Poems ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – သမိုင်းစစ်စစ်များအကြောင်း

သမိုင်းစစ်စစ်များအကြောင်း
ရဲရင့်သက်ဇွဲ
ဇူလိုင် ၈၊ ၂၀၁၄
Graphic Design Aung Htet
 
ကြယ်ကြွေညများ
အသက်မကုန်သရွေ့
ကြုံတွေ့ နေရဦးမယ် …။

ညဟာ ……
တိတ်ဆိတ်သယောင်
မာယာကျော့ကွင်းကိုထောင်လို့ 
အမဲလိုက်သူများရဲ့ရင်ထဲ
(သူတို့အထင်)
ကြောက်စိတ်ကို ရဲဆေးတင်ဆိုပေမယ့်
ဒါဟာ ….
စနက်တံဖြုတ်ထားတဲ့
လက်ပစ်ဗုံးတလုံးသာဖြစ်တယ် ….။

တိတ်ဆိတ်မှုတို့ပြိုကွဲ
ပေါက်ကွဲ မြည်ဟီးသံထဲက
ယမ်းခိုး ယမ်းငွေ့ ကြားက
သွေးနံ့  ညှီနံ့  စွန်းထင်းပေကျန်
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ
နံရံပေါ်က သွေးနဲ့ ရေးခဲ့မှတ်တမ်း
မျိုးဆက်သစ် ကျောင်းသားထုအတွက်
တပ်လှန့်သံပဲဖြစ်တယ် …။

အနှေးပြကွက်များ တကွက်ပြီးတကွက်
နာကျည်းကြေကွဲဘွယ်ရာများ
တလက်ပြီးတလက်
သယ်ဆောင်ထမ်းရွက်ခဲ့ကြသော
ဆဲဗင်းဇူလိုင်စိတ်ဓာတ်များ
ရွှေရည်သွန်းလောင်း
နှစ် ၅၀ တောင်ကြာခဲ့ပြီပဲ …

ဒါဟာ ….
တိုက်ပွဲတွေ နိုင်အောင်မတိုက်နိုင်ခဲ့တဲ့
မျိုးဆက်ဟောင်းကြီးတယောက်ရဲ့
ငိုရှိုက်သံပဲပြောပြော …..
သူ့တိုင်းပြည်က ကျောင်းသားထုကြီးကို
ချစ်တဲ့စိတ်ကလျှံကျလာတဲ့ ဝေဒနာ
သေရွာမသွားခင် ခဏ
ဆဲဗင်းဇူလိုင်စိတ်ဓာတ်ရဲ့
သမိုင်းစစ်စစ်တွေအကြောင်း
ပြန်ပြောင်းပြောပြနေတာပါ….။

(ဆဲဗင်းဇူလိုင် စိတ်ဓာတ်အဓွန့် ရှည်စေသော်ဝ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts