သတင်းပဒေသာ

ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား

ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား

မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃

လက်ပံတောင်းတောင်အကြမ်းဖက်နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူ ရဟန်းသံဃာတော်များ ဆေးကုသနိုင်ရေး တယောက်တလက်ဝိုင်းဝန်းလှူဒါန်းကြသော ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ၊ အလှူရှင်များကို အသိအမှတ်ပြုကြောင်း၊ သာဓုအနုမော် ခေါ်ကြောင်း ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်သည်။

ဇန်န၀ါရီလဆန်းပိုင်းက ထိုင်းနိုင်ငံအတွင်း တရားအလှူများပြုလုပ်ပြီး န၀ါကမ္မလက်ခံရရှိသည်တို့ကို လက်ပံတောင်းတောင် မီးလောင်သံဃာတော်များအတွက် ဆေးကုသစရိတ်အဖြစ် အလှူပြုလုပ်ခဲ့ပြီး မှော်ဘီရှိ ရွှေည၀ါတောရကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် ရွှေည၀ါဆရာတော် ဦးပညာသီဟက အမေရိကန်ပြည်ထောင်စု၊ ကနေဒါပြည်တို့က ဆရာတော်များ၊ မြန်မာမိသားစုများ စုဆောင်းလှူဒါန်းကြသော ဆေးကုသရေးအလှူငွေများကို ဇန်န၀ါရီ ၉  ရက်က ရန်ကုန်ဆေးရုံကြီးရှိ မီးလောင်သံဃာတော်များထံ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်။ ဆရာတော်နှင့်အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းဇေယျာလည်း အတူလိုက်ပါပြီး ၎င်းတို့မှတဆင့် လှူဒါန်းငွေများကို သွားရောက်လှူဒါန်းမှု ပြုခဲ့ကြသည်ဟု ဆိုသည်။

ဘန်ကောက်မြို့သို့ လာရောက်ဆေးကုသနေသည့် သံဃာတော်တို့အတွက် တရားအလှူငွေများဖြစ်သည့် ထိုင်းဘတ်ငွေ ၃ သိန်းကို လှူဒါန်းနိုင်ခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။ အမေရိကန်ပြည် တက္ကဆပ်၊ အမာရီလိုမြို့၊ ဇေယျသုခကျောင်းတိုက်၊ ဆရာတော် ဦးနန္ဒ၀ံသနှင့် မြန်မာမိသားစုများ၏ စုပေါင်းအလှူငွေ ဒေါ်လာ ၁၅၀၀ကို လှူဒါန်းနိုင်ခဲ့ကြောင်း၊ ကနေဒါနှင့် အခြားပြည်နယ်များက ပေးပို့လှူဒါန်းငွေများကိုလည်း ထပ်ဆင့်လှူဒါန်းမည် ဖြစ်ကြောင်း၊ မြန်မာပြည်က ရွှေ့ပြောင်းဒုက္ခသည်များ အများအပြားနေထိုင်သည့် အင်ဒီယာနာပြည်၊ ဖို့ဝိန်း၊ ဇေတ၀န်ကျာင်းတိုက်၊ ဆရာတော် ဦးကုသလ (ဦးဇင်းအောင်ကျော်လှိုင်) မှတဆင့် ပေးပို့သည့် အလှူငွေများကိုလည်း ဆက်လက်လှူဒါန်းပေးမည်ဖြစ်ကြောင်း ဆရာတော်က ပြောကြားသည်။

လက်ရှိအခြေအနေတွင် ဆေးရုံတက်ကုသခွင့်ရရှိနေသည့် သံဃာတော်များမှာ သက်သာမှု တိုးတက်မှုများ ရှိနေသည်ဟု သိရှိရသည်။ ထိုနည်းတူ သီတဂူဆရာတော် ဦးဥာဏိသရ  လမ်းညွှန်မှုဖြင့် သီတဂူသာသနာပြုအဖွဲ့ကလည်း စစ်ကိုင်းတောင်ရိုး သီတဂူဆေးရုံတွင် ပြုစုစောင့်ရှောက်မှု အခြေအနေကိုလည်း အောက်ပါအတိုင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

“ … ဇန်န၀ါရီလ (၆) ရက်ညဥ့် ဦးယံကပင် သီတဂူအာယူဒါန ဆေးရုံတော်ပေါ်၌ ဂိလာန (၅၇) ဦးတို့အား ဆေးရုံတော်ပေါ်တင် ထားပြီးဖြစ်သည်။ ဇန်န၀ါရီလ (၇) ရက်နေ့၌ (၃၆) ဦး ထပ်မံ ရောက်ရှိလာသည်။ ဇန်န၀ါရီလ (၉) ရက်နေ့၌ (၂၃) ဦးထပ်မံ၍ ရောက်ရှိလာသည်။ သို့ဖြစ်ခြင်း ကြောင့် မီးလောင်ဒဏ်ရာရ ဂိလာ နပေါင်း (၁၁၆) ဦးရောက်ရှိလာ ခဲ့သည်။ ထိုဂိလာနေ (၁၁၆) ဦး ထဲတွင် ရဟန်းတော် (၃၃) ပါး၊ သာမဏေ (၆၈) ပါး၊ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၉) ဦးအသီး သီးရှိကြသည်။

အထက်ဖော်ပြပါ ဂိလာနတို့ တွင် အနာကို စစ်ဆေး၍ စားဆေး၊ သောက်ဆေးပေးကာ တစ်ညအိပ်၊ နှစ်ညအိမ်ဖြင့် ဆေးရုံဆင်းခွင့်ပြု လိုက်သော လူနာပေါင်းမှာ (၉၃) ဦးရှိပါသည်။ ခွဲစိပ်ခန်းသို့ဝင်၍ အင်္ဂလန်မှာ ခွဲစိပ်အထူးကုဆရာဝန် ကြီးကိုယ်တိုင်ခွဲစိပ်ကုသ၍ အရေြုပားလဲပေးလိုက်ရသော ဂိလာန သံဃာတော်များမှာ ရဟန်းတော် (၃) ပါး၊ သာမဏေ (၄) ပါး စုစုပေါင်း (၇) ပါးဖြစ်ပါသည်။

သီတဂူဆရာတော်၏ ထိုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီး ဌာနဒုတိယကျန်းမာရေးဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ ခွဲစပ် အထူးကုဆရာဝန်ကြီးဒေါက်တာ ဦးတင်ကြိုင်၊ ဒေါက်တာလှဘုန်း၊ ဒေါက်တာထွန်းထွန်းသန်း၊ ဒေါက် တာဦးချစ်ကိုကို၊ ဒေါက်တာ ခင်အုန်းဟန်၊ ဒေါက်တာမြတ်လေးနွယ်၊ ဒေါက်တာကြူကြူလွင်၊ စစ်ကိုင်း၊ မန္တလေးတိုင်းကျန်းမာရေး ဦးစီးဆရာဝန်ကြီးများ၊ ဆေးရုံအုပ် ကြီးခေါင်းဆောင်သော သီတဂူ အာယုဒါနဆေးရုံတော်ဆရာဝန် များအဖွဲ့နှင့် ရန်ကုန်၊ မန္တလေး၊ မုံရွာတို့မှ ဆရာဝန်များသက်ဆိုင် ရာပုဂ်္ဂိုလ်များက လာရောက်ကြည့် ရှုကြပ်မတ်ကူညီကုသပေးခဲ့ကြ သည်။

သီတဂူစန်းလပမာ ချမ်းမြသာ ယာရှိကြပါစေ။

သီတဂူဆရာတော် …”

လက်ရှိအခြေအနေတွင် အများပြည်သူတို့နှင့် ဆရာတော် သံဃာတော်ကြီးများ၏ ၀ိုင်းဝန်းအားထုတ်မှုများဖြင့် ထိခိုက်ဒဏ်ရာရသံဃာတော်များကို ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ခြင်းဖြစ်သည်မှာ ထင်ရှားလှသည်ဟု ရွှေည၀ါဆရာတော်က မှတ်ချက်ပေးသည်။ ထိုင်းနိုင်ငံသို့ ဆေးကုသရန် စီစဉ်သည့်အခါကလည်း အကန့်အသတ် အတားအဆီးများ ဖြတ်သန်းခဲ့ရကြောင်း၊ ဆရာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အတိုက်အခံအဖွဲ့အစည်းများ တိုက်တွန်း နှိုးဆော်မှုများကြောင့်သာ နိုင်ငံတော်က အားပေးမှုများ ထောက်ပံ့မှုများ ဖြစ်ပေါ်လာရသည်ဟု ဆိုနိုင်ကြောင်း နှင့် အိန္ဒိယပြည်က သံဃာတော်တို့အတွက် ကျန်းမာရေးအကူအညီများလည်း ရရှိမည်ဟု ဆိုကြောင်း ဆရာတော်က မိန့်ကြားသည်။

တိုင်းပြည်တွင် ပြည်သူအများအကြား၊ လူထုလူတန်းစားများအကြား ၀ိဝါဒကွဲစရာ၊ အငြင်းပွားစရာ၊ စည်းလုံးညီညွတ်မှုများ အားနည်းစရာ အရေးအခင်းများ၊ သွေးထိုးလှုံဆော်မှုများ ရှိနေသည်ကို သတိကြီးစွာ ထားပြီး ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ တိုင်းပြည်အရေး နိုင်ငံအရေးကို အားလုံးက ချစ်ခင်ညီညွတ်စွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သံသယများဖြင့် မခြားစေလိုကြောင်း၊ အမျိုးသားရေး လှုပ်ရှားနေသူ အတွင်းလူများအားလုံးမှာ ချစ်ခင် စည်းရုံး နားလည်မှုများ ရှိပြီးဖြစ်ပါကြောင်း၊ အချို့အပြင်ကလူတွေ ထင်မြင်ယူဆ ပြောဆိုနေသို အမျိုးမျိုး အဖုံဖုံဖြစ်နေသည်၊ သီးခြားဆီဖြစ်နေကြသည်ဆိုတာမျိုးကို အမှန်တကယ် စုံစမ်းမေးမြန်း စိစစ်ကြစေလိုကြောင်း ရွှေည၀ါဆရာတော်က သဘောထားပြောကြားလိုက်သည်။


Past Interview by Zaw Thu Ya, Mae Sod


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts