လူများ၊ ရုပ်ပုံလွှာများ သန်းဝင်းလှိုင်

ပြည်သူချစ်သော ကာတွန်းဆရာကြီး ဦးဖေသိန်း

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

 

ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ကာတွန်းပညာကို မြတ်နိုးသည်။ ထို့ထက် ဒီမိုကရေစီကို ပို၍ မြတ်နိုးသည်။ ဒီမိုကရေစီ ဆိတ်သုဉ်းသော တစ်နေ့၌ ကာတွန်းများသည်လည်း ဒီမိုကရေစီနှင့်အတူ ပျောက်ကွယ်သွားမည်ကို ယုံကြည်နေသောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင် ကာတွန်းများကို  စဉ်ဆက်မပြတ် စာနယ်ဇင်းများ၌ ရေးဆွဲခဲ့သူ ဖြစ်သည်။

 

ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ၁၉၂၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်နေ့၌ ဖွားမြင်ခဲ့သောကြောင့် ဆရာကြီးသာ သက်ရှိထင်ရှား ရှိနေပါက ယခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် အသက် ၉ဝ တင်းတင်း ပြည့်ပြီဖြစ်သည်။ သူ၏ အသက် ၉ဝ ပြည့် မွေးနေ့နှင့် တိုက်ဆိုင်စွာ သူ၏ ကျန်ရစ်သော မိသားစုနှင့် ဆရာကြီး၏ တပည့်တပန်း ကာတွန်းဆရာများက စုစည်းကာ ဆရာကြီး၏ ကာတွန်းလက်ရာများ ပြပွဲတစ်ရပ်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ၊ ယောမင်းကြီးလမ်းရှိ Gallary 65 အနုပညာပြန်ခန်းတွင် ကျင်းပခဲ့ရာ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြည့်ရူသူ ပရိတ်သတ်များဖြင့် အထူးစည်ကားခဲ့သည်။

 

ကာတွန်းဆရာကြီး ဦးဖေသိန်းကို ၁၉၂၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် ကြာသပတေးနေ့တွင် အဖ အမျိုးသား ကျောင်းဆရာကြီးဟောင်း၊ ငါးပွင့်ဆိုင်ပါတီ အတွင်းရေးမှူးဟောင်း၊ ပြန်ကြားရေးနှင့် သာသနာရေး ညွှန်ကြားရေးဝန်ဟောင်း ရွှေပြည်တော် ဦးဘတင်နှင့် အမိ ဒေါ်ကျော့စိန်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ဒုတိယသားဖြစ်သည်။

 

အဖ ရွှေပြည်တော် ဦးဘတင်သည် မြန်မာ့လွတ်လပ်ရေးအတွက် ဘိလပ်သို့ သွားရောက် အရေးဆိုခဲ့သော ဖေ၊ ပု ၊ ရှိန် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင် ဦးထွန်းရှိန် ညီဖြစ်သည်။ ညီအကိုနှစ်ယောက် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ သာသနာရေး၊ ဘာသာရေး၊ လူမှုရေးတို့ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သည့် နည်းတူစွာ သားသမီးများကိုလည်း ၀ံသာနု မျိုးချစ်စိတ် အမွှေပေးခဲ့သည်။

 

ငယ်စဉ်ကပင် ကာတွန်းနှင့် ပုံဆွဲပညာကို ဝါသနာထုံခဲ့ရာ တောင်ခြစ် မြောက်ခြစ်ရင်း ကျောင်းတွင်းပန်းချီ လုပ်ငန်းဆိုင်ရာတို့တွင် ဝင်ရောက်ကူညီခဲ့သည်။ ကျောင်း၏ နံရံကပ်ပိုစတာ၊ နံရံကပ်စာစောင်၊ မဂ္ဂဇင်း စသည်တို့တွင်လည်း ပန်းချီကဏ္ဍကို တာဝန်ယူခဲ့သည်။

 

၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ ထိုနှစ်တွင်ပင် စာနယ်ဇင်းလောကသို့ ဝင်ရောက်ခဲ့သည်။ တက္ကသိုလ်တွင် ပန်းချီဦးဘကြည်၏ ပန်းချီသင်တန်းများကိုလည်း တက်ရောက်၍ ပန်းချီပညာကို လေ့ကျင့် ရေးဆွဲခဲ့သည်။ ၁၉၄၇ တွင် အိုးဝေ သတင်းစာတွင်  ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ အိုးဝေသတင်းစာမှပင် ဆရာဦးဖေသိန်းအား ကာတွန်းဆရာဘဝသို့ မွေးထုတ်ပေးလိုက်သည်။ မွေးထုတ်သူမှာ အိုးဝေဦးညိုမြ ဖြစ်၍ ၊ ကာတွန်းပညာကို သင်ကြားပေးသူမှာ ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း ဖြစ်သည်။ ထို့နောက် ကာတွန်း ဦးဟိန်စွန်းထံတွင် လည်းတပည့်ခံယူခဲ့သည်။

 

ကာတွန်းဆရာကြီး ဦးဖေသိန်းသည် အိုးဝေ သတင်းစာမှတဆင့် ဟံသာဝတီ၊ မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ကြေးမုံ အစရှိသော သတင်း စာများ၌ ကျင်လည်ခဲ့ပြီးနောက်၊ “အိုးဝေ” အမည်ကို အမျိုးမျိုးပြောင်းခဲ့သော “ဒေါင်းအိုးဝေ” ၊ “မင်္ဂလာအိုးဝေ” တို့နှင့် ၉ နှစ်ခန့် အဆက်ပြတ်လျက် ရှိရာမှ “ပြည်သူ့အိုးဝေ” တွင် ပြန်ပေါင်းထုတ်ကာ အပတ်စဉ်ကာတွန်းများ ရေးဆွဲပေးခဲ့သည်။

 

ထိုမှတဖန် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲကြီး နီးကပ်လာသောအခါ အပတ်စဉ် ရေးဆွဲရသည်ကိုပင် မတင်းတိမ်နိုင်၍ “ဥဒေတယံ” ခေါင်းစဉ်ဖြင့် နေ့စဉ် ရေးဆွဲခဲ့သည်။ ဥဒေတယံ ဆိုသည်မှာ အခြားမဟုတ်။ ပရိတ်ကြီး (၁၁) သုတ်ထဲမှ လွတ်မြောက်မှုကို ဖော်ပြထားသော “မောရသုတ်” ၏ အစ စကားလုံးကို ယူ၍ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

 

“ကာတွန်းတစ်ခုသည် စုတ်ချက်အနည်းငယ်ကလေးနှင့်ပင် စာလုံးရေတစ်သောင်းခန့် ရေးထားသည့် စာထက်ပင် အဓိပ္ပာယ် ကျယ်ဝန်းလှသည်” ဟူ၍ အနောက်တိုင်း ကာတွန်းဆရာကြီးများက ဆိုထားခဲ့ရာ ဆရာ ဦးဖေသိန်း၏ သတင်းစာပါ ကာတွန်းများသည် ဖြစ်ပျက်နေသော နိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ကာ လူထုကြီးအား နိုင်ငံရေး မျက်စိပွင့်လင်းစေခဲ့သည်။

 

ယင်းနောက် ၁၉၅၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ သတင်းစာ ဆရာကြီး ဦးသောင်း (အောင်ဗလ) ကြီးမှူးပြီး ဇဝန၊ ဦးဝင်းတင်၊ စိန်ခင်မောင်ရီ တို့ ဦးဆောင်၍ ထုတ်ဝေခဲ့သော “ကြေးမုံ” သတင်းစာတွင် ဆရာကြီး ဦးဖေသိန်း က “ကြေးမုံနီတိ” အမည်ဖြင့် နေ့စဉ် သတင်းကာတွန်းများကို ပြောင်မြောက်စွာ ရေးဆွဲပေးခဲ့သည်။ ဆရာကြီးသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာထုတ်ဝေသော “ဘားမားနေးရှင်း” (Burma Nation) သတင်းစာတွင်လည်း ကာတွန်းရေးဆွဲပေးခဲ့သည်။ ဆရာကြီးသည် ကြေးမုံသတင်းစာ ခေါင်းစီးလိုဂိုနှင့် ကြော်ငြာကာတွန်း များစွာကိုလည်း ရေးဆွဲခဲ့သည်။ ကယ်ရီကေးချား (Caricature) ခေါ် ရုပ်ပြောင်ရေးဆွဲခြင်း၌ ဆရာ ဦးဖေသိန်းသည် ယနေ့ခေတ် လူငယ်ကာတွန်းဆရာများ၏ လမ်းပြရှေ့ဆောင် တစ်ဦးဖြစ်သည်။

 

၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းကို ဖွဲ့စည်းတည်ထောင်ရာ ဆရာဦးဖေသိန်း သည် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဆရာမကွယ်လွန်ခင်အထိ မြန်မာကာတွန်းဆရာများ စုစည်းညီညွတ်စေရေးကို အစဉ်ဆောင်ရွက်ခဲ့သူ၊ ကာတွန်းဆရာများကို မိသားစုဝင်သဖွယ် သဘောထားခဲ့သူလည်း ဖြစ်သည်။ ရန်ကုန်မြို့ လှိုင်မြို့နယ် မာလကာခြံ ၁ဝ ရပ်ကွက် အမှတ် ၅၆၈ ရှိ ဆရာနေအိမ်တွင် နှစ်စဉ် သက်ကြီး ကာတွန်းဆရာကြီးများ ပူဇော်ကန်တော့ပွဲကို ကျင်းပခဲ့သည်။

 

ဆရာကြီးသည် သတင်းစာ ကာတွန်းများကို သာမက ရူမဝ၊ သွေးသောက်၊ မြဝတီ၊ ငွေတာရီ၊ ပေဖူးလွှာ၊ စစ်ပြန်မဂ္ဂဇင်းများတွင်လည်း ကာတွန်း ၊ ဝတ္ထု၊ ဆောင်းပါးနှင့် သရုပ်ဖော်ပုံများကို ရေးဆွဲခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ကျင်းပခဲ့သော စာနယ်ဇင်း သမိုင်းဟောပြောပွဲတွင် ကာတွန်းဦးဖေသိန်းသည် စာနယ်ဇင်း ကာတွန်းသမိုင်း စာတမ်းကို ဖတ်ကြားခဲ့သည်။

ကိုယ်ပိုင်ရုပ်ပြောင်စာပေ စာအုပ်တိုက်မှ ပုံပမာ လစဉ်၊ ရွှေရိုး ရုပ်စုံ အပတ်စဉ်၊ ငါးပါးသီလ ကာတွန်း၊ ကာတွန်းပဒေသာ၊ ၃၈ ဖြာ မင်္ဂလာ တရားတော်လာ ပုံပမာ၊ စကားပုံ ပုံပမာ ကာတွန်းပဒေသာ၊ အီစွပ်ဂန္တဝင် ပုံပြင်များ၊ အနန္တောအနန္တငါးပါး တရားပုံပမာ၊ စကားကြီး (၁ဝ) မျိုး၊ ပုံပြင် တကာ့ပုံပြင်၊ ဘကြီးပြုံး ပုံပမာ ပုံပြင်များ စသည့် စာအုပ်များကို ရေးဆွဲ ထုတ်ဝေခဲ့သည်။

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ဆရာ ဦးဖေသိန်းကို အစိုးရက “မော်ကွန်းဝင် ဒုတိယအဆင်”့ ချီးမြှင့်ခဲ့သည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် ဦးသိန်းမောင်၊ ဒေါ်ဒေါ်ကြိုင်တို့၏ အဌမသမီး ဒေါ်ခင်လေးနွယ်နှင့် ထိမ်းမြား၍ သားသမီး ငါးဦး ထွန်းကားခဲ့ရာ အကြီးဆုံးမှာ သမီးဖြစ်ပြီး၊ သားလေးယောက် ဖြစ်သည်။ သားသမီးများမှာ သမီးကြီး ဇွန်ပွင့်၊ သား ဖေမောင်သိန်း၊ ဖေမောင်ငြိမ်း၊ ဖေမောင်ဟိန်း၊ ဖေမောင်ရှိန်း၊ (ပွင့်၊သိန်း၊ ငြိမ်း၊ ဟိန်း၊ ရှိန်း) တို့ ဖြစ်သည်။

 

ကာတွန်းဆရာကြီး ဦးဖေသိန်း၏ လူသိများသော ကာတွန်းတစ်ကွက်မှာ ဟီရိုရှီးမားရုပ်ထုကို တုပ်နှောင်ထားသော သဲကြိုးများ အင်္ဂလိပ်အက္ခရာ ၈ လေးလုံးသဏ္ဌာန် ပြတ်ထွက်နေသည့် ပိုစတာ ကာတွန်း ဖြစ်သည်။ အဆိုပါ ကာတွန်းမဂ္ဂဇင်းတွင် ပါလာချိန်နှင့် မြန်မာပြည်၏ အကြီးမားဆုံး လူထုအရေးတော်ပုံကြီး ဖြစ်သည့် ရှစ်ဆယ့်ရှစ်ဒီမိုကရေစီအရေးတော်ပုံကြီးနှင့် တိုက်ဆိုင်ခဲ့ရာ စစ်အစိုးရက ဆရာကြီးအား ကာတွန်းရေးဆွဲခွင့် ၆ နှစ်နီးပါး ပိတ်ပင်ခဲ့သည်။

 

“ကာတွန်းတွေကို စာနယ်ဇင်းတွေမှာ ရေးဆွဲခွင့်ပိတ်ခဲ့ပေမယ့် ဖေဖေ့ရဲ့အတွေးကိုတော့ ပိတ်ပင်လို့ မရခဲ့ပါဘူး။ အဲဒီလို ပိတ်ခဲ့တဲ့အတွက်လည်း ဖေဖေဟာ ဘာမှ သိပ်ခံစားခဲ့ရပုံ မပေါ်ခဲ့ပါဘူး။ အဲဒီလို အပိတ်ခံရချိန်မှာ ကာတွန်းတွေ အများကြီး ရေးဖို့ စိတ်ကူးအတွေးတွေတောင် ပိုရခဲ့တယ် ဆိုတာ အခုပြသထားတဲ့ ကာတွန်းပုံတွေက သက်သေပါပဲ” ဟူ၍ ဆရာကြီး သမီးဖြစ်သူ မဇွန်ပွင့်ကပြပွဲတွင် ပြောပြခဲ့သည်။

 

 

မည်သို့ဆိုစေ… မိမိမိယုံကြည်ချက်အတိုင်း မကြောက်မဝံ့သတ္တိရှိရှိ ကာတွန်းဖြင့် ပြည်သူလူထုအား အလုပ်အကျွေးပြုခဲ့သော ဆရာကြီး၏ ကာတွန်းလက်ရာများသည် ထာဝစဉ် ကမ္ပည်းတင်နေမည်မှာ မလွဲပင် ဖြစ်နေပေလိမ့်မည်မဟုတ်ပါလော။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ပြည်သူချစ်သော ကာတွန်းဆရာကြီး ဦးဖေသိန်း
  1. ဦးဖေသိန်းရဲ့သားအငယ်ဆုံးဟာ ဖေမောင်စိမ်းပါ၊ ဖေမောင်ရှိန်း မဟုတ်ပါ။

Comments are closed.