Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – အမျိုးသမီးအဆိုတော် ၁၂ ဦးရဲ့ စင်မြင့်ဖျော်ဖြေပွဲ

အမျိုးသမီးအဆိုတော် ၁၂ ဦးရဲ့ စင်မြင့်ဖျော်ဖြေပွဲ
ရန်နောင် (ဗိုလ်တထောင်)
မေ ၁၄၊ ၂၀၁၄

 

နာမည်ကျော် အမျိုးသမီးအဆိုတော် ၁၂ ဦးရဲ့ The Dozen Ladies Music Concert လို့ အမည်ရတဲ့ စင့်မြင့်ဖျော်ဖြေပွဲတခုကို ရန်ကုန်၊ အလုံမြို့နယ်အတွင်းမှာရှိတဲ့ Myanmar Event Park မှာ မေလ ၁၁၊ ၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ထိုဖျော်ဖြေပွဲတွင် မေဆွိ၊ မေခလာ၊ ကော်နီ၊ ထွန်းအိန္ဒြာဗို၊ ရှင်ဖုန်း၊ တင်ဇာမော်၊ ဝိုင်းစုခိုင်သိန်း၊  အိုင်ရင်းဇင်မာမြင့်၊ ရေဗက္ကာဝင်း၊ နီနီခင်ဇော် ၊ ချစ်သုဝေ၊ ချမ်းချမ်း တို့က တမူထူးခြားစွာ သီးသန့်ဖျော်ဖြေခဲ့ကြပါတယ်။

ပွဲလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ဦးဆောင်သူ အဆိုတော်မေဆွိက မေခလာနှင့် နှစ်ယောက်တွဲဆိုဖြစ်ကတည်း သည်လိုပွဲမျိုးလုပ်ဖို့ စဉ်းစားဖြစ် ခဲ့ကြောင်း၊ ယခုပွဲလုပ်သည့်နေ့သည်လည်း အမေများနေ့နှင့် တိုက်ဆိုင်နေသည့်အတွက် မိခင်များအား ဂုဏ်ပြုလိုက်ရပါကြောင်းကို ပြော ကြားခဲ့ပါတယ်။

ဒီပွဲအတွက် တီးခတ်မှုအပိုင်းဘက်ကို ဥက္ကာဦးသာ (ကီးဘုတ်)၊ ပါဆယ် (ဒရမ်)၊ အောင်သူ (လိဒ်စ်)၊ ကျင်ခမ်းဖုန်း (ဘေ့စ်)၊ နေသစ်မိုး (ပကားရှင်း)၊ ချမ်းဟိန်းကြွယ် (တယော) တို့ ပါဝင်တဲ့ Plus Three Band အဖွဲ့ တီးခတ်ပေးခဲ့တာဖြစ်ပါတယ်။ ဟာမိုနီအတွက်ကတော့ Ever Glades အဖွဲ့မှ ကူညီသီဆိုပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ပွဲလာကြည့်သူ ပရိတ်သတ်တဦးက အန်တီက သူငယ်ချင်းတွေနဲ့ လာကြည့်တာပါ။ တောင်ဥက္ကလာကပါ။ ဒီပွဲလာကြည့်ဖို့ ဂျာနယ်တွေမှာ ဖတ်လိုက်ရကတည်းက လာကြည့်ချင်နေတာပါ။ သားတွေကတော့ အဖွားကြီးတွေဆိုတဲ့ ပွဲဆိုတော့ မလာချင်ဘူးလေ။ အခုတော့ ပွဲလေးက အရမ်းကြည့်လို့ကောင်းတာပဲဟု ပြောပြခဲ့ပါတယ်။

အဆိုပါပွဲဝင်ကြေး လက်မှတ်များကတော့ နှစ်သောင်း ၊ တသောင်းနှစ်ထောင်နှင့် ငါးထောင်တို့ဖြစ်ပြီး လာကြည့်သူ ပရိတ်လည်း များပြားခဲ့ပါတယ်။

အဆိုတော်ကြီးနှင့် အဆိုတော်ငယ်တွေရဲ့ ဖျော်ဖြေပွဲဖြစ်သည့်အတွက် လာရောက်ကြည့်ရှုသူပရိတ်သတ်များတွင်လည်း ကြီးငယ်ရွယ်လတ် စုံလင်သည်ကိုလည်း တွေ့ရပါတယ်။  The Dozen Ladies Music Concert ကို ည ၁၁ နာရီခွဲမှာတော့ အောင်မြင်စွာနဲ့ အဆုံးသတ်ခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts