ်သီးကြော်မယ်ဆိုရင်တောင် “ညှော်မယ်ဗျို့” လို့လှမ်းပြောတာ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်ပါ။ အထက်မြင့် ကန်ထရိုက်တိုက်တွေပေါ်လာတဲ့အခါ အပေါ်ထပ်ကအောက်ထပ်ကလူကိုမသိ အောက်ထပ်ကလူက အပေါ်ထပ်ကလူကိုမသိ အပေါ်ထပ်ကလူကငရုပ်သီးထောင်း အောက်ထပ်ကလူက သီချင်းတွေအကျယ်ကြီးဖွင့် ကိုယ်ချင်းစာတရားနည်းပြီး “ငါလုပ်ချင်တာလုပ်မယ်”ဆိုတဲ့ပုံစံဖြစ်လာပါတယ်။
 
နယ်တွေမှာ ဧည့်သည်တစ်ယောက်ယောက်က ကိုယ့်အိမ်အလည်လာလို့ ရှာမတွေ့ရင် ကြိုက်တဲ့သူကိုမေး၊ အိမ်တိုင်ယာရောက် လိုက်ပို့ပေးလေ့ရှိပါတယ်။ အခုနေများ အိမ်မသိလို့ ဖေးမရင် ဘယ်သူကမ သိတယ်ဖြေမှာမဟုတ်ပါဘူး။ “မိသားစုတန်ဖိုး” တွေလည်း လျော့နည်းလာနေတာ သတိထားမိပါရဲ့။ အဖေရယ်၊ အမေရယ်၊ မောင်နှမတွေရယ် အတူတူဝိုင်းဖွဲ့ ထမ်းစားကြတာ၊ အားလပ်တဲ့အချိန်တွေမှာ လက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့၊ လက်ဖက်သုတ်စားရင်း စကားစမြည်ပြောကြတာဟာ မိသားစုတန်ဖိုးပါပဲ။ ခုကျတော့ အဖေက အလုပ်သွား၊ အမေက အလုပ်သွား၊ သား သမီးတွေက ကျောင်းတက်၊ ကျူရှင်သွား၊ သင်တန်းသွားနဲ့ ထမင်းဝိုင်းဖွဲ့ စားချိန်နည်းလာနေပြီး စကားစမြည်ပြောရမယ့်အစား ကိုရီးယားကားကြည့်သူကကြည့်၊ ဖုန်းပွတ်သူကပွတ်ဖြစ်နေပါတယ်။ ထမင်းဟင်းကို အိမ်မှာတောင် သေချာချက်ပြုတ်မစားဘဲ ဆိုင်မှာစားတဲ့ အလေ့အထလည်း ဖြစ်နေပါပြီ။ ဒါဟာ အပေါ်ယံကြည့်ရင် မထူးဆန်းဘူးလို့ ထင်ရပေမယ့် မိသားစုတစ်စုကြား နွေးထွေးမှုတွေ လျော့နည်းလာနေတာပါ။
 
ကားတွေသိပ်မများခင်မှာ နံနက်ခင်းရှုရတဲ့ လေကအစ လတ်ဆတ်အေးမြနေပါတယ်။ နံနက်လင်းရင် ပဲပြုတ်သည်ရဲ့ အသံ၊ ငှက်ကလေးတွေရဲ့ အသံလောက်ပဲ ကြားရမယ်ပေါ့။ အခုချိန်မှာ ကားတွေများလာတာနဲ့အတူ လေထုညစ်ညမ်းမှု ပိုဖြစ်လာပြီး ရှုရတဲ့လေက မလတ်ဆတ်တော့ပါ။ လေအေးပေးစက်တွေ တပ်ထားတဲ့ပေမယ့် သဘာဝအတိုင်း အေးမြမှုမဟုတ်သလို သူတို့ကနေ အပြင်ကို လေပူတွေပြန်ထုတ်တော့ ပိုပူလာပါတယ်။ ဒီကြားထဲ လေအေးပေးစက်ကို စည်းကမ်းတကျမတပ်ဆင်ရင် တပေါက်ပေါက်ကျနေတဲ့ ရေတွေက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။
 
အရက်ဆိုတာ တစ်ချိန်တုန်းက သောက်ချင်ရင် ပုန်းလျှိုးကွယ်လျှိုး ဆိုင်မှာ သွားသောက်ရပြီး အရက်သောက်တက်သူကို ပတ်ဝန်းကျင်က “အရက်သမား” လို့ သတ်မှတ်ကြတာကိုး။ အခုကျ အရက်ပုလင်းတွေကို ဖောဖောသီသီ ဝယ်ရနေသလို ဘီယာဆိုင်တွေက ဟိုနေရာ၊ သည်နေရာမှာ ပေါ်လာနေပြီလေ။ အကျိုးဆက်ကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်၊ ဘီယာသောက်သူတွေပိုများလာပြီး လူငယ်တွေ အညွန့်ချိုးခံနေရတာပါပဲ။ တနေ့ကပဲ အသက် ၁၈၊ ၁၉လောက်ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက် ဘီယာဆိုင်မှာ တစ်ယောက်တည်းထိုင်ပြီး သောက်နေတာ ဘီယာ (၃) ပုလင်းထိ ကုန်နေတာတွေ့ရလို့ စိတ်မကောင်းဖြစ်ရပါတယ်။
 
ကျွန်မ စဉ်းစားမိတာ၊ မြင်မိတာတွေထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေ အများကြီးရှိနေပါသေးတယ်။ ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့လူမျိုးကို အထင်ကြီးလေးစားစေဖို့ “ကျင့်ဝတ်သိက္ခာ” ပိုင်းအရ လိုက်နာဖို့လိုသလို တစ်နပ်စားအကြံတွေကို ဖျောက်ပစ်ရမှာပါ။ မြန်မာနိုင်ငံကို လာလည်ဖူးတဲ့ သူတစ်ယောက်ဟာ အထပ်ထပ်အခါခါလာချင်အောင်လို့ ကျင့်ဝတ်ကို ထိန်းသိမ်းရပါလိမ့်မယ်။

 

 

 
“ဖွံ့ဖြိုးတိုးတက်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေပြီး ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းတွေ ပျောက်ကွယ်ရမယ်ဆိုရင် မတန်ပါဘူး။ ဒါကြောင့် နဂိုရှိရင်းစွဲ ဓလေ့ထုံးတမ်းတွေ မပျောက်ပျက်ဖို့၊ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့၊ အထူးသဖြင့် “ဒြပ်မဲ့ယဉ်ကျေးမှု” တွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့ ယူဆမိကြောင်းပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သွေး(စစ်ကိုင်း) – “ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုတွေ မပျောက်ကွယ်သင့်ပါ”
  1. တူမကြီးရေးတဲ့ဆောင်းပါးက မော်လမြိုင်သံနဲ့ပြောရရင် “ကောင်းမှကောင်း၊ ထိမှထိ”ဘဲ။ ဒါမျိး များများဆက်ရေးဖို့ ဦးကတိုက်တွန်းအားပေးပါရစေ။ လွန်ခဲ့တဲ့လထဲကလည်း ကိုစံလှကြီးကအလားတူဆောင်းပါး ရေးခဲ့သေးတယ်။ တကယ်တော့ ယဉ်ကျေးမှုဆိုတာ ပျက်ရာကပျောက်တတ်တယ်။ ယဉ်ကျေးမှုပျောက်ရင် ပြောတဲ့စကားလည်း ပျက်၊ ပျက်ရာကပျောက်။ ကိုးကွယ်တဲ့ဘာသာလဲပျက်၊ ပျက်ရာကပျောက်။ နောက်ဆုံး လူမျိုးပါသုဉ်းသွားတတ်တယ်။ ဒီိကိစ္စနဲ့ပတ်သက်ရင် အိန္ဒိယကဟိန္ဒူတွေကိုစံနမူယူသင့်တယ်။ ဘယ်နေရာရောက်ရောက်၊ သား၊ မြေး၊ မြစ်တွေဟာ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်တဲ့ဘာသာနဲ့ပြောတဲ့စကားမေ့ကြဘူး။ အနောက်နိုင်ငံတွေမှာချမ်းအေးလှတဲ့ နိုဝင်ဘာလမှာ သူတို့ဒေဝါလီပွဲကိုသွားကြတဲ့ ပျိုပျို အိုအို ဟိန္ဒူ မတွေဟာ ဆာရီဝတ်နဲ့နဖူးမှာအစက်တွေနဲ့ချည်းဘဲ။ မြင်ရတာအားကျစရာပါ။ ဒါကြောင့် တူမကြီးတို့၊ ကိုစံလှကြီးတို့လုပ်ဆောင်ချက်တွေကို ဦးက သာဓုခေါ်ပြီး တူမကြီးတို့လို လူငယ်တွေ များများပေါ်လာပါစေလို့ဆုတောင်းပါတယ်။

Comments are closed.