သတင်းပဒေသာ

အစိုးရ၏မီဒီယာအပေါ်အကြမ်းဖက်မှုများအား ကန့်ကွက်သည့် Myanmar Journalist Network ထုတ်ပြန်ချက်

 

အစိုးရ၏မီဒီယာအပေါ်အကြမ်းဖက်မှုများအား ကန့်ကွက်သည့် Myanmar Journalist Network  ထုတ်ပြန်ချက်

(မိုးမခ) မတ် ၂၃၊ ၂၀၁၅

လက်ခံရရှိသည့် ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သတင်းမီဒီယာ ဦးဆောင်သူအယ်ဒီတာများနှင့် သတင်းသမားများခင်ဗျား …

ယခုလအတွင်း ဖြစ်ပွားခဲ့သည့် အလုပ်သမားနှင့်ကျောင်းသားဆန္ဒပြမှုများတွင် သတင်းသွားယူသည့် သတင်းထောက်များကို လက်ပတ်နီပတ် အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ထိုးကြိတ်၊ ရိုက်နှက် ဖမ်းဆီးခြင်းများ ဖြစ်ပွားခဲ့ပါသည်။ တဖန် မတ်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားသည့် လက်ပံတန်းမြို့ သပိတ်ဖြိုခွဲမှုတွင်လည်း သတင်းထောက်မှန်း သိလျှက်နှင့် ရိုက်နှက်ခဲ့သလို သတင်းထောက်များကြောင့် ယခုကဲ့သို့ ဆန္ဒပြမှုများဖြစ်ပွားနေရကြောင်း ပြောဆိုကာ ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်မှုများ ရှိခဲ့သည်ကို အားလုံး သိရှိပြီးဖြစ်ပါသည်။

ယင်းအဖြစ်အပျက်များနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့ဘက်က ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်သည့် သဘောမျိုးပြောဆိုလျက်ရှိသလို ပြန်ကြားရေး ၀န်ကြီးဌာနအနေဖြင့်လည်း သတင်းသမားများနှင့် ပတ်သက်၍ ပြောဆိုရာတွင် သတင်းသမားများက ဥပဒေနှင့် အညီ သတင်းမယူသဖြင့် ဖြစ်ပွားရသည့် သဘောမျိုး ပြောဆိုခဲ့သည်ကို တွေ့ရပါသည်။ ယင်းကဲ့သို့သော တုံ့ပြန်ပြောဆိုမှုသည် နောက်နောင်တွင်လည်း သတင်းသမားများ အနေဖြင့် အဓိကရုဏ်း၊ ဆန္ဒပြမှုများ သတင်းယူသည့်အခါ ရိုက်နှက်ခံရနိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု နားလည် ပါသည်။

သို့ဖြစ်ပါ၍ အထက်က ဖြစ်ရပ်များနှင့်ပတ်သက်၍ သတင်းသမားများ အနေဖြင့် လက်သင့်မခံနိုင်ကြောင်း နောက်နောင် ယခုဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် တာဝန်ရှိသည့် အဖွဲ့အစည်းအနေဖြင့် သင့်လျော်သည့် အာမခံပြောဆိုမှုများ မရှိခြင်းအတွက် တိုက်ရိုက်တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့၏ သတင်းများကို မိမိတို့ သတင်းစာ၊ ဂျာနယ်နှင့် အွန်လိုင်း သတင်းဌာနများတွင် ၃ ရက်တာ မဖေါ်ပြမည့် လှုပ်ရှားမှုတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်ထားပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့ စာစောင်အနေဖြင့် ယင်းရက်များတွင် စာမျက်နှာဝက် သို့မဟုတ် တစ်မျက်နှာပြည့်ကို ကွက်လပ်ထားရှိပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပြုလုပ်ရသည်ကို ရှင်းပြသည့် စာသားတစ်ရပ်ကို ထည့်သွင်းပေးပါရန် နှိုးဆော်ပါသည်။

ထည့်သွင်းမည့်စာသားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“မတ်လ အလုပ်သမားနှင့်ကျောင်းသားဆန္ဒပြမှုများကို ဖြိုခွဲစဉ်တွင် သတင်းထောက်များကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ကန့်ကွက်သည့်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊နိုင်ငံတော်သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် သတင်းများကို ၃ ရက်တာ ဖေါ်ပြခြင်းပြုမည်မဟုတ်ပါ” ဆိုသည့်စာသားဖြစ်ပါသည်။

ကျွန်တော်တို့ MJN အနေဖြင့် ယခုလှုပ်ရှားမှု အပြင် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး တက်ရောက်ရန်ရှိသော မတ်လ ၂၇မှ ၂၉ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည့် IPI International Press Institute နိုင်ငံတကာမီဒီယာ ကွန်ဖရင့်သို့ ပြည်တွင်းသတင်းထောက်များ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ရန် လည်းနှိုးဆော်ပါသည်။ ယခုလို မတက်ရောက်ရန် သပိတ်မှောက်ခြင်းမှာ IPI ကိုသပိတ်မှောက်ခြင်းမဟုတ်ဘဲ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

Myanmar Journalist Network


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts