ထူးထူး(တောင်ငူ) ထိုင်ခုံလေး မမေ့နဲ့နော်
(မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၄
အခန်း (၁)
တိုင်းပြည်တပြည် အေးချမ်းသာယာဝပြောပြီး တိုးတက်နေတယ်ဆိုရင်၊ သေချာတယ် အဲ့တိုင်းပြည်ကို စီမံခန့်ခွဲပြီး၊ ဦးဆောင်နေတဲ့ခေါင်းဆောင် ကောင်းလို့။ ခေါင်းဆောင် တကယ်ကောင်းပြီဆိုရင်၊ သူမရှိလည်း အလုပ်ဖြစ်နေရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့၊ ရေရှည်ကိုကြည့်ပြီး စနစ်ကို ကောင်းအောင် အဓိက လုပ်ကြပါတယ်။ ခေါင်းဆောင်ဆိုတာကလည်း- အခြေအနေနဲ့ အချိန်အခါလိုက်ပြီး၊ အောက်လက် ငယ်သား တွေရဲ့ ခံယူချက်၊ စိတ်ဓာတ် နဲ့ အရည်အချင်းပေါ်မှာ မူတည်ပြီး လိုအပ်သလို ခေါင်းဆောင်မှုပေးတတ်တဲ့ ခေါင်းဆောင်တွေ ရှိသလို၊ တချို့ခေါင်းဆောင်တွေကျတော့လည်း အခြေအနေအချိန်အခါတွေ၊ သက်ရောက်မှုတွေကို ထည့်တွက်ဖို့ လုံးဝမစဉ်းစားဘဲ၊ သူတို့ရဲ့ ခေါင်းဆောင်မှု ပုံစံကို လည်းမပြောင်းနိုင်၊ နောက်ဆုံးတော့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အောက်လက် ငယ်သားတွေ ကိုယ်တိုင်က သူတို့ခေါင်းဆောင်ရဲ့စရိုက်နဲ့ ကိုက်ညီအောင်လိုက်ပြောင်းရတာ လည်းရှိ ကြတယ်။
နောက်တခါ၊ အဖွဲ့အစည်းရဲ့သဘောသဘာဝကိုယ်တိုင်ကလည်း ခေါင်းဆောင်မှုပုံစံကို သက်ရောက်မှု တွေရှိနေ တတ်တယ်။ ရှင်းရှင်းလင်းလင်းပြောရရင်တော့၊ စစ်တပ်ကို ဦးဆောင်အုပ်ချုပ်ရတဲ့ ခေါင်းဆောင်မှုပုံစံနဲ့ စီးပွားရေးလုပ်ငန်း(ကုမ္ပဏီ) တခု၊ ဒါမှမဟုတ် တိုင်းပြည်တပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ရတဲ့ ပုံစံခြင်း မတူ ပါဘူး။
ယနေ့လို နည်းပညာတွေအရှိန်အဟုန်ပြင်းပြင်းနဲ့တိုးတတ်နေတဲ့ခေတ်ကြီးမှာ၊ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှု တွေဟာလည်း တော်တော်လေးကို မြန်ဆန်ပါတယ်။ နောက်ပြီး၊ ပြိုင်ဆိုင်မှုတွေဟာ လည်း အင်မတန် ပြင်းထန်ပါတယ်။ ဒီလိုအချိန်မျိုးမှာ- ကိုယ့်တိုင်းပြည်ကို ဦးဆောင်မှုပေးနေတဲ့ ခေါင်းဆောင် တွေ ရဲ့အရည် အချင်းဟာတိုင်းပြည်အတွက်အလွန်အင်မတန်မှကိုအရေးကြီးပါတယ်။ သူတို့တွေ ရဲ့ ဆုံးဖြတ်ချက်တွေ သာမှားယွင်းခဲ့မယ်၊ ဒါမှမဟုတ် သူတို့တတွေ တွေဝေနေမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံဟာနောက်ကျ ကျန်နေခဲ့ မှာ အသေချာပါပဲ။
အခန်း (၂)
စာရေးသူနားလည်တာကတော့- စစ်တပ်ဆိုတာ တသွေးတသံ တမိန့်။ အမိန့်နာခံမှု ဆိုတာ စစ်တပ်အတွက်တော့ အလွန်ကိုအရေးကြီးပါတယ်။ အထက်ကပေးလိုက်တဲ့ အမိန့်ကို အောက်လက် ငယ်သားကတွေက ဘာမှ စောဒကတတ်လို့မရပါဘူး။ ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ကြားဖူးနေတဲ့ စကားလေးတခွန်းက သက်သေပါပဲ။ ဆိုလိုတာက စစ်တပ်မှာ ဆက်ဆံရေး (Communication) က အပေါ်မှ အောက်သို့ ဆိုတဲ့တလမ်းသွား ဆက်ဆံရေးပဲရှိပါတယ်။ ဒီဆက်ဆံရေးနဲ့အသားကျပြီး၊ ဒါကိုအရိုးထဲအထိ စွဲနေတဲ့စစ်ဗိုလ်တွေကို၊ မြန်မာ့နိုင်ငံရေးအပြောင်း အလည်း၊ တနည်းအားဖြင့်- ဒီမိုကရေစီကို ဖော်ဆောင်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် မှာ လွှတ်တော်ထဲမှာ ၀င်ရောက်ငိုက်မြည်းခွင့်ရအောင်၊ ၂၀၀၈ နာဂစ်အခြေခံဥပဒေ ကို အမြော်အမြင် ရှိရှိ ရေးဆွဲပေးခဲ့တဲ့ စာဖတ်နေသူကြီးဟာ တော်တော်လေးကို လေးစားကြည်ညိုထိုက်သူကြီး မဟုတ် ပါလား ….. တိုင်းပြည်အပေါ်မှာ စေတနာတော်တော်ထက်သန်တဲ့ ပုဂ္ဂိုလ်ကြီးဆိုလည်း မမှားနိုင် လောက်ပါဘူး။
ဒီမိုကရေစီနိုင်ငံတွေမှာတော့ အပေါ်အောက်ဆက် ဆံရေးလမ်းကြောင်း တခုတည်းနဲ့ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အားလုံးဟာတန်းတူညီမျှအခွင့်အရေးအပြည့်ရှိတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တွေ ရှိတယ်။ ပေါင်းသင်းဆက်ဆံရေး (Communication) လမ်းကြောင်းတွေကလည်း အပေါ်မှအောက်သို့ ဆိုတဲ့ (Top – down) လမ်းကြောင်းတခုတည်းနဲ့ သိပ်အသုံးမတည့်တော့ပါဘူး။
ဒီမိုကရေစီကိုဖော်ဆောင်နေပါတယ်ဆိုတဲ့လွှတ်တော်ထဲမှာ တသွေးတသံ၊ တမိန့်နဲ့ အသားကျနေတဲ့၊ ဦးနှောက်အဆေးခံထားရတဲ့ ပုဂ္ဂိုလ်များ၊ ပြည်သူကရွှေးချယ်ခန့်အပ်ထားတာမဟုတ်ဘဲ၊ အခန့်သား မရှက်မကြောက်ဝင်ငိုက် နေတဲ့ စစ်ဗိုလ်တွေဟာ၊ တနည်းအားဖြင့် မျက်နှာအတော်ပြောင်ရဲတဲ့ သူတွေ ပါ။ ဒီလိုလူတွေကို လေ့ကျင့်မွေးထုတ်ပေးလိုက်တဲ့ သူတို့ရဲ့ခေါင်းဆောင် စာဖတ်နေသူကြီးသာဆိုရင် စဉ်းစားသာကြည့်ပေါ့ ဘယ်လောက်များ မျက်နှာပြောင်လိုက်မလဲဆိုတာ…..
အခန်း (၃)
စာဖတ်နေသူကြီး ဆယ်နှစ်ကျော်အချိန်ယူပြီး၊ ရေးဆွဲပေးလိုက်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာပေါ်မှာ ပြင်ဆင်ဖို့အခက်ခဲဆုံး အခြေခံဥပဒေ။ သူ ဒီအခြေခံဥပဒေကိုရေးဆွဲနေတုန်းမှာ သူနဲ့ သူ့မိသားစုဝင်တွေ၊ သူ့တပည့်တပန်း စစ်ဗိုလ်တွေဟာ အိပ်မက်တောင်မမက်ဘူးခဲ့လောက်တဲ့ ချမ်းသာသုခ ရတနာပုံ ဆိုက်အောင် လမ်းကြောင်းဖေါ်ဆောင် ပေးခဲ့သူ၊ ကျေးဇူးရှင်ကြီး ပေါ့။
သူ အုပ်ချုပ်ခဲ့တဲ့ စာရေးသူတို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာထိပ်ဆုံးကပဲ- ကင်ဆာအဖြစ်အများဆုံး နိုင်ငံအဖြစ် ….. သူ့ကျေးဇူးကြောင့်ပဲ၊ အရှေ့တောင်အာရှမှာ မြန်မာက ဘွဲ့ရ ပညာမတတ် အလုပ်လက်မဲ့ လူငယ် အများဆုံးရှိတဲ့နိုင်ငံ စာရင်း ၀င်ခဲ့တယ် ….. သူပေါ့….. မြန်မာ့ပညာရေးမြင့်မားလာအောင် တမြို့မှာ တက္ကသိုလ်တခုဆောက်ပေးခဲ့တာ …..
သူ့ကျေးဇူးတွေက ဆယ်နှစ်ဆယ်မိုးပြောရင်တောင်မှပြောပြလို့ ကုန်နိုင်ဖွယ်မထင်ဘူး။
ဒါကြောင့် လည်း အမတ်မင်းတပါးက စာဖတ်နေသူကြီးသာဆုံးပါးသွားခဲ့ရင်- အဲ့နေ့ကို စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေ ပိတ်ပြီး၊ အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ဖို့၊ အစိုးရဋ္ဌာနတိုင်းမှာ နိုင်ငံတော်အလံကို တဝက်တိတိလွှင့်ထူပြီး ၀မ်းနည်းကြောင်းအသိအမှတ်ပြုဖို့၊ နောက် စာဖတ်နေသူကြီးရဲ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် စီစဉ်ဆောင်ရွက်ဖို့ လွတ်တော်မှာ အဆိုတင်သွင်းသွားမယ်လို့ သူ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပြောခဲ့ပါတယ်…..
စာရေးသူရဲ့အမြင်ကတော့- ဒီလောက်လေးနဲ့တော့ မလုံလောက်သေးဘူးလို့ထင်ပါတယ်။ တိုင်းပြည် အပေါ်မှာ ဒီလောက် စေတနာ၊ မေတ္တာအပြည့်နဲ့ ပြည်သူတွေကမ္ဘာ့အလည်မှာ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားလာအောင် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တဲ့၊ မြန်မာပြည်မှာစစ်ဗိုလ်တွေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေဖြစ်အောင်၊ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက် စားမကုန်၊ ချမ်းသာ ကြွှယ်ဝအောင် စီမံခန့်ခွဲပေးခဲ့တဲ့ အဆိုပါ ပုဂ္ဂိုလ်ကြီး သာ ဆုံးပါးသွားခဲ့ရင်၊ အဲ့နေ့မှာ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း၊ မြင်းစောင်းမကျန်၊ မြို့တိုင်းရွာတိုင်း လမ်းထိပ်တိုင်းမှာ စတုဒီသာအလှူများ၊ ပျော်ပွဲရွှင်ပွဲများ၊ မိုးပျံဗူပေါင်းများ လွတ်တင်ကာ၊ သံပုံးတီးပြီး ဂုဏ်ပြုသင့်တယ်လို ထင်ပါတယ်။
နောက်ပြီး၊ သူ့ရုပ်အလောင်းနဲ့အတူ သူ ဆယ်နှစ်ကျော်အချိန်ယူပြီး စီစဉ်ရေးဆွဲခဲ့တဲ့ စာအုပ်အစိမ်းကြီးရယ်၊ သူ့သဘောနဲ့သူပြောင်းခဲ့တဲ့ (သူများတွေကတော့ သူ ခိုးခဲ့တဲ့အလံ လို့ပြောတာပဲ) အလံပါ သူနဲ့အတူ သဂြို င်္ဟ်တဲ့အထဲ တခါတည်း ထည့်ပေးလိုက်ဖို့ လွှတ်တော်မှာ အဆိုတင်သင့်တယ်လို့ထင်ပါတယ်။
သြော်- သူထိုင်ခဲ့တဲ့ စစ်ရုံးက ခုံလေးကိုလည်း တခါတည်း မမေ့မလျှော့ထည့်ပေးလိုက်ဖို့ လွှတ်တော်မှာ ပြည်သူ့ကိုယ်စား အမတ်မင်းကြီးရယ် ပြောပေးပါ….. သူက ခုံအရမ်းကြိုက် လို့ပါ ဗျာ။
ထူးထူး (တောင်ငူ)