ရသဆောင်းပါးစုံ

မင်းကောင်းချစ် – ကြယ်ငါးလေးတစ်ကောင် ပစ်ရအောင်

ကြယ်ငါးလေးတစ်ကောင် ပစ်ရအောင်
မင်းကောင်းချစ်
ဧပြီ ၇၊ ၂၀၁၃

စစ်သံခွာအောက်မှာ ရာစုနှစ်ဝက်ကျော် သေလုမျှောပါး ရုန်းကန်ရှင်သန်ခဲ့ရတဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ ခေတ် ဆိုးခေတ်ပျက်ကြီးက သက်ရောက်ကူးစက်ခဲ့တဲ့ ဆိုးကျိုးတရား မြောက်များစွာရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေထဲမှာ တာဝန်မဲ့ ပြုမူပြောဆို၊ နေ ထိုင်ရယူလိုတဲ့ အချောင်သမားစိတ်ဓာတ်ဟာ မြွေဆိုးတစ်ကောင်ထက် အဆိပ်ပြင်းပါတယ်။ ကျနော်တို့ရဲ့အနာဂါတ်တွေကို အဆိပ်သင့် အောင်၊ ဒီမိုကရေစီခရီးကို လမ်းလွှဲအောင်ပြုနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးပါတယ်။

ပြည်သူတွေ အလိုမတူ၊ မကြည်ဖြူမှန်းသိလျှက်နဲ့ သေနတ်တွေမောင်းတင်၊ ကောင်းကင်တောင်ထောင်မပစ်၊ နှလုံးသားကိုမှ တည့်တည့် ပစ်ပြီး အာဏာယစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကစလို့ ကိုယ့်တာဝန်ကိုယ်မယူဘဲ အခွင့်ထူးခံ အချောင်နှိုက်မှတော့၊အောက်ခြေ နင်းပြား ဆင်းရဲသားအဆုံး၊ တစ်တိုင်းတစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက်၊ မိုးခါးရေကို သောက်သုံးပျော်ပါးရမ်းကားခဲ့ကြတာ မဟုတ်လား။

ရုပ်ပိုင်းပျက်ဆီးမှုထက် စိတ်ဓာတ်ပျက်ဆီးမှုက ပိုကြောက်စရာကောင်းတယ်။စစ်အာဏာရှင်တွေဟာ တာဝန်မဲ့ အချောင်သမားစိတ်ဓါတ်ကို စနစ်တကျ ပျိုးထောင်ခဲ့တယ်။ တိုင်းသူပြည်သားတွေကို ကိုယ့်တာဝန် ကိုယ်မယူရဲအောင် တာဝန်မဲ့နေတတ်အောင် အလွန်ယုတ်မာတဲ့ နည်းလမ်းမျိုးစုံသုံးပြီး နိုင်ငံရေးသားကျောဖြတ်ဖို့ ကြိုးစားခဲ့တာ သမိုင်းမှာ အထင်အရှားကျန်ရစ်ခဲ့တယ်။ နိုင်ငံရေးလုပ်ရင် ဖမ်းဆီးထောင် ချညှင်းပမ်း၊ နိုင်ငံရေးနဲ့မပတ်သက်ရဲအောင်လုပ်ထားပေမဲ့ တဖက်မှာတော့ အချောင်နှိုက်တဲ့စိတ်ဓာတ်ကို အကြီးအကျယ် ပျိုးထောင်ပေး ခဲ့တယ်။ လူသတ်ဓားမြတိုက်သူလည်း ရာထူးတက်၊ တိုင်းပြည်ဘဏ္ဍာ ခိုးဝှက်သူလည်း ကောင်းစားနိုင်တဲ့ဝန်းကျင်ကို နှစ်ရှည်လများ ဖန် တီးထားမှတော့၊ တို့နိုင်ငံလည်း စောရပြည်ဖြစ်ခဲ့တာ ဆန်းသလား။

ဗြဟ္မစိုရ်တရားတွေ၊ လောကပါလတရားတွေ တစ တစ ခမ်းခြောက်လာပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့စိတ်ဓာတ်တွေ၊ ရရင် ရသလောက်အချောင်ယူမဲ့ စိတ်ဓာတ်တွေ၊ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရတာပါဆိုတဲ့ ကိုယ့်တာဝန် ကိုယ်မသိဘဲ တာဝန်မဲ့နေလိုတဲ့စိတ်ဓာတ်တွေ၊ မလုပ်မရှုပ်၊မပြုတ်ဆိုတဲ့ အမှန်တရားကို မျက်ကွယ်ပြုတဲ့စိတ်တွေ၊ အမြီးကျက်ရင် အမြီးစား၊ ခေါင်းကျက် ရင် ခေါင်းစားဆိုတဲ့ ချိုတာလေးတွေ ရွေးစားမဲ့စိတ်ဓါတ်တွေ၊ ရောမရောက်ရင် ရောမလိုကျင့်၊ အများမိုးခါးရေသောက်ရင် လိုက်သောက်ရ မယ်ဆိုတဲ့ ဝေလေလေစိတ်ဓါတ်တွေ တို့တိုင်းပြည်မှာ ထွန်းကားကြီးစိုးလာခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီ။

တရားဥပဒေမစိုးမိုးရတဲ့အထဲ အဲ့ဒီလို စာရိတ္တယိမ်းယိုင်မှုတွေ ထွားကြိုင်းလာတော့ ဗမာပြည်တနံတလျားမှာ တနေထက် တနေ့ အနိဌာရုံ တွေ ပိုလို့ ပိုလို့ ဗွက်ထလာနေတာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းသာစရာပါ။ ဒီတော့ မြန်မာနိုင်ငံသားတိုင်းက အဲ့ဒီမကောင်းမှုနဲ့ အနိ ဌာရုံတွေ ကွယ်ပျောက်သွားစေဖို့ အကျင့်ဆိုးစရိုက်ဆိုးတွေဖျောက်ဖျက်ပစ်နိုင်ဖို့ ကိုယ်ကိုတိုင် ဘာလုပ်နိုင်သလဲလို့ ကိုယ့်ကိုကိုယ် ပြန်ဆန်း စစ်ကြဖို့ လိုပြီ။

ဒီနေရာမှာ ကြားဖြတ်လို့ “ကြယ်ငါးပစ်သူ” (The Star Thrower) လို့ အမည်ရတဲ့ ကမ္ဘာကျော်အက်ဆေးတစ်ပုဒ်ကို မျှဝေခွင့်ပြုပါ။ ဒီအက် ဆေးကိုရေးသားသူက Loren Corey Eiseley (၁၉၀၇ – ၁၉၇၇) ဖြစ်ပြီး၊ (၁၉၆၉) ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ တော်တော်များ ဖတ်ဖူးကြမယ် လို့ ထင်ပါတယ်။ ဒါပေမဲ့ မဖတ်ဖူးသေးသူတွေအတွက် တစ်ဆယ့်ခြောက်မျက်နှာရှိတဲ့ အက်ဆေးလေးရဲ့အနှစ်သာရကို စာရေးသူခံစားမိ သလို အောက်ပါအတိုင်း အတိုချုပ် ပြန်လည်ခံစားရေးဖွဲ့ပေးလိုက်ပါတယ်။

“တစ်ခါတုံးကလူတစ်ယောက်ဟာ ပင်လယ်ကမ်းခြေတလျှောက် လမ်းလျောက်လာတုန်း၊ လူငယ်လေးတစ်ဦးက ကမ်းခြေပေါ်တင်နေတဲ့ ကြယ် ငါးလေးတွေ တစ်ကောင်ပြီး တစ်ကောင်ပင်လယ်ကြီးထဲ ကြင်နာစွာပြန်ပစ်ထည့်ပေးနေတာမြင်တော့ လူငယ်လေးထံချဉ်းကပ်ပြီး “လူကလေးရေ  … ဘာတွေလုပ်နေတာလဲကွာ” လို့ မေးလိုက်သတဲ့။

“ကြယ်ငါးလေးတွေကို ပင်လယ်ထဲပြန်ထည့်ပေးနေတာပါ။ ဒီရေကျသွားပြီလေ။ နေမြင့်လာလို့မှ ပင်လယ်ထဲ ပြန်ထည့်မပေးရင် သူတို့ သေကုန်တော့မှာ” လို့ လူငယ်လေးက ပြန်ဖြေသတဲ့။ အဲ့ဒီအခါ လူကြီးက ဟက်ဟက်ပက်ပက်ရီမောလိုက်ပြီး …

“မိုင်ပေါင်းများစွာရှည်လျားတဲ့ ဟော့ဒီကမ်းခြေကြီးတစ်လျှောက်မှာ ကြယ်ငါးပေါင်းသိန်းသောင်းချီတင် ကျန်ရစ်နေတာ၊ လူကလေးက တကောင် နှစ်ကောင်ပြန်ထည့်ယုံနဲ့ ဘာမှထူးခြားမှာမဟုတ်ပါဘူး ကလေးရယ်” လို့ ပြောသတဲ့။

လူကြီးပြောတဲ့စကားကို ယဉ်ကျေးရည်မွန်စွာနားထောင်ပြီးတဲ့နောက် ကြယ်ငါးလေးတစ်ကောင်ကို ကုန်းကောက်လိုက်ပြီး လှိုင်းလုံးတွေ ကြား ညင်ညင်သာသာလေး ပစ်ထည့်လိုက်တယ်။ ပြီးတော့လူကြီးကို အေးချမ်းစွာပြုံးကြည့်လိုက်ရင်း ပြန်ပြောလိုက်တဲ့စကားကတော့ “အဲ့ဒီကြယ်ငါးလေးအတွက်တော့ ထူးသွားမှာ ဦးဦးရယ်” တဲ့။

အဲ့ဒီအက်ဆေးထဲက ကြယ်ငါးလေးတွေလိုဘဲ၊ စစ်အာဏာရှင် ဒီရေမုန်တိုင်းလှိုင်းလုံးကြီးတွေကြောင့် မြန်မာ့နိုင်ရေးကမ်းခြေ၊သဲသောင် တစ်လျှောက်မှာ အားကိုးရာမဲ့ အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေ၊ မိဘမဲ့ကလေးတွေ၊ မြေအသိမ်းခံလယ်သမားတွေ၊ လစာနဲအလုပ်သမားတွေ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေ၊ စောင့်ရှောက်သူမဲ့မိအိုဖအိုတွေ၊ ကျုးကျော်သူလို့ အသတ်မှတ်ခံရပြီး မောင်း ထုတ်ခံနေရတဲ့ မရှိတဲ့ဆင်းရဲသားတွေ၊ မြစ်ဆုံစီမံကိန်းနဲ့ အသက်ငင်နေတဲ့ဧရာဝတီ၊ ဆည်ခြောက်ခုစီမံကိန်းနဲ့ ကြိုးတိုက်ထဲက သံလွင် မြစ်၊ပျောက်ကွယ်တော့မဲ့ လက်ပံတောင်းတောင်၊ တကောင်းတောင်နဲ့ အခြားခြားသောတောင်ပေါင်းများစွာ၊ ထိမ်းသိမ်းသူမဲ့ ရှေးဟောင်း အမွေအနှစ်တွေ၊ ကလေးအလုပ်သမားတွေ၊ အသက်စွန့် အမှုထမ်းရတာနဲ့မကာမိအောင် နွမ်းပါးချို့တဲ့နေတဲ့ တပ်မတော်သားတွေ၊ ပြည် သူ့ရဲတွေ၊ ပညာသင်ကြားခွင့်မရသူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုမရသူတွေ၊ အနိုင်ကျင့်ခံရွှေ့ပြောင်းလုပ်သားတွေ၊ လူ့ငရဲကျခံနေရတဲ့ စစ်ပြေးဒုက္ခသည် သန်းပေါင်းများစွာဟာ ခေတ်ဆိုး၊ စနစ်ဆိုးကြီးရဲ့ ရိုက်ပုတ်နှိပ်စက်မှုဒဏ်ကို မချိမဆံ့ကျောကော့ပြီး ခံနေကြရတာ မဟုတ်လား။

ကြယ်ငါးပစ်တယ်ဆိုတာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။

တကယ်တော့ စာဖတ်ပရိတ်သတ်နဲ့ စာရေးသူကိုယ်တိုင် ကြယ်ငါးတစ်ကောင် အကြိမ်ကြိမ်ဖြစ်ခဲ့ဘူးသလို၊ ကိုယ်ကိုတိုင်လည်း ကြယ် ငါးပစ်သူတွေအခါခါ ဖြစ်ခဲ့ဘူးပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေထဲက အမြင်မတော်တဲ့အရာတွေ၊ မတရားမှုတွေ၊ ဒုက္ခ ရောက်နေသူတွေ၊ အကူညီလိုနေသူတွေကို ကိုယ်လက်လှမ်းမှီသလောက်၊ ကိုယ်နိုင်သလောက် ကူညီစောင့်ရှောက်မှုပေးခြင်း၊ အမှန် တရားဖက် ရပ်တည်ကာကွယ်ပေးခြင်းပါဘဲ။ လက်ချောင်းလေးတွေတောင် အတိုအရှည်မညီသလို၊ လူတစ်ဦးနဲ့တစ်ဦးဟာ စွမ်းဆောင်နိုင် တဲ့ပမာဏ၊ အတိုင်းတာခြင်း မတူနိုင်ပါဘူး။ နာရေးကူညီမှုအသင်းက အာဂဗမာကြီး ဦးကျော်သူရဲ့ကြယ်ငါးအထောင်အသောင်းပစ်နိုင်တဲ့ စွမ်းရည်မျိုး ကိုယ်မှာမရှိလို့ အားငယ်စရာမလိုဘူး။

သူများတွေအများကြီးလုပ်နိုင်ဆောင်ရွက်နိုင်ပေမဲ့ ကိုယ့်မှာရှိတဲ့ခွန်အားနဲ့ အခြေအနေမပေးတဲ့အပေါ် အားလျှော့စရာအကြောင်းမရှိပါဘူး။ကိုယ်လုပ်နိုင်သလောက်ကိုသာ စေတနာအပြည့်နဲ့ လုပ်ဆောင်ခြင်းသာ ပဓာနပါ။ လူဆိုတာ ကိုယ်ရောက်ရှိရာနေရာမှာ ကိုယ်နဲ့ ကိုယ့်ပတ် ၀န်းကျင်၊ လူ့ အဖွဲ့ စည်းကို တနိုင်တပိုင် အကျိုးပြုချင်စိတ်ရှိပြီး လက်တွေ့အကျိုးပြုနိုင်ဖို့ ဘဲလိုပါတယ်။

ကြယ်ငါးတစ်ကောင်ပစ်နိုင်သူက တစ်ကောင်ပစ်၊ ဆယ်ကောင်ပစ်နိုင်သူက ဆယ်ကောင်ပစ်ခြင်းဟာ မိမိဖြတ်သန်းနေတဲ့ခေတ်ရဲ့ သမိုင်းဝန်ကိုထမ်းဆောင်ခြင်းမည်ပါတယ်။

စစ်အာဏာရှင် မုန်တိုင်းလှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုနဲ့ မြန်မာ့နိုင်ရေးသောင်ခုံပေါ်မှာ တင်ကျန်ရစ်ခဲ့တဲ့အရာများစွာထဲမှာ အထက်မှာပြော ခဲ့တဲ့ကြယ်ငါးတွေအပြင် (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ဝေလငါးကြီးတစ်ကောင်လဲရှိနေပါတယ်။ ဒီငါးကြီးကိုတော့ တစ်ဦး တစ်ယောက်အားနဲ့ ပင်လယ်ထဲကိုပြန်ပစ်ဖို့ မဖြစ်နိုင်ပါဘူး။ လေးပွင့်ဆိုင်နဲ့မှ မပစ်နိုင်ရင်၊ ပြည်သူ့အားကိုယူ ညီညီညာညာ ပြိုင်တူတွန်းဖို့ လိုပါလိမ့်မယ်။

ဒီဆောင်းပါးကိုနိဂုံးသတ်ရရင် ရေစက်ကလေးတွေမြောက်များစွာပေါင်းစပ်ပြီး မြစ်ချောင်း အင်းအိုင် ပင်လယ် သမုဒ္ဒရာတွေဖြစ်လာသလို ကျနော်တို့တစ်ဦးချင်းစီရဲ့ တာဝန်သိမှု၊ တာဝန်ယူမှုတွေရဲ့ စုပေါင်းစွမ်းအားဟာ မြန်မာနိုင်ငံကို စစ်ညွှန်ထဲက ရုန်းထွက်လွတ်မြောက်နိုင်စေတဲ့ တန်ခိုးရှိပါတယ်။ နိုင်ငံသားတိုင်းက ကိုယ့်အသဲကြားက မဲတစ်ပြားကို တန်ဘိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် ကျနော်တို့နဲ့ထိုက်တန်တဲ့ ပြည်သူ့ အစိုးရတစ်ရပ် မလွှဲမသွေပေါ်ပေါက်လာမှာပါ။

ဒါကြောင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့၊ လူတိုင်းစေ့ လူ့အခွင့်အရေးအပြည့်အ၀ခံစားနိုင်ဖို့၊လူမျိုးရေး ဘာသာရေးမုန်းတီးမှုတွေ မြန်မာမြေပေါ်က ကွယ်ပျောက်သွားစေဖို့၊ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတကာ ဒီမိုကရေစီစံရေစံညွှန်းမှီအောင်ပြင် ဆင်ရေးဆွဲနိုင်ဖို့၊ နောက်ကြောင်းပြန်လှည့်လိုတဲ့ စစ်ကျူငုတ်တွေကို ခွဲထုတ် ဆွဲနှုတ်ပစ်နိုင်ဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ တိုင်းသူပြည်သားအားလုံး တာဝန်ကိုယ်စီယူတတ်သော ကြယ်ငါးပစ်သူ အာဂလူများ ဖြစ်ပါစေကြောင်းဆုမွန်တောင်းလျက်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts