ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ခြေဖဝါးတော်တံဆိပ်

ကျော်သူ 
ဖေဖော်ဝါရီ ၄၊ ၂၀၁၄

 

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနဖြင့် ဗုဒ္ဓ၏ခြေတော်ရာ၊ မိခင်၏ခြေရာ၊ ဖခင်၏ခြေရာ ဟူ၍ အထွဋ်အမြတ်ထားကာ ဦးခိုက်ပူဆော်တတ်ကြလေသည်။ ဗုဒ္ဒ၏ခြေတော်ရာ။ မိခင်ဖခင်တို့၏ ခြေရာ တို့အားဆောင်ထားခြင်းဖြင့် အန္တရာယ်ကင်းဘေးကင်းစွာဖြင့် သွားလမ်းလာလမ်းဖြောင့်၍ အကြံအစည် ဟူ သမျှအား အနှောင့်အယှက်ကင်းစွာဖြင့် အောင်မြင်နိုင်ကြသည်ဟူ၍လည်း ယုံကြည်ထားကြသည်။ ကျွန် တော့်အနေနှင့်မူကား မြတ်ဗုဒ္ဓ၏ ခြေတော်ရာ၊ မိခင်ဖခင်တို့၏ ခြေရာများအပြင် ကျွန်တော်၏ နှလုံးသား ထက်တွင် သေရာပါသွားမည့် ခြေရာတစုံရှိခဲ့သည်။ ထိုခြေရာသည်ကား ကျေးဇူးရှင် ရွှေပေါက်ပင်ဆရာ တော်ကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမစာရ၏ ခြေရာတော်ပင် ဖြစ်တော့သည်။
 ကျွန်တော်သည် ၁၉၈၄ ခုနှစ်မှ ၂ဝဝ၇ စက်တင်ဘာလအထိ အနုပညာလောကတွင် ကျင်လည် ခဲ့ရင်း မူးယစ်သောက်စားခြင်းများရှိခဲ့သည်။ တခါတရံတွင် ညင်သာညက်ညောသည် တခါတရံတွင် စိတ် ရိုင်းများဝင်သည်၊ တခါတရံတွင် စိတ်ကောင်းနှလုံးကောင်းရှိသည်၊ တခါတရံတွင် ကြမ်တမ်းခတ်ထန် သည်၊ တခါတရံတွင် လူချစ်လူခင်ပေါများသည်၊ တခါတရံတွင်မူကား အပေါင်းအသင်းကင်းမဲ့သည်။ ထိုထို သော မတည်ငြိမ်လှသည့် ယမကာ၏ လက်ချက်ကြောင့် ဆေးရုံသို့ အကြိမ်ကြိမ်ရောက်ခဲ့ရသည်။ အလုပ် အကိုင်များလည်း ပျက်ပြားခဲ့ရသည်။ ဇနီးနှင့်သားသမီးများ မျက်နှာငယ်ခဲ့ရသလို မိဘဆွေမျိုးများလည်း လူကြားထဲမျက်နှာမပြဝံ့ခဲ့ရချေ။ ထိုအကြောင်းအရာများအား ကျွန်တော်သိသည်။ သို့သော် ကျွန်တော်၏ စွဲလန်းမှုအား ကျွန်တော်ဖြတ်တောက်၍ မရနိုင်ခဲ့ချေ။ နည်းလမ်းပေါင်စုံဖြင့် ဖြတ်တောက်ရန်ကြိုးစား ခဲ့သည်။ ထိုယမကာအရက်အား ကျွန်တော်မဖြတ်နိုင်ခဲ့ချေ။ “အရက်ကို ကျွန်တော်သောက်သည် မဟုတ် … ကျွန်တော့်အား အရက်ကပြန်၍ သောက်နေပြီဖြစ်သည်။”

 

၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော် အဖမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။ အနုပညာလုပ်ငန်းများ ရပ်ဆိုင်းခံလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်စိတ်ညစ် ညစ်ဖြင့် နေ့စဉ်လိုလို  ယမကာ မှီဝဲလျှက်ရှိသည်။ ၂ဝဝ၈ ခုနှစ်တွင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သင်းလုံးကျွတ် အစည်းအဝေးတွင် ကျွန်တော့်အား ဥက္ကဌအဖြစ်  တာဝန်ပေးခြင်းခံခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော်အတွေး တစ်ခုဝင်လာမိသည်။ ထိုအရာကား လူမှုရေးပရဟိတတည်းဟူသော ဒုက္ခရောက်နေသော ပြည်သူလူထုတို့အား ကူညီဖးမပေးမည့် သူတော်ကောင်းလမ်းစဉ်အား လိုက်နာကျင့် သုံး ကြရမည့် လူငယ်လူရွယ်များ၏ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်တယောက်အနေဖြင့် အဖက်ဖက်တွင် “စံပြ” ပုဂ္ဂိုလ်ဖြစ်ရန် အရေးကြီးလှသည်။ ထို့ကြောင့် ကျွန်တော် ထိုအရက်ကို ဖြတ်ကိုဖြတ်မှဖြစ်တော့မည်။ ကျွန်တော်ကြိုးစားသည် …သို့သော် မရခဲ့ပါချေ။

 

တစ်နေ့သောအချိန်အခါတွင် ကျွန်တော်၏ ကျေဇူးရှင် ဆရာကြီးမင်သိင်္ခ၏ “ဖြတ်ခနဲပေါ် ဆက်ခနဲ လုပ်” ဟူသောစကားရပ်အား သတိရမိတော့သည်။  ထိုကဲ့သို့သော မကောင်မှုလုပ်ရပ်အား မိမိအနေဖြင့် ဆက်လက်လုပ်ရန် မသင့်တော်ကြောင်း မိမိ၏စိတ်ထဲတွင် “ဖြတ်ခနဲ” ပေါ်လာသည်။ သို့သော် “ဆက်ခနဲ” ကောင်းမှုပြုလုပ်ရန် မိမိ၏ စိတ်အလျှင်တို့ လွန်ဆွဲနေခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့အသင်းတွင် လုပ်အားပေးနေသော ကင်မရာဆရာ ဦးသက်မွန်(TV) မှကျွန်တော့်အား စကားတစ်ခွန်းပြောလာသည်။ “ရွှေပေါက်ပင်ဆရာတော်ကြီး ရွှေတိဂုံဘုရားတောင်ဘက်မုခ်က အင်းလေးဓမ္မရုံမှာရောက်နေတယ်” ဟူ၍ ဖြစ်တော့သည်။ ထိုအခါကျွန်တော်သည် ယခင်ဘဝအဆက်ဆက်မှ သိရှိတော်စပ်ခဲ့သော ပဌာန်းဆက် ဆရာသမားတစ်ပါးအား ပြန်လည်တွေ့ဆုံ ဖူးတွေ့ခွင့် ရရှိတော့မှာပါလား ဟူ၍ စိတ်ထဲတွင် ဖြစ်ပေါ်လာကာ မဆိုင်းမတွပဲ ချက်ချင်းပင် အင်းလေးဓမ္မာရုံသို့သွားကာ ဆရာတော်ကြီးအား တွေ့ဆုံဖူးမျှော်ခဲ့သည်။ ဆရာ တော်ကြီးသည် ကျွန်တော့်အား ပြုံးရောင်သန်းသောမျက်နှာဖြင့် စူးစိုက်ကြည့်ကာ “မင်းဆီမှာရှိတဲ့ မ ကောင်း တဲ့အရာတွေကို ထုတ်ပြစ်ရမယ်” ဟုမိန့်ကာ ကျွန်တော့်အား အနားသို့ကပ်လာရန်နှင့် ကျွန်တော် နှင့်ပါလာသော  သူငယ်ချင်းဖြစ်သူအား ကျွန်တော်၏ နောက်ကျောကို ရှေ့သို့တွန်းထားစေရန်မိန့်ကာ  ကျွန်တော်၏ဝမ်းဗိုက်နှင့် နှလုံးသားနေရာသို့ ဆရာတော်ကြီး၏ ခြေဖဝါးအစုံဖြင့် တွန်းဖိလေတော့သည်။ ထိုအချိန်တွင် မိနစ်ပိုင်းအတွင်း ကျွန်တော်၏ ခန္တာကိုယ်တခုလုံး တုန်တုန်ရီရီဖြစ်ကာ ချွေသီးချွေးပေါက်များ ထွက်လာပြီး တကိုယ်လုံးအပူငွေ့များ ပြင်ပသို့လွင့်စင်ကုန်ကြသည်။ ထိုအချိန်က ဆရာတော်ကြီး၏ လက် သုံးတော်တောင်ဝှေးနှင့် ကြေးစီထုသော သစ်သားဘုပါမလာ၍ ကျွန်တော့်အား ခြေဖဝါးဖြင့် ကုသပေးခြင်း ဖြစ်သည်ဟု သိရှိခဲ့ရသည်။ ထို့အပြင် ကျွန်တော်ဝတ်ဆင်ထားသော လည်ကတုံး ရှပ်အင်္ကျီအဖြူ၏ ရင် ဘက်တွင် ထင်ကျန်ခဲ့သော ဆရာတော်ကြီး၏ ခြေရာအား ဆရာတော်ကြီးမှ “မင်းအဲဒီအင်္ကျီကို မလျှော်နဲ့၊ မဆေးပစ်နဲ့၊ ဒီအတိုင်းပြန်ဝတ်သွား”ဟူ၍မိန့်လေသည်။ ထို့နောက် ကျွန်တော့်အား “မင်းဘဝပြောင်းဖို့ အချိန်တန်ပြီ ရှေ့တစ်ပါတ် ပြည်မြို့ရွှေပေါက်ပင်ကျောင်းမှာ သက်သက်လွတ် ဆွမ်းလောင်းပွဲရှိတယ်၊ အဲ့ဒီ နေ့မှာ မင်းဘဝပြောင်းရတော့မယ်၊ ဘဝသစ်၊ စိတ်သစ်၊ လူသစ်နဲ့ အများအကျိုးကို ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ သယ်ပိုးပေးဖို့ အချိန်ကျပြီ” ဟူ၍ မိန့်ကြားလေတော့သည်။ ထိုသက်သက်လွတ် ဆွမ်း လောင်းပွဲနေ့၌ပင်  ကျွန်တော်လူ့ဘဝမှ သာသာနာ့ဘောင်သို့ ရောက်ရှိသွားပါတော့သည်။ ထိုစဉ်အခါက ကျွန်တော့်နောက်သို့ ရဲထောက်လှမ်းရေးများ တောက်လျှောက်လိုက်နေချိန်ဖြစ်၍ ကျွန်တော်သည် ဦပဉ္စင်း ဘဝဖြင့် သင်္ကန်းရုံထားရသော်လည်း တရားဘာဝနာ ကျင့်ကြံအားထုတ်ရန် အနှောင့်အယှက်သဖွယ် ဖြစ်နေတော့သည်။ ရဲထောက်လှမ်းရေးများကြောင့် အခက်အခဲ အနှောင့်အယှက်ဖြစ်သဖြင့် ဆရာတော် ကြီးအားခွင့်ပန်ကာ ရန်ကုန်မြို့သို့ သင်္ကန်းရုံဖြင့် ထွက်ခွါခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်၏ မွန်မြတ် လှသော သာသနာ့ဘောင်သို့ ဝင်ရောက်ခြင်းကြောင့်ပေလား၊ ဆရာတော်ကြီး၏ မေတ္တာကြောင့်ပေလား၊ ဆရာတော်ကြီးမှ ကျွန်တော့်အားစောင့်ရှောက်ရန် ထည့်ပေးလိုက်သော သူတော်စင်ပုဂ္ဂိုလ် များကြောင့်ပေ လားမသိ။ ကျွန်တော်ထွက်ခွါသွားခြင်းကို ရဲထောက်လှမ်းရေးများ ချက်ချင်း မသိလိုက်ကြပေ။ ထို့အပြင် ရန်ကုန်သို့ ရောက်ရှိသောအခါ ကျွန်တော် ဦးပဉ္စင်းဘဝဖြင့် တစ်ကိုယ်တည်း သီတင်းသုံးနေရာတွင် ကျွန်တော် နေထိုင်သီတင်းသုံးရာ ဘုန်းကြီးကျောင်းတွင်လည်း ကျွန်တော့်ဘေးတွင် အဖော်တစ်ယောက် ရှိနေကြောင်း၊ ကျွန်တော့်အားလည်း မြင်လိုက်၊ မမြင်လိုက်ဖြစ်နေကြောင်း သူတို့၏ သတင်းပေးသံများ အားကြားခဲ့ရသူ  ကျွန်တော်၏ အသိမိတ်ဆွေများမှ ပြောပြ၍သိရှိခဲ့ရတော့သည်။ ထိုအချိန်မှစ၍ ကျွန် တော်သည် ရွှေပေါက်ပင်ဆရာတော်ကြီး ချမှတ်ပေးသော တရားဘာဝနာ အဓိဌာန်ကျင့်စဉ် အားထုတ်မှု များကို အဓိဌာန်မပျက်ဆောင်ရွက်ရင်း ပရဟိတနယ်ပယ်ထဲတွင် ကျင်လည်ခဲ့တော့သည်။ ထို့အပြင် ဘဝ တစ်ပါး သို့ပြောင်းလဲသွားပြီး မကျွတ်မလွတ်ဖြစ်နေကြသော သူတို့အတွက်လည်း အကျွတ်အလွတ် ကျင့် စဉ်များ ကျင့်ကြံအားထုတ် အမျှပေးဝေခြင်း၊ မေတ္တာအစဉ်ပို့ သပေးခြင်းတို့ကြောင့် ထူးခြားလှသည့် အတွေ့ အကြုံများလည်း များစွာအံ့မခန်းတွေ့ကြုံခဲ့ရသည်မှာ (၆) နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်တော့သည်။ ထိုအချိန်မှစ၍ ဆရာကြီး မင်းသိင်္ခ၏ “ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ်” ဟူသော စကားအား ကျွန်တော် အကောင်အထည် ဖော်ဆောင်နိုင်သွားပြီ ဖြစ်တော့သည်။ မကောင်းမှု အကုသိုလ်လုပ်ငန်းများအား ဖြတ်ခနဲ သိလိုက်သည့်အချိန်မှစ၍ ကောင်းမှုကုသိုလ်လုပ်ငန်းများအား ဆတ်ခနဲ ကူးပြောင်းနိုင်ခဲ့ပြီ ဖြစ် သည်။ ကျွန်တော့်နည်းတူ ရွှေပေါက်ပင်ဆရာတော်ကြီးထံသို့ ဘဝသက်တမ်းတလျှောက် မကောင်းမှုနွံထဲ နစ်မွန်းနေသော လူတို့သည်လည်း ကောင်းမှုကုသိုလ် အရေးကိစ္စများအား တက်ကြွစွာ သယ်ပိုးနိုင်ရန် အတွက် လာရောက်၍ အဓိဋ္ဌာန်ဝင်ခြင်း ဆရာတော်ကြီးထံတွင် ကျင့်ကြံအားထုတ်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်ကို ကျွန်တော်မျက်မြင် တွေ့ရှိခဲ့ရသည်။ မကောင်းမှုနွံထဲမှ ရုန်းထွက်နိုင်သော သူတော်ကောင်း၊ သူတော်စင်များအဖြစ်လည်း ကျွန်တော်တွေ့မြင်ခဲ့ရသည်။ ယခု သာသနာပြုပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သူ အာသောကမင်းကြီးသည်လည်း တစ်ချိန်က အလွန်အမင်း ဆိုးသွမ်းခဲ့သော မင်းတစ်ပါးဖြစ်ခဲ့သည် မဟုတ် ပါလား။

 

 ယခုအချိန်တွင် ကျွန်တော်သည် အခက်အခဲများကို ရဲဝံ့စွာဖြင့်သစ္စာဆို၍ ကျော်ဖြတ်နိုင်သူ တစ် ယောက်ဖြစ်ခဲ့ပြီဖြစ်သည်။ ကျွန်တော်ဦးစီး ဦးဆောင်ပေးဆပ်လာခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်) သည်လည်း အများပြည်သူတို့နှင့် ကမ္ဘာ့နိုင်ငံများမှ သိရှိလာခဲ့ပြီ။ မြန်မာပြည်တွင်လည်း အနယ်နယ် အရပ် ရပ်တွင် ကျွန်တော်တို့အသင်းအား အားကျဂုဏ်ယူ၍ ကိုယ်ထူကိုယ်ထ ပရဟိတအသင်းများ ပေါ်ပေါက် လာခဲ့သည်။ ထိုထိုသော ကောင်းမှုအကျိုးဆက်၏ အကြောင်းတရားသည်ကား ကျွန်တော်၏ နှလုံးသား ထက်ဝယ်၊ ကျွန်တော်၏ ရင်ဘက်ထက်ဝယ် သေရာပါတံဆိပ်ခတ်နှိပ်လိုက်သော ကျေးဇူးရှင် ပြည်မြို့ ရွှေပေါက်ပင်တောရဆရာတော်ကြီး၏ ခြေဖဝါးတော်မှ အစပြုခဲ့ခြင်းဟုဆိုလျှင် မမှားတော့ချေ။
(ကျေးဇူးရှင်ဆရာတော်ကြီး သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသောမစာရ၏ ရွှေပေါက်ပင်ကျောင်းတိုက် တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုမင်္ဂလာနေ့မြတ်အတွက်  ဆရာတော်၏ ခြေတော်ရင်းဝယ် ရိုသေ ဝပ်တွားစွာဖြင့်  ဦးခိုက်ပူဇော်သည့် ကိုယ်တွေ့ဖြစ်ရပ်မှန်ပင် ဖြစ်တော့သည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts