ရသဆောင်းပါးစုံ အုန်းနိုင်

အုန်းနိုင် – စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၁)

စစ်အစိုးရလက်အောက်မှ ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ (၁၁)
အုန်းနိုင်
ဧပြီ ၇၊ ၂၀၁၄ 

ပြည်မြို့ နယ်က ကိုယ်စားလှယ်လောင်းတစ်နေရာ
၁၉၉ဝပြည့်၊ ဇန်နဝါရီလဆန်းတော့ ပြည်မြို့ နယ်စု အစည်းအဝေးကျင်းပပါတယ်။ ဒီအစည်းအဝေးကိုတော့ တိုင်းစည်းအနေနဲ့ ဦးပိုက်ခြုံ ပဲ လာပါတယ်..။ သူက ပြည်ဇုံက ရွှေတောင်မြို့နယ်မှာ ကိုယ်စားလှယ်လောင်းတစ်နေရာ  ဗဟိုကချပေးလို့ ရထားတယ်…။ နောက်  တိုင်း စည်းတစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးမောင်အေးကတော့ ပေါင်းတည်မြို့ နယ်အတွက် ဗဟိုကလျာထားခံရဖူးတဲ့ ကုန်သွယ်ရေးဝန်ကြီးဟောင်း  ဦးစံဝင်းနဲ့အတူ သာယာဝတီမြို့ နယ်အတွက် ကိုယ်စားလှယ်လောင်းများဖြစ်နေလို့ ဒီဘက် (ပြည်ဇုံဘက်) ကို  မလှည့်နိုင်တော့ပါ..။

မြို့နယ်စု အစည်းအဝေးတက်တော့မှာ ပြည်မှာပြဿနာဖြစ်နေပုံကို စေ့စေ့စုံစုံ သိရတော့တယ်။ ဒါကြောင့်လည်း ပြည်မြို့ကို  တိုင်းက စိတ် မချဖြစ်နေတယ်..။  ပြည်မှာ မဲဆန္ဒနယ်မြေနှစ်ခုရှိတဲ့အနက် အမှတ် (၂) မဲဆန္ဒနယ်မြေမှာတော့ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ဦး သောင်းစိန်ကို လျာထားနိုင်ခဲ့ပေမယ့် ..အမှတ် (၁) မဲဆန္ဒနယ်မြေမှာတော့ ဗဟိုက ဗိုလ်မှူးဟောင်းသိန်းဇံကို လျာထားပါတယ်။ ဒေသခံတွေ က  ဒေါက်တာခင်မောင်ဝင်းကို လိုလားပါတယ်။ ဗဟိုကလိုလားတဲ့ ဗိုလ်မှူးဟောင်းသိန်းဇံဆိုတာကလည်း ဒေသခံပါပဲ။ ဒါပေမယ့်  ဖြစ်ပုံက အရင်ကျနော် ဖော်ပြခဲ့ပြီးဖြစ်ခဲ့တဲ့ ပြည်မြို့ နယ်ရဲ့ မရှင်းမရှင်း ပြဿနာပါ။ ဒါကို ကျနော်သိရသလောက် တင်ပြပါမယ်…။

ဗဟိုမှာ ၁၉၈၈ ခု စက်တင်ဘာလ (၂၇) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စတင်ဖွဲ့ စည်းပြီးတာနဲ့ တပြိုင်နက်ပဲ   ပြည်မှာလည်း  ပြည် မြို့ နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဆိုင်းဘုတ်တင်တော့ နှစ်နေရာဖြစ်ပြီး မြို့ နယ်အဖွဲ့ ဝင်စုဆောင်းရေးကော်မတီ  နှစ်ခု ဖြစ်ပါတယ်…။

ပေါင်းတည်ကို အောက်တိုဘာလကုန်ပိုင်းမှာ ဗဟိုက ပထမဆုံးဆင်းလာပြီး နောက်တစ်နေ့မှာ ပြည်ကို ဆက်သွားပါတယ်..။ ပြည်က  ဆိုင်း ဘုတ်နှစ်ခု၊ စည်းနှစ်ဖွဲ့ ကို စေ့စပ်ပေးပါတယ်..။ အဲဒီအဖွဲ့ မှာ  ဦးခင်မောင်မောင်  (ဦးအောင်ကြီးအဖွဲ့)၊ ဗိုလ်မှူးကြီးဟောင်း လှမော် (ဦးတင် ဦးအဖွဲ့ )..၊ ဦးကိုယု (ဒေါ်အောင်ဆန်းစုကြည်အဖွဲ့) တို့  ခေါင်းဆောင်ပြီး   ကျန်တဲ့အဖွဲ့ဝင်တွေကလည်း အားကောင်းပါတယ်။ ရန်ကုန်တိုင်း မှူးဟောင်း ဗိုလ်မှူး မင်းညီတို့၊  မောင်ဝံသတို့၊  ဦးတင်ထွတ်တို့ ပါပါတယ်။ စေ့စပ်ညှိနှိုင်းရာမှာ အောင်မြင်တယ်လို့ ပြောရပါမယ်..။ စည်း တစ်ဖွဲ့ တည်းဖြစ်ဖို့  ဟိုဘက်က နည်းနည်းဖြုတ်၊ ဒီဘက်က နည်းနည်းဖြုတ်နဲ့ နောက်ဆုံး တစ်ခုတည်းသော မြို့ နယ်အဖွဲ့ ဝင်ကောက်ခံရေး အဖွဲ့ ရပါတယ်..။ ညစာစား လူစုခွဲပြီး ကာဖြူးရှိလို့ ရောက်ရာနေရာမှာပဲ  စကားပြောပြီး အိပ်ဖို့လုပ်တုန်း နေ့ခင်းက သဘောတူထားတဲ့မြို့ နယ်ကော်မတီမှာ နှစ်ယောက်အစားသွင်းပေးဖို့ တယ်လီဖုန်းနဲ့ တင်ပြလာပါတယ်။ ဒါကို  မနက်  လူစုံတွေ့တော့မှ ထပ်ဆွေးနွေးမယ်လို့ ဦးလှမော်တို့အုပ်စုက ယာယီလက်ခံထားတယ်။ အဲဒီညမှာပဲ ရေဒီယိုသတင်းမှာ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဖွဲ့ စည်းပြီး ရွေးကောက် ပွဲကော်မရှင်မှာ မှတ်ပုံတင်တယ်ဆိုတာ ကြေညာတော့ မနက် ၆ နာရီရထားနဲ့ ဗိုလ်မှူးကြီးလှမော်တို့ ရန်ကုန်ပြန်ရတယ်။ ဒီကိစ္စ တန်းလန်း ဖြစ်နေတယ်….။

နောက်မကြာခင်ပဲ   အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုမှာ.. ဦးအောင်ကြီး ပြဿနာပေါ်ပါတယ်။ ဒီအချိန်မှာ ဦးအောင်ကြီးနဲ့ ကွဲတာမဟုတ်ပါဘူးလို့   ပြည်မြို့ နယ်က ကြေညာချက်ထုတ်တယ်။ အနီးမြို့ နယ်တွေကို ကြေညာချက်  ဝေတယ်။ လူငယ်အချို့ ကို   ဦးအောင်ကြီးဆီ လွှတ်တယ်စသဖြင့် ရှုပ်ရှုပ်ထွေးထွေးတွေဖြစ်ပြီး စည်းကော်မတီနှစ်ယောက်က  ထွက်စာတင်တယ်။ အဲဒီ  ထွက်စာတင်တဲ့ စည်းကော်မတီ  နှစ်ယောက်နဲ့ 

အရင်ပြဿနာတန်းလန်းဖြစ်နေတဲ့ ကော်မတီဝင်နှစ်ယောက်ဟာ အတူတူပဲလားဆိုတာတော့ ကျနော်မသိဘူး။ ဒါပေမယ့် သုံးလပိုင်း (မတ် လ) မှာတော့ နှုတ်ထွက်တဲ့ စည်းကော်မတီတွေက သူတို့နှုတ်ထွက်လွှာကို  ပြန်ပြီးရုတ်သိမ်းတယ်။ ရုတ်သိမ်းကြောင်းကို…ဥက္ကဌ ဦးတင်ဦး ဆီအထိ ပို့တယ်။ ဦးတင်ဦးက  ဒီနှစ်ယောက်ကို ပြန်လက်ခံဖို့ပြောတယ်..။ မြို့ နယ်စည်းကလည်း လက်မခံပဲ  ထုတ်ပယ်တယ်။ အဲဒီ  ထုတ်ပယ်တဲ့ကိစ္စကို ဗဟိုအထိတင်တော့ ဦးတင်ဦးက  ဒါကိုအတည်ပြုမပေးပဲ သူ့လက်ထဲမှာပဲ ထိန်းထားတယ်။ အဲဒီကိစ္စကို ဇူလိုင်လ ဆန်းထဲမှာ ကျနော်တက္ကသိုလ်ရိပ်သာလမ်းအဖွဲ့ ချုပ်ရုံးကိုရောက်ခိုက် ဦးကိုယု အကြမ်းဖျင်းပြောပြလို့ သိရတာပါ။ ဦးကိုယုကတောင်  ကျ နော့်ကို မှာသေးတယ်…။

ပြည်ကဦးသောင်းစိန်တို့ကို ပြောလိုက်ပါ…။ ဒီနှစ်ယောက်ထုတ်ပယ်ထားတာကို ဥက္ကဌကြီးက (pending) ဆိုင်းထားပေမယ့် အတည်သာ ပြုလိုက်ပါလို့  မှာပါတယ်..။ ကျနော်က စာထွက်လိုက်ပါလားလို့ပြောတော့ …သတင်းပါးတာပါ…။ စာထွက်မယ်လို့  ပြောပါတယ်။ အဲဒီလို တွေဖြစ်ပြီး   ဇူလိုင်၂ဝ ရက်မှာ ဦးတင်ဦးကိုလည်းဖမ်း..၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျယ်ချုပ်ထား..၊ ဦးကိုယုလည်း ရှောင်တိမ်း နေရဆိုတဲ့အချိန်မှာ ဗဟိုက ဦးချစ်ခိုင်လက်မှတ်ထိုးပြီးထုတ်တဲ့ ကြေညာချက်အမှတ် (၉) မှာတောင် ဒီကိစ္စအတွက်  ထည့်သွင်းကြေညာ ခဲ့သေးတယ်…။ မြို့နယ်နဲ့   တိုင်းအသီးသီးမှာ အကြောင်းကြောင်းကြောင့် အရေးယူ  ထုတ်ပယ်ခဲ့ထားရတာတွေရှိပြီး ဗဟိုက အတည်ပြုချက် မရသေးတဲ့သူတွေကို ပြန်လက်ခံရမယ်ဆိုတဲ့ အချက်ပါ။

အခုတော့  ရွေးကောက်ပွဲမှာ ပြည်မဲဆန္ဒနယ်အမှတ် (၁) အတွက် ဗဟိုကလျာထားတဲ့  ဗိုလ်မှူးဟောင်းသိန်းဇံက  အဲဒီလိုပြဿနာတွေ နဲ့ ပတ်သက်နေတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့   မဲဆန္ဒနယ်တချို့က မကျေနပ်ဘူး။ ဒီတော့ ပြဿနာကကြီးလာပြီး မဲဆန္ဒနယ်တချို့ကလိုလားတဲ့  ဒေါက် တာခင်မောင်ဝင်းက တသီးပုဂ္ဂလအနေနဲ့ ၀င်အရွေးခံတယ်။ ဒီတော့ ပြည်မဲဆန္ဒနယ် (၁) ဟာ အောင်နိုင်ရေး စိတ်မချရတဲ့နယ်မြေဖြစ်လာ တယ်။ နောက်ပိုင်းရွေးကောက်ပွဲကျတော့လည်း   ဗိုလ်မှူးဟောင်းသိန်းဇံက  မဲ (၁၂၂၂၉) မဲ၊ ဒေါက်တာခင်မောင်ဝင်းက (၆၁၆၁)  မဲနဲ့  မဲကွဲသွားတော့ ….တစညဦးမောင်အုန်းက (၁၄၈၅ဝ)  မဲနဲ့ ကပ်နိုင်သွားတာပေါ့…။ မဲဆန္ဒနယ်မြေတစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်  ရှုံးသွားပါတယ်…။ ဒါကလည်း..ပြည်မြို့က သက်ဆိုင်သူတချို့က ပြောပြလို့  သိခဲ့ရတဲ့အချက်တွေပါ…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts