ပင်တိုင်ကဏ္ဍ မာမာအေး

သီဟာနုရဲ့ စန္ဒာ – Mar Mar Aye – 454

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၅၄)
မာမာအေး
ဇန်န၀ါရီ ၁၂၊ ၂၀၁၃


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ …   ဒီကနေ့တော့ မာအေးအဖို့ အမှတ်တရ မှတ်တမ်းဝင်သီချင်းလေးတပုဒ်အကြောင်းကို သီချင်းရေးတဲ့သူကိစ္စနဲ့ တိုက်ဆိုင်နေတာကြောင့်မို့ ပြောမယ်လို့ပါရှင်။

မာအေးရဲ့ ဒီသီချင်းလေးကို ရေးတဲ့သူနဲ့ မာအေး တွေ့ခဲ့ကြတုန်းက သူက မင်းသားတဲ့ရှင်။ အသံကေါင်း ရုပ်ချော ဇါတ်မင်းသါးလါး၊ ရုပ်ရှင်မင်းသါးလားနဲ့ တွေးမှားမနေနဲ့ဦးနော်။ တကယ့် မင်းသါးပါ။ သူတို့နိုင်ငံကလဲ မာအေးတို့နိုင်ငံမှာ အရှင်နှစ်ပါး ပါတော်မမူခင်ကလို ထီးနန်းစိုက်ထူခဲ့တာ ဆိုတော့ သူဟာ မင်းညီမင်းသားပေါ့ရှင်။

မာအေးတို့ နိုင်ငံက ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့သလို သူတို့နိုင်ငံဟာလဲ ပြင်သစ်လက်အောက်ခံ ကိုလိုနီနိုင်ငံ ဖြစ်ခဲ့တော့ သူလဲ လွတ်လပ်ရေး တိုက်ပွဲတွေ နွှဲခဲ့ရမယ်ပေါ့နော်။ ၁၉၅၃ ခုနှစ်ကမှ လွတ်လပ်ရေးရတာ ဆိုတော့ မာအေးတို့ လွတ်လပ်ရေး ရပြီးနောက် သိတ်မကွာပါဘူး။ တွေ့ဖူးစဉ်အခါက ထူးခြားတာလေးတခု ခံစားမိပြီး တော်လှန်ရေးတိုက်ပွဲဝင်လက်မှ ဟုတ်ရဲ့လားတောင် အောင်းမေ့ပါတယ်။
မာအေး ၁၅ နှစ် ၁၆ နှစ် အရွယ်ရဲ့ လက်ဖ၀ါးထက် သူ့လက်ဖ၀ါးက နူးညံ့လွန်းလို့ အံ့သြခဲ့ရတာပါ။

နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ကိုယ့်နိုင်ငံကို လာရောက်ကြတဲ့အခါ ဖျော်ဖြေစရာက ပါတတ်စမြဲမို့ အိမ်တော်လို့ ခေါ်ကြတဲ့ သမတအိမ်တော်ဝင်းထဲ မရောက်ချင်မှအဆုံး လို့ ပြောရအောင်ကို ရောက်ခဲ့ပါတယ်။
နိုင်ငံတကါထုံးစံအရ လက်ဆွဲနုတ်ဆက်ရတဲ့ ပုဂ္ဂိုလ်အသီးသီးရဲ့ လက်တွေထဲမှာ သူ့လက်ဖ၀ါးဟာ အနူးညံ့ဆုံးမို့ တကယ့် ထီးသွေးနန်းသွေး မဟာသွေး စစ်ပါပေရဲ့ လို့ လေးမြတ်ကြည်ညိုသွားမိပါတယ်။ မွန်ရည်တဲ့ နှုတ်စကါး၊ ကြင်နာတရားထားတဲ့ မျက်ဝန်းနဲ့ ခေါင်းကလေး ငြိမ့်ကါ ငြိမ့်ကါ ပြုံးနေတဲ့ မျက်နှာကို ကြည်ကြည်သာသာ မြင်နေပါသေးတယ်ရှင်။

သူ့ကို မင်းသားကြီး၊ မင်းသားကြီးလို့ဘဲ ခေါ်ကြတာ ဆိုတော့ မာအေးတို့ဆီ လာခဲ့တုန်းက ဘုရင် မဖြစ်သေးလို့ရှိမှာပေါ့လေ။ ဒီမင်းသါးက ဂီတ၀ါသနာရှိတယ်။ သီချင်းတွေလဲ ရေးတယ် ဆိုတဲ့ သတင်းနဲ့အတူ သီချင်းတပုဒ် ဘာသာပြန်ပြီး ဆိုပေးဘို့ရာ ခွင့်ပြုလိုက်တယ် တဲ့။ ဒါနဲ့ စန္ဒရားလှထွတ်က မင်းသားကြီးရဲ့ ဓါတ်ပြားအတိုင်း အသံထုတ်၊ သူတို့သံရုံးက ဘာသါပြန်ပေး၊ မောင်မောင်သီက သီချင်းစာ အဓိပ္ပါယ် မပျက် ကပ်ပေးတဲ့အခါ ဟောဒီ ‘စန္ဒာ’ ဆိုတဲ့ သီချင်းလေး ဖြစ်လာတော့တာပါဘဲရှင်။

(စန္ဒာ – အတီးပိုဒ်နှင့် ဒုတိယပိုဒ်)

စန္ဒာ၊ ပ၀င်းရွှန်းမြ အိုစန္ဒာ x  ပြာလဲ့လဲ့ မိုးယံမှာ မြူးစွာ ကြည်လင်သာယာ ဆင်းရွှေဝါ xx သာယာ ညချမ်းလှလှသည်ချိန်ခါ x သောင်ကမ်းသို့ လှိုင်းငွေလွှာလူးကါ xx သာယာဖြေးဖြေး ပြေးဝင်လာ xx

သည်ကမ်းနဘေး အတွေးတွေဖြာ x မှုန်မှေးရေးရေးမြင်ယောင်လာ x သည်သောင်နဲ့လှိုင်းရေလေးများပမာ x တူယှဉ်တွဲမခွဲဘဲ နောင်အမြဲသာ xx
စန္ဒာ …  ပ၀င်းရွှန်းမြ အိုစန္ဒာ x   ရောင်ဆင်းသွဲ့လဲ့ရည်ဖြာ ဆမ်းလာ x  ကြည်လင်အေးမြ တပြေးညီစွာ x နောင်လဲမခွဲ အမြဲညီညာ x နောင်လဲမခွဲအမြဲညီညာ xxx

‘စန္ဒာ’ လို့ ခေါင်းစဉ်ပေးထားတာနဲ့ လိုက်ဖက်တဲ့ သံစဉ်နုလေးတွေကို ကြားလိုက်တယ်မို့လား သောတရှင်။ သူ့မူရင်းသီချင်း နဂိုရ်ပုံစံမပျက်ပါဘဲ နုနုယဉ်ယဉ် တွဲလက်ယှင်ဖို့ ပင်လယ်ပြင်လှိုင်းနဲ့ သောင်ကမ်းတို့လို အတူ ငွေရောင်ဆမ်းတဲ့ စန္ဒာလ၀န်း ရောင်ခြည်အောက်မှာ နေကြစို့လို့ စိတ်ကူးနုနယ်၊ လက်ဖ၀ါးနုနယ်နဲ့ သီချင်းကို ဖန်တီးရေးဖွဲ့သူဟာ မင်းသားကြီးသီဟာနုပါရှင်။

မင်းသားကြီးဟာ မာအေးတို့ ရိုးရာ မဟာဂီတကိုလဲ နှစ်ချိုက် သဘောကျတော်မူတယ်နဲ့ တူတာဘဲရှင်။  သမတအိမ်တော်ကြီး အတွင်းက ပန်းခြံ အသေးနေရာမှာ ယဉ်ကျေးမှုကဇါတ်အဖွဲ့က စေါင်း၊ ၀ါးပတ္တလျား၊ တယော ပုလွေ – ခြောက်လုံးပတ် အတီးအမှုတ်ပညာရှင်များနဲ့ လိုက်ပါ ဖျော်ဖြေခဲ့တဲ့အခါ၊ ရွှေရောင် ကမ္ဘောဒီယားနန်းတော်ပုံတံဆိပ်ကလေး တခုပေးခဲ့ပါတယ်။

ဒီ စန္ဒာသီချင်းဟာ နိုင်ငံခြားသီချင်းမို့ ကေါ်ပီသီချင်းလို့ ပြောရမှာပေါ့။ တခုတော့ ကွဲပြားမှာပါ။ ရေးတဲ့သူက ကိုယ်တိုင်ကိုယ်ကျ ခွင့်ပြုလို့ ဆိုဖြစ်တဲ့ ကေါ်ပီ၊ တရားဝင်နိုင်ငံ့ခေါင်းဆောင်တယောက် ရေးတဲ့ သီချင်းကို ဆိုပေးခဲ့ရတာ – ကေါ်ပီပေမယ့် အပြောမခံရဘူးပေါ့နော။

ဒီ မင်းသားကြီး သီဟာနုရဲ့ အဆက်အစပ် အမှတ်တရ ရှိလါတော့ စပ်စုစိန် လုပ်မိပြန်တာပေါ့ရှင်။ တကယ့်နာမည်ရှည်က ‘နိုရိုဒွန်သီဟာနု’ တဲ့။ ကမ္ဘောဒီးယားနိုင်ငံကို ပြင်သစ်တို့လက်အောက်က လွတ်မြောက်စေခဲ့တဲ့ လွတ်လပ်ရေးဗိသုကါ မင်းသားကြီး၊  ဒီမိုကရေစီခြေလှန်း စနိုင်ဘို့ရာအတွက် လူမျိုးတုန်း စစ်ပွဲတွေအတွင်းကနေပြီး ကျိုးစားဆောင်ရွက်ခဲ့တယ်လို့  ချီးကြူးခံရတဲ့သူ – ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ဖြစ်ခဲ့ပါတယ်။ သူတို့ စစ်တပ်က အဓမ္မ နန်းချတာကို ခံရတော့ ခမာနီအုပ်စုနဲ့ ပေါင်းခဲ့ရတယ်။
ပြည်နှင်ဒဏ်လဲ ခံခဲ့ရတယ်။ ၁၉၉၁ ခုနှစ်မှာ တိုင်းပြည် ပြန်လာပြီး ၁၉၉၃ ခုနှစ်မှာ ဘုရင်ပြန်ဖြစ်တော့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ရာမှာ အလွန် အရေးပါသတဲ့။ ၂၀၀၄ ခုနှစ်မှာတော့ သားဖြစ်သူ ‘သီဟာမုနိ’ ကို ထီးနန်း လွှဲအပ်ပေးခဲ့တယ်။ ခုတော့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်ဟောင်း သီဟာနုဟာ တရုပ်ပြည် ဘေဂျင်းမြို့မှာ လူကြီးရောဂါနဲ့ ပြီးခဲ့တဲ့ (၂၀၁၂ အောက်တိုဘာ) ၁၅ ရက် တနင်္ဂနွေ မနက်က ကံတော်ကုန်ရှာပြီ တဲ့။ ဖနွမ်းပင်မြို့ ဘုရင့်နန်းတော်မှာ ၃ လ ထား အပူဇော်ခံပြီး ဗုဒ္ဓဘာသာ ထုံးတန်းစဉ်လာအရ – အသုဘ အခန်းအနား ကျင်းပ မီးသဂြိုလ်မယ် ဆိုတော့ ဗုဒ္ဓဘာသါချင်းဘဲလေ အမျှဝေပေးလို့ ရသေးတာပေါ့ရှင်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော်  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts