(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၅
ဆရာ ဇော်ဇော်အောင် ရဲ့ (၂၀၁၃) ခုနှစ်က ဆောင်းပါးဟောင်း “Time မဂ္ဂဇင်းရဲ့ အဲဒီ အရေးအသားကို ကာမသုခဓာတ်ချောင်း ထင်တယ်”ကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေကြလို့ အခုမှ ဖတ်လိုက်ရတယ်။ ဆရာ ဇော်ဇော်အောင်ဆီက ဒီလိုစာမျိုး ဖတ်ရလို့ နည်းနည်းတော့ တုန်လှုပ်သွားတယ်။ သူ့ရဲ့ စာပေသြဇာကို အရင်ကြည်ညိုရင်းစွဲရှိတာကြောင့် ဖြစ်မှာပါ။ ဒါပေမဲ့ ပြန်လည် ပြောဆိုစရာရှိတာတော့ ပြောရမှာပါ။
တကယ်တော့ ဆရာ့ရဲ့ ဆောင်းပါးခေါင်းစဉ် “ကာမသုခ ဓာတ်ချောင်း” အသုံးကို ပါးစပ်က အယုတ္တအနတ္တ အလေဏ တောတွေထွက်တတ်တဲ့ ကိုယ်တော်အတွက် သုံးနှုန်းရင်သာ ပိုသင့်လျော်မယ် ထင်ပါတယ်။ ဇော်ဇော်အောင်က ပြောင်းပြန် ပြောခဲ့တယ်။ အခုအချိန်မှာတော့ ဘယ်သူ ဘာဆိုတာ ပိုမိုသဲကွဲလာပြီဖြစ်လို့ ဆရာဇော်ဇော်အောင် အမြင်တွေလည်း ပြောင်းလဲတန်ပါပြီ။
တကယ်တော့ ဆရာဇော်ကိုချည်း အပြစ်တင်လို့ မရဘူး။ အဲဒီ အချိန် (၂၀၁၃) Hannah Beech ရဲ့ တိုင်းမ်မဂ္ဂဇင်း ခေါင်းကြီး မျက်နှာဖုံးဆောင်းပါးထွက်ချိန်က ပြည်တွင်းစာနယ်ဇင်းကြီးတချို့က ဆောင်းပါးကို တလွဲတွေ ဘာသာပြန်ခဲ့တယ်။ သိသိ သာသာကြီးကို မကောင်းပုံဖော်တဲ့ ဘာသာပြန်မှုတွေလုပ်ခဲ့တယ်။ ဒါကြောင့် မူရင်းဆောင်းပါး တမ်းမဖတ်နိုင်၊ မဖတ်ဖြစ်တဲ့ ပြည်တွင်းက နာမည်ကြီး အင်္ဂလိပ်စာတတ်များကိုယ်တိုင် အတော်နာခဲ့ကြတယ်၊ စိတ်ခံစားမှုအရင်းခံနဲ့ တုံ့ပြန်ခဲ့ကြတယ်။ ဆရာ ဇော်ဇော်အောင်စာက အဲဒီလိုအနေအထေားမှာ ရေးခဲ့တဲ့စာတပုဒ်၊ စာပြီး နေ့စွဲက ၉ ဇူလိုင်၊ ၂၀၁၃။ အဲဒီတုန်းက အွန်လိုင်းပေါ် မရောက်တော့ လူမသိခဲ့ဘူး။ ပုံနှိပ်ဂျာနယ်ကလည်း လူကြား သိပ်မပြန့်ခဲ့ဘူး ထင်ပါတယ်။
အလာတူ သဘောမျိုး တခြား နာမည်ကြီးဆရာတွေ အဲဒီတုန်းကရေးခဲ့ပါတယ်။ ဥပမာ – ဆရာ သစ္စာနီက ဧရာဝတီမှာ ရေးခဲ့တယ်။ ဆိုတော့ အွန်လိုင်းရောက်တယ်၊ လူသိတယ်၊ ကျနော်လည်း ဖတ်ခဲ့ရတယ်။ ဒါကြောင့် အကောက်ယူပုံတွေ ဘယ်လိုမှားနေကြောင်းတောင် တုံ့ပြန်ခဲ့ဖူးတယ်။ ဆရာဇော်ဇော်အောင်စာကို အဲဒီတုန်းက ဖတ်ခဲ့ရရင်လည်း အလားတူ တုံ့ပြန်ချက်မျိုးပဲ ပြန်ပေးရမှာပါ။
အခု ဆောင်းပါးပေါင်းချုပ် စာအုပ်ထုတ်ရမှာ ဘာကြောင့်ပြန်ထည့်ခဲ့သလဲဆိုတာတော့ မေးစရာရှိလာတယ်။ ဆရာဇော် ကျန်းမာရေးလည်း သိပ်မကောင်းဘူးလို့ ဟိုတလောကကြားခဲ့တော့၊ စာအုပ်ပြန်ထုတ်ရာမှာ ပြန်လည်စိစစ်တာတွေ မလုပ် နိုင်ခဲ့ဘူးထင်တယ်။ ထုတ်ဝေသူကပဲ ဂျာနယ်မှာရေးခဲ့သမျှအားလုံးကို စုထုတ်လိုက်ဟန် ရှိတယ်။
ဘာပဲဖြစ်ဖြစ် ဒီဖြစ်စဉ်က ကျနော့်ရဲ့ သီအိုရီဖြစ်တဲ့ ဘယ်လိုအရင့်အမာပုဂ္ဂိုလ်ကြီးမျိုးမဆို လူမျိုးရေး၊ ဘာသာရေး၊ အထူး သဖြင့် မွတ်ဆလင်၊ အထူးသဖြင့် ရိုဟင်ဂျာ စတဲ့ ဆားတမျိုးမျိုးနဲ့သာ ပက်ပေးလိုက် ပရောဂမှန်တော့ အားလုံး တုန်ဆင်း တီကောင်ဆားပက် တုံ့ပြန်ပုံတွေချည်းပဲဆိုတာကို ထပ်မံ ထောက်ခံနေတယ်။
ပြီးတော့ ဗမာပြည်က စာရေးဆရာများ၊ နာမည်ကျော်ကြားသူများ အများစု စိတ်ခံစားမှုတွေ၊ အစွဲ စိတ်အခံတွေနဲ့ ပုဂ္ဂလဓိဋ္ဌာန် (subjectivity) သုံးသပ်ရေးသားပြောဆိုမှုတွေသာ ပြုကြတာ များတယ် ဆိုတာကိုလည်း ပေါ်လွင်တယ်။
ဒီလိုလူထုကို မျက်စိဖွင့်ပေး၊ နှလုံးသားကို ပျော့ပြောင်း နူးညံ့ ခံစားနားလည်တတ်အောင် သွန်သင်ပေးရမယ့် သြဇာရှိ၊ နာမည်ရှိ ကလောင်ကိုင် စာရေးဆရာ ဆိုသူတွေက အစ အစွဲတွေ မကင်းရင်၊ စာတခုခု မရေးခင် သတင်းအချက်အလက်တွေ၊ ဘာသာပြန်ချက်တွေကို အမှန် ဟုတ်/မဟုတ် ရေဆုံးရေဖျား လိုက်ကြည့်လိုစိတ်မရှိရင် တခြား သာမန်လူတွေ ဘယ်လို ဘာသာ/လူမျိုး အစွဲ စိတ်တွေ ကင်းပါတော့မလဲ၊ အကြောင်းအရင်း အမှန်ကို ရှာဖွေလိုစိတ်ရှိတဲ့ “အကြောင်းကိုသိသော ငါ” တွေ တိုင်းပြည်မှာ ပေါများအောင် ဘယ်လိုလုပ်နိုင်တော့မလဲ။
အစွန်းရောက် အတွေးအမြင် အခြေခံတဲ့ ဘာသာရေးခေါင်းဆောင်တွေကို အာဇာနည်လို့ထင်၊ တကယ် အမျိုး၊ ဘာသာ၊ သာသနာကို အဲဒီလို ပြင်းထန်တဲ့သဘော၊ နည်းလမ်း၊ အလုပ်တွေနဲ့သာ ကာကွယ်စောင့်ရှောက်နိုင်တယ်၊ ကာကွယ် စောင့်ရှောက်ရမယ်လို့၊ ဒါမှမဟုတ် ဒါမျိုးလည်း လူ့အဖွဲ့အစည်းမှာ ရှိအပ်တယ်လို့ ယူဆနေသူတွေဟာ လူပြိန်း သာမန် လူအများတင် မဟုတ်ဆိုတာ အစကတည်းက ကျက်မိလို့ အခုကိစ္စမှာ သိပ်တော့ အံ့အားတကြီး မရှိလှပါဘူး။ ဒါပေမဲ့ ဘာ သာစုံ၊ လူမျိုးစုံ မှီတင်းနေထိုင်နေတဲ့ ပြည်ထောင်စု တိုင်းပြည် အနာဂတ် အတွက်တော့ အနုတ် လက္ခဏာတွေ ပိုများလာတဲ့ နိမိတ်မို့ ရတက်မအေးဖွယ်ပါပဲ။
ကိုယ့် လူမျိုး၊ ကိုယ့် ဘာသာ ကို စောင့်ရှောက် ချီးမြှင့်လိုတာ နားလည်နိုင်စရာပါ။ ဒါပေမဲ့ ဒီအတွက် တခြား လူမျိုး၊ ဘာသာ တခုခုကို အမြဲမပြတ် မကောင်းပုံဖော်ပြီး ဖိနှိပ်လိုခြင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်တွေ အတွက် တရားကြောင်း ပြန်လှန် အ ကြောင်းပြလိုခြင်းတွေ အတွက်ကတော့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောင်မယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းမှာ မလိုလားအပ်ပါဘူး။ ဒီလိုသဘောတွေ မစည်ပင်၊ မကြီးပွား လူရာမဝင်သင့်ပါဘူး။ အစွန်းရောက် အမုန်းတရားဟာ နောက်ဖေးလမ်းကြားမှာ ရှိသင့်ပါတယ်။ အိမ်ဦးခန်းတင် မထားသင့်ပါဘူး။
ပြီးခဲ့တဲ့ (၂) နှစ် (၂၀၁၃) က ဆရာ့ဇော်စာ၊ ဆရာသစ္စာနီစာတွေကို ကြည့်ရင် ဒီလူမျိုးရေး၊ ဘာသာရေး ပြင်းထန်မှု အမြင်တွေ၊ အမုန်းတွေ၊ ပဋိပက္ခတွေဟာ နိုင်ငံရေး ပယောဂ၊ အာရုံလွှဲမှု၊ နောက်ကွယ်က လက်မည်းကြီးဆိုတာထက် အများကြီး ပိုကြောင်း ကျနော် မပြတ်ထောက်ပြခဲ့တာတွေကို သက်သေပြု ထောက်ခံနေသလိုပါပဲ။
ကျနော်တို့ တိုင်းပြည် နဲ့ လူမျိုးစုစုံ အနာဂတ် အတွက် အများကြီး ပြောဖို့၊ ဆိုဖို့၊ အသံထွက်ဖို့၊ အလုပ်တွေ အများကြီး လုပ်ဖို့ လိုနေပါသေးတယ်။
မြန်မာ့နှစ်သစ်မှာ ဒီလိုစာမျိုး ရေးရလို့ စိတ်မကောင်း ဖြစ်ရပါတယ်။
နှစ်သစ်မှာ အမုန်းတရား၊ အစွန်းရောက်မှုတွေ ကျဆုံးပါစေ။
ဉာဏ်ပညာ၊ ချစ်ခြင်းတရားနဲ့ လူသားဝါဒ ထွန်းကားပါစေ။
ငြိမ်းချမ်းအေး
ဧပြီ ၁၈၊ ၂၀၁၅
(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
ရည်ညွှန်းဆောင်းပါး –
First Music ဂျာနယ် ပါ ၉၊ ဇူလိုင်၊ ၂၀၁၃ ရက်စွဲနှင့် တွေ့ရသော ဆရာ ဇော်ဇော်အောင် ဆောင်းပါး “Time မဂ္ဂဇင်းရဲ့ အဲဒီ အရေးအသားကို ကာမသုခဓာတ်ချောင်း ထင်တယ်”၊ “ကျောင်းသားသမဂ္ဂဖွဲ့မှာကို ကြောက်နေလို့လား” နှင့် အခြား နိုင်ငံရေးဆောင်းပါးများ ဆောင်းပါ ပေါင်းချုပ်စာအုပ်။ ဆရာဇော် ဆောင်းပါး ဓာတ်ပုံတွေကို ဆရာနောင်ကျော် လူမှုကွန် ရက်စာမျက်နှာကတဆင့် ရရှိပါတယ်။
××××××××××××
××××××××××××
ဆက်စပ် ဆောင်းပါး –
၂၀၁၃ ဇွန်လ တုန်းက ဆရာသစ္စာနီ ရဲ့ “တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား”ဧရာဝတီ ဆောင်းပါးကို တုံ့ပြန်ခဲ့တဲ့ ကျနော့် ရဲ့ “သစ္စာနီ မီးလောင်ရာ လေပင့်တာလား”
“…. လူဆိုတာ အတ္တစွဲ၊ အုပ်စုစွဲ၊ လူမျိုး ဘာသာစွဲတွေ အနည်း၊ အများ ရှိတတ်ကြစမြဲမို့ ကျွန်တော်တို့ မမြင်နိုင်၊ ကွယ်နေတဲ့ ဗမာ့မျက်မှောက်ရေးရာမှာ အရေးကြီးတဲ့ ပြဿနာ အရင်းခံ အခြေအနေတခုရဲ့ အတွင်းသဘောတွေကို နိုင်ငံတကာ အမြင်၊ တတိယ ကြားနေအုပ်စု သဘော၊ လွတ်လပ်တဲ့ စာနယ်ဇင်းတခုရဲ့ ထောက်ပြချက်အနေနဲ့ တိုင်းမ်မဂ္ဂဇင်းက ဖော်ထုတ်ရေး သားထားခြင်းကို လက်မခံနိုင်ရင်တောင် အလေးအနက် ထည့်သွင်းစဉ်းစား အရေးတယူ ရှိရပါမယ်။ လုံးဝ အသိအမှတ်မပြု ဥပေက္ခာပြု နေခြင်း၊ ပစ်ပစ်ခါခါ ပြန်လည် ဝေဖန်ခြင်း၊ မဟုတ်ဘူးဆိုကာ အတွင်တွင် “ဘူး” ခံငြင်းခြင်း စတဲ့ အပြုအမူ၊ သဘောထားတွေဟာ ခေတ်အဆက်ဆက် စစ်အစိုးရတွေ ကျင့်သုံးလာခဲ့ပြီး ဘာတခုမှ အကျိုးရလဒ်မရှိ၊ ကမ္ဘာကလည်း မယုံ၊ ပြည်တွင်း ပြဿနာလည်း အမှန်တကယ် မရှင်းနိုင်ခဲ့တာ သမိုင်းသက်သေရှိပါတယ်ခင်ဗျာ။ အစွဲကင်းတဲ့ ရင်ဘတ် နှလုံးသား စိတ်၊ ကျယ်ပြန့်တဲ့ သဘောထား၊ မှန်ကန်တဲ့ အလုပ်တွေနဲ့သာ ကိုင်တွယ်ဖြေရှင်းမှသာ မိမိလူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့ “အမုန်းတရား” နဲ့ ဆက်စပ်တဲ့ ရောဂါစုံ နဲ့ ရေသောက်မြစ် “ဇာစ်မြစ်” အားလုံး ကို အလုံးစုံ အောင်မြင် ပြီးမြောက် အေးချမ်းနိုင်မှာ ဖြစ်ကြောင်း…”
@ http://burma.irrawaddy.org/religious/2013/06/26/43039.html
×××××××