အုန်းနိုင်
မေ ၄၊ ၂၀၁၄
စုနိုင်မှချမ်းသာမည်
ရွေးကောက်ပွဲက ၁၉၉ဝ ပြည့်မေလမှဆိုတော့ အခုဆိုရင် တစ်လကျော်လောက်ပဲ လိုတော့တာမို့ ရန်ကုန်အဖွဲ့ချုပ်ရုံးမှာရော..၊ မြို့နယ် အသီးသီးမှာရော ပင်နီအင်္ကျီယောလုံချည်..။ ဒါမှမဟုတ်ရင်.. ကချင်လုံချည်နဲ့ ခမောက်ဆောင်းထားတဲ့ အမျိုးသားအမျိုးသမီး စည်းရုံးရေး ဆင်းတဲ့ အုပ်စုများကို ဟိုနေရာ ဒီနေရာတွေမှာ တွေ့ နေရပါတယ်…။ အသံချဲ့စက် သိပ်မသုံးကြပေမယ့် ကက်ဆက်သံတွေကြားရပြီး ..စည်းရုံးရေးသီချင်းသံတွေ ကို..နေရာအတော်များများမှာ..ကြားနေရပါပြီ..။ ရန်ကုန်တိုင်းက “စုနိုင်မှချမ်းသာမည်” ..ဆိုတဲ့ ဆောင်ပုဒ်ကို သီကုံးစပ်ဆိုထားတဲ့သီချင်းကိုလည်းကြားရလို့ ဘယ်အဖွဲ့က စပ်တာလဲ..။ ဘယ်မှာရနိုင်သလဲ..။ မေးရ..စုံစမ်းရပါတယ်…။ အပြေးအလွှား သည်းသည်းမည်းမည်းရှာတော့မှ ဗဟိုလူငယ်က မိုးဇော်ဦး အကူအညီနဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ရဲ့  စည်းရုံးလှုံ့ဆော်ရေး တေးသံချပ်များ
ရပါတယ်..။ တခြားသံချပ်တွေကို အပြည့်အစုံ အေးအေးဆေးဆေး နားမထောင်နိုင်သေးပါ…။
‘စုနိုင်မှချမ်းသာမည်’ သီချင်းပါ မပါဖွင့်ပြီး နားထောင်ကြည့်ရပါတယ်။
(သဘောလှယဉ်သူ၊ မနောကစဉ်ဖြူ ပြည်သူသိပါသည်…)၂
(ခွပ်ဒေါင်းမာန်နဲ့ တပ်ဦးကချီ…)၂
ပြည်သူအကျိုးတရား တိုးပွားစေရန်ရည်…
(ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သည်…)၂
ပြည်သူသဘောထား၊ လေးစားနာယူ၊ အောင်လံထူလွှင့်မည်…
(စုနိုင်မှ ချမ်းသာမည်…စုနိုင်မှ ကြီးပွားမည်… စုနိုင်မှ တိုးတက်မည်… စုနိုင်မှ ငြိမ်းချမ်းသာမည်…
(ယုံယုံကြည်ကြည်)၂ တို့အားလုံးယုံကြည်…)၂
(ဘေးပြောတာကိုတို့ မယုံကြည်…သွေးပြောတာကို တို့ယုံကြည်…)၂
(အောင်ဆန်းသွေးကို တို့ယုံကြည်)၂
ပြည်သူအားလုံး တခဲနက်ထောက်ခံမည်
သီချင်းရေးတဲ့ သူတော့ဘယ်သူလဲ မသိရသေးပါ..။ ဒါပေမယ့် သီချင်းရဲ့ စာသားနဲ့ သံစဉ်ဟာ အပိုအလိုမရှိ တိတိကျကျဖြစ်တဲ့အပြင် တစ် ခေါက် နှစ်ခေါက်နားထောင်လိုက်ရုံနဲ့ လိုက်ဆိုလို့ရနိုင်လောက်အောင် စပ်ဆိုထားတာမို့ လူကြိုက် များလှပါတယ်..။ ကြည့်မြင်တိုင်က ကိုဘကောင်းဘကီးအိမ်မှာတောင် စန္ဒယားချစ်ဆွေတို့..၊ မြတ်လေးတို့ကိုယ်တိုင်က နောက်လူတွေက သူတို့ထက်သာသွားပြီလို့ ပြောနေ ကြောင်းကြားရပါတယ်..။ ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်တေးများကတော့ အများအပြားပဲထွက်လာလို့ မန္တလေးဘက်ကလာမယ့် အခွေ များကို စောင့်ရင်းနဲ့ မကြာမီထွက်မယ့် သတင်းလွှာကိုလည်းစောင့်ရင်း …ရန်ကုန်မှာ ရက်ကြာနေပြန်ပါတယ်..။ ဒီရက်တွေအတွင်းမှာ ထွက်တဲ့သတင်းလွှာများကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံနဲ့ပါပဲ။ မြို့ နယ်အသီးသီးရဲ့ လှုံ့ဆော်ပိုစတာများကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ပုံပါပဲ..။ ဒီရွေးကောက်ပွဲဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ရွေးချယ်တင်မြှောက်ပွဲကော်မရှင်က ဗဟန်းမြို့နယ်ကိုယ် စားလှယ်အဖြစ် အရွေးခံခွင့်မပြုခဲ့ပေမယ့် ..တစ်ပြည်လုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အရွေးခံတာပဲဆိုတာ သိသာထင်ရှားလှပါတယ်..။
ဒီအထဲမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ “ငုနဲ့ပိတောက် နွေမှာလှိုင်မည်…. စုနဲ့ခမောက် မေမှာနိုင်မည်..” ဆိုတဲ့ ဆောင်ပုဒ်ကလည်း အခြေအနေနဲ့ ကိုက်ညီလှပါတယ်..။ တကယ်လည်း ဒီနှစ်မှာ ပိတောက် တအား ပွင့်ပါတယ်…။ ငုကတော့ ပြောမနေနဲ့တော့..။ တကယ့်ကို ငုနဲ့ပိတောက်နွေ မှာလှိုင်တဲ့ နှစ်ပါပဲ…။ ရန်ကုန်ကမပြန်ခင်ရက်များမှာပဲ ဒေါ်မြင့်မြင့်ခင်နဲ့ ဒေါ်စန်းစန်းနွဲ့ တို့အဖမ်းခံရတာက လွတ်မြောက်လာလို့ ဝမ်းသာရ
ပြန်ပါတယ်.။ သာယာဝတီ ဒေါ်စန်းစန်းနွဲ့ ကို ပဲခူးတိုင်းရဲ့  စည်းရုံးရေးမှူးအနေနဲ့ သိထားသူမို့ သူရုံးကိုအလာမှာ ဝမ်းသာအားရ နှုတ်ဆက်ရပါတယ်..။ သတင်းလွှာမှတ်တမ်းခန်းထဲမှာ ..တွေ့ ရတာပါ..။ ဒေါ်မြင့်မြင့်ခင်ကတော့ ရုံးကို မလာသေးပါဘူး..။ အနားယူနေတယ် နဲ့ တူပါတယ်..။
ကျနော်က အဖွဲ့ ချုပ်ရုံးမှာ အမြို့ မြို့  အနယ်နယ်ကထွက်တဲ့ရွေးကောက်ပွဲလှုံ့ဆော်တေး အခွေများစောင့်ဝယ်နေတော့ အိမ်မဲကိုယ်စားလှယ် ဦးတင်ထွတ်က ပြောပါတယ်…။ ကျောင်းသားတုန်းကလို ဒိုးပတ်ဝိုင်းလုပ်ပြီး ဒိုးပတ်သံဆန်းတစ်ခွေလောက် လုပ်ပါလားဗျ…တဲ့။ တက္ကသိုလ် မှာ ၁၉၅ဝ ခုနှစ်နောက်ပိုင်း သူက ရာသက်ပန်ကျောင်းထုတ်ခံရချိန်မှာ.. ကျနော်က ဒိုးပတ်ဝိုင်းတွေနဲ့လှုံ့ဆော်ပြီး အောက်တိုဘာ ကျောင်း တစ်လပိတ်ရေး လှုပ်ရှားမှုမှာပါခဲ့ကြတာကို အမှတ်တရပြောတာပါ…။ ဒါပေမယ့် ကိုယ်ကငယ်ငယ်တုန်းကလောက် မသွက်တော့ဘူး..။ ဒါကြောင့် သူပြောတာကို ရယ်ပြီးပဲနားထောင်နေလိုက်ရပါတယ်..။ ။