ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အခန်း (၂၇)

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)
မတ်လ ၁၊ ၂၀၁၄

 

သူနာမည်ကို ကိုယ်က ကြားဖူးနေတာကြာပြီ။ လူနှင့် နာမည် တွဲ မှတ်မိလောက်အောင် မဟုတ်ပေမယ့် တနေရာမှာ သူ့ကို ကြုံဆုံခဲ့ဖူးသည်။ညတိုင်းတေးသံသာတို့ဖြင့် ပစ္စုပ္ပန်ကို အိပ်မွေ့ချ ချန်ထားရစ်ဖို့ လုပ်တိုင်း သူ၏တေးသံသာထဲ နှလုံးစိတ်ဝမ်း ကြည်နူးခဲ့ရသည်။ စကားပြောလျှင် အားယူပြောနေရသော်လည်း သီချင်းဆိုလျှင် ချောချောမွေ့မွေ့ ။ တေးပေါင်းစုံကို ကာလပေါ်၊ ခေတ်ဟောင်း၊ အင်္ဂလိပ် ၊မြန်မာတေးသီချင်းတို့ကို သူသီဆိုသံ ညစဉ် ကြားရသည်။ အခန်းက မိနစ်ပိုင်းမျှသာ ဖွင့်ကြတော့ တယောက်နှင့်တယောက် မေးထူးပြုံးပြ လောက်သာလုပ်ခဲ့ကြရသည်။ ရေချိုးအခန်းသန့်ရှင်းရေး နှင့် ပေးထားသော အချိန် ကုန်သွားသည်။ ဒီတော့ အခြားတခန်းမှ လူတယောက်ကိုကြာရှည် ရပ်စကားပြောခွင့် မကြုံခဲ့။ ကိစ္စရှိက အော်ပြောလျှင်ပြော ၊ အော်မပြောလျှင် အပြင်မှ တယောက်ယောက်ကို လူကြုံနှင့် လှမ်းမေးရသောအနေထား။ ဖွင့်ချိန် နာရီလေးတွေ တိုးရလာတော့မှ စကားတွေ တိုးပြီး ပြောဖြစ်လာသည်။ 

 

မထင်မှတ်ပဲ ကြုံဆုံခဲ့မှုက အခုတော့ ပြောပြစရာ တခုဖြစ်လာပြန်သည်။ ရင်နှီးမှုဆီ ပိုမို ရောက်စေမည့် ကိစ္စမှန်း ထင်မထားခဲ့။ အခုသူနှင့် စပြီး စကားပြောခွင့်ကြုံတော့ ထိုကြုံဆုံမှုကို အစဖော် ပြောပြခိုက် သူဝမ်းသာအားရ ဖြစ်နေသည် ။ ဘယ်ရက် ဘယ်ကာလအထိ အတူတကွ ဒီခရီးကြမ်းကို အတူတူ ဖြတ်သန်းရမည်ဟု မသိရှိရသေး ။ ရောက်တတ်ရာရာ စကားတွေစပြောရင်း သူနဲ့ကိုယ် ကြုံခဲ့ဖူးတာကို ပြောပြလိုက်သည်။ အဖြစ်အပျက်တွေကို သူ ပြန်မြင်ယောင်သလို အံ့သြဝမ်းသာ ဖြစ်နေတာကိုတွေ့ရသည်။

 

“ကိုဌေးကြွယ်လား”

 

သူက ဖော်ရွေသော အပြုံးဖြင့် တုန့်ပြန်သည်။ သူနဲ့ ကိုယ် ကြုံဆုံခဲ့ရာ ၁၉၈၈ခုနှစ်က အဖြစ်အပျက်တခု သူ့ကို အစဖော်ပြီး ပြောပြမိသည်။ ထိုစဉ်က ၈လေးလုံး အရေးတော်ပုံကြီး မဖြစ်သေး။ ဇူလိုင်လ လောက်က အဖြစ်အပျက်။ ၁၉၈၈ မတ်လ ဖုန်းမော် အရေးအခင်းအပြီး တံတားနီ ကိစ္စဆက်ဖြစ်သည်။ ထိုကာလ ကအဖမ်းခံရသော ကျောင်းသားများ သည် နောင်အခါ ဝမ်းဖိုးဝမ်း (၁၄၁) ဟု လူသိများလာသောအဖွဲ့တွင် ကိုဌေးကြွယ် ပါသည်။ သူတို့အဖမ်းခံရသော ၁၄၁ယောက်ကို ဇူလိုင်လ (၇)ရက်နေ့တွင် လွှတ်ပေးလိုက်သည်။ ထောင်မှလွတ်ပြီး ကျောက်ကုန်း တောရ မေဒိနီ ကျောင်း၌ ဒုလ္လဘ ရဟန်းဝတ်ကြသည်။

 

ထိုစဉ်က လူများပင်မက ရဟန်းသံဃာများပါ ပြည်ရွာ အနှံ့ ပြန့်နှံ့နေသာ လက်သိပ်ထိုးဖတ် စာရွက်စာတန်းတို့ကို နီးရာ ရှာဖွေ ။ လက်ထဲရောက် နောက်တယောက်ထံ လက်ဆင့်ကမ်း။ လူတိုင်းကိုယ်စီ ကိုယ်နိုင်သလို လုပ်နေကြသောအချိန်ဟုဆိုရမည်။ ကိုယ့်အချင်းချင်း သူရလာသော စာရွက်စာတန်းတွေ ကိုယ်ရလာသောစာရွက် စာတန်းတွေကို အလဲအလှယ် ပြုနေစဉ်မှာပဲ ထောင်ထွက် ကျောင်းသာများ ဒုလ္လဝတ်ရာ မေဒီနီကျောင်းကို ရောက်ခဲ့သည်။ ထိုစဉ်ထဲက သူတို့တတွေ စုရပ် အဖြစ်  နောင်လာမည့် နေ့ရက်တွေ အတွက် တိုင်ပင်သော နေရာဆိုတာ သိခဲ့သည်။ လူချင်း တခဏသာ ကြုံဆုံရမှုကို ပြန်လည် အစဖော် ပေးတော့ သူ အားရ ဝမ်းသာစွာ ထိုစဉ်က သူတို့ လုပ်ခဲ့သော အလုပ်တွေကိုရှင်းပြသည်။

 

“ကိုဌေးကြွယ် ၁၀တန်း ဘယ်ကျောင်းကနေအောင်တာလဲ ”

 

သူစမ်းချောင်းသားမှန်းသိလို့  ကိုယ့်ရဟန်းဒကာမ တာဝန်ကျသော ကျောင်းမှများဖြစ်နေမည်လားဟု မေးခြင်းဖြစ်သည်။

 

“အထက(၁) စမ်းချောင်း ”

 

ထိုကျောင်းမှာတာဝန်ကျ ဖူးသော ရဟန်းအမ၏ အမည်ကိုပြောပြတော့ သူ၏ ဆရာမဖြစ်နေသည်။ သူလည်း စမ်းချောင်းဇာတိ ဆိုတော့ မိဘများ အလုပ်တွေကိုပါသူပြောပြသည်။ ဒီတော့လည်း ကိုယ့်ရဟန်းဒကာ၏ အလုပ်နှင့်ဆက်စပ်နေသာ အလုပ်မို့ ပိုမို စကားတွေပြောဖြစ်ပြန်သည်။ သူနှင့်ကြုံဆုံရခြင်းထဲက မှတ်မိစရာကောင်းတာတွေကို ပြောပါဆိုလျှင် သူအနုပညာကိစ္စရပ် တော်တော်များများကို ဝါသနာပါ ခြင်းကိုပြောရမည်ဖြစ်သည်။

 

သီချင်းဆိုခြင်းသည် ထောင်တွင်း ညမအိပ်မှီ မကြာခဏ ပြုလုပ်ကြသော ကိစ္စရပ်ဖြစ်မည်။ ညဆက်ဆိုဖြစ်သလို တခြား အခန်းတွေ အလှည့်ကျ ဆို ကြသည်။ ထောင်ထဲရောက်မှ ကြားဖူးသောတေးသီချင်းပဲဖြစ်ဖြစ် တခဏတာ စိတ်ချမ်းမြေ့မှုတခုကိုတော့ သယ်ဆောင် ပေးခဲ့သည်သာ။  နေပူထဲ လျှောက်နေသူအဖို့ အေးရိပ်လေးကိုတော့မျှော်သည်။ မောပမ်းနေစဉ် ရေအေးအေး တခွက်ကို တမ်းတသည်။  သောကတွေနှင့် ပွန်းပဲ့နေသော စိတ်အတွက် အနာမကျက်သော်မှ သက်သာစေမည့် ဖြေဆေးလေးကိုတော့ ဆာလောင် တာ  သဘာဝ ကျပါသည်။ ကိုဌေးကြွယ်၏ အနုပညာ ကိစ္စတွေထဲ ကဗျာ တွေ စာတွေလည်းပါမည်။ စကားစပ်ရင်းမှ ဆုရ စာစီစာကုံး အကြောင်းတွေ သူပြောပြတော့  ကိုယ်ဖတ်ဖူးသော စာအုပ်ထဲက သူနာမည်ကို ပြန်လည် တွေ့ရှိလိုက်သလိုရှိသည်။

 

“ဆရာမ ဒေါ်ခင်ထွေးစု ကိုကောသိလား ”

 

သူ ဝမ်းသာအားရနှင့် ကျောင်းနေဘဝထဲ သူ၏စိတ်ပြန်လည် ရောက်သွားဟန်ရှိသည်။ အတိတ်ဆိုသည် ကြည်နူးစရာတွေကော။ မကြည်နူးစရာတွေကော ရှိခဲ့သည်ဆိုလျှင် ကျောင်းသားဘဝကို ပျော်ရွှင်ဘွယ်ရာ ကာလတွေဟု ပြောဆိုကြမည်ထင်ပါသည်။ အခုကိုယ်မေးသော အမေးနှင့် တဆက်တည်း ထိုပျော်စရာ ကာလဆီသို့ သူ့စိတ်ကို ပျံသန်းဖြစ်အောင် လုပ်ပေးသလိုရှိသည်ကို သူကျေကျေနပ်နပ်သလောတွေ့လှသည်။ ထိုစဉ်က သူကြုံခဲ့ရတာတွေကို ခရားရေလွှတ် ပြောပြနေသည်က သူစိတ်ထဲ ချိုမြိန်သော သစ်သီးတလုံးကို စားနေရသလို မြင်နေရသည်။

 

“အဲ့ဒီဆရာမက ကျနော့် မြန်မာစာဆရာမလေ ၁၀တန်း စတက်ခါစက စာသင်ချိန်  မရောက်ခင်ကျောင်းသားတွေ စကားပြောသံ ညံ  နေတုန်း ဆရာမဝင်လာတယ် ပြီးတော့ ခေါင်းစဉ်က မိုးအုံသောနေ့ထင်တယ် ပေးပြီး စာစီစာကုံးရေးခိုင်းတယ် ဆူနေတဲ့  ကျောင်သား တွေကို ငြိမ်အောင် ထိမ်းတာလဲ ပါမှာပေါ့ ”

 

ဆရာမဆီ စာစီစာကုံးစာအုပ်တွေ အပ်အပြီး စာအုပ်တွေစစ်ပြီးချိန်လောက်မှာ ဆရာမ အခန်းထဲနောက်တခေါက် ပြန်ဝင်လာပြီး

 

“မောင်ဌေးကြွယ် ဘယ်သူလဲ ထစမ်းလို့ ဆရာမကပြောတာ”

 

သူရဲ့ ကျောင်းသားဘဝကအမှတ်ရစရာတွေထဲ သူ စွဲစွဲမြဲမြဲ မှတ်မိစရာကို တွေးရင် သူကျေနပ်နေဟန်ရှိသည်။ စာစီစာကုံး အရေးကောင်းသော သူ ဒို့ကျောင်းသား စာစီစာကုံးပြိုင်ပွဲတွင် ဆုရတော့ ဆုရစာအုပ်ကို ဆရာမကို သူသွားပေးသည်။-

 

“ဆရာမက ဘာလဲလို့ မေးတယ် ဒို့ကျောင်းသား စာစီစာကုံးဆုရတာ စာအုပ် ဆရာမကိုလက်ဆောင်ပေးတာပါလို့ပြန်ပြောတော့ ဆရာမလဲ တော်တော်ကျေနပ်သွားတယ် ကျေနပ်မှာပေါ့ မြန်မာစာဆရာမ ဘယ်သူ၏တပည့်ဆိုတဲ့ စာလုံးက ပါနေတာကို ”

 

ကိုဌေးကြွယ် နဲ့ကြုံဆုံရခြင်းမှ စကားပြေ အရေးအသားကို ဘယ်ပုံဖန်တီး ရပုံကို သူပြောပြသည်။ ရတုတွေ ဖတ်ပြီး နားမလည်သည့်   စကားလုံးတွေဆိုလျှင် သူ့ဆရာ ဂုဏ်ထူးဦးသိန်းနိုင်ဆီ အချိန် မရွေးလှမ်းမေးတာကိုလည်းပြောပြသည်။

 

၁၀တန်းကျောင်းသားလောက်ထဲက သူနတ်သျှင်နောင်ကဗျာတွေဖတ်သည်ဟု ဆိုသည်။  တက္ကသိုလ်ဘုန်းနိုင် ဝတ္ထု တွေအကြောင်း၊ ကဗျာတွေအကြောင်း စုံအောင်ပြောဖြစ်သည်။ နောင် အခွင့်ရ အချိန်တွေရလျှင် ဝတ္ထုတွေကို ပြောကြတာပေါ့ ဟု သူကတိပေးသည်။

 

အင်းစိန်ထောင်တွင် သူနှင့်အတူတူနေခဲ့သူတို့ထံမှ နောင် တိုက်ကို အချိန်များများဖွင့်ပေးလျှင် ဝတ္ထုတွေကို ပြောခိုင်းဟု အကြံပေးသည်။ ထိုအကြံပေးချက်တို့ကြောင့်ပင် နောင်အခါ၌ လေရူးသုန်သုန်လို ဝတ္ထုကို တနေ့ပြီးတနေ့ ဇာတ်လမ်းတွဲ ကြည့်ရသလို နားနှင့် စာဖတ်ရတော့ မည်ဆိုတာ ကြိုသိခဲ့သည်။

 

ကျောင်းသားခေါင်းဆောင်တယောက် အဖြစ် လူသိထင်ရှားခဲ့သူဆိုတာ သာမန် အရည်အချင်းလောက်နဲ့တော့ ဖြစ်လာမည်မဟုတ် ။ သူ၏ ထူးခြားသော အရည်အချင်းကောင်းတို့ကို အတူနေမှသိလာရခြင်းဖြစ်သည်။ လူဆိုတာ စင်းလုံးချောတော့ လူတိုင်းဖြစ်မည်မဟုတ်  ။ နောင်တချိန် အကောင်းတွေကို ပိုကောင်းလာအောင်လုပ် ။ အဆိုးတွေကို ပါးနှိုင်သမျှ ပါးအောင် ပြုခြင်းဖြင့် လူတိုင်းလည်း ဒီလိုတည် ဆောက်ခဲ့ ကြသည်ပဲ ။ ဒီတော့ သူလည်း တည်ဆောက်နှိုင်လိမ့်မည်ဟု ထင်မြင်မိသည်။