ဓာတ်ပုံသတင်း

ဂျပန်နိုင်ငံနာဂိုယာမြို့၌ နိုင်ငံရေး အကျဉ်းသားဟောင်းဆရာတော်ကို ဂုဏ်ပြု

ချမ်းမြ (မိုးမခအထောက်တော်)
ဒီဇင်ဘာ ၃၊ ၂၀၁၂
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က Myoo Hon Ji ဂျပန် ဘုရားကျောင်းတွင် ဂျပန်နိုင်ငံနာဂိုယာမြို့သို့ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင် ဆရာတော်ဦးဇဝနကို ဂုဏ်ပြုပွဲကျင်းပကြသည်။ ထိုဂုဏ်ပြုပွဲကို Myoo Hon Ji ကျောင်း ဂျပန်လူမျိုးဘိက္ခုနီ Majima san မှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

ဆရာတော်ဦးဇဝနအား နေ့ဆွမ်းဆက်ကပ်ကြပြီးနောက် နေ့တနာရီအချိန်တွင် Myoo Hon Ji ကျောင်း ကျောင်းခမ်းမ၌ အခမ်းနားကို စတင်ကျင်းပသည်။ အခမ်းနားကို မေတ္တာသုတ် ရွတ်ဖတ်ဖွင့်လှစ်ပေးပြီး ကျေးဇူးတင်ဝမ်းမြောက်မြောက် ဆရာတော်မှပြောကြားသည်။် ၂၀၁၂ ခုနှစ်အတွင် ငလျှင် ဘေးကြောင့် သေဆုံးခဲ့ရသော ဂျပန် အမျိုးသားအမျိုးသမီးတို့ နှင့် မြန်မာ့ဒီမိုကရေစီ အရေးတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသော မြန်မာ လူမျိုးအပေါင်းတို့အား အမျှပေးဝေရေစက်ချပေးသည်။ထိုနောက် အခမ်းနားဦးဆောင်ကျင်းပသူ Majima san မှ ဆရာတော်နှင့်ပရိသတ်ကိုမိတ်ဆက်ပေးပြီး နောက် ဆရာတော် ဧရာဝတီ အင်တာနက်စာမျက်နှာ နှင့် အခြားအင်တာနက်စာမျက်နှာ များတွင်ရေးသားခဲ့သော စာများထဲမှ -အသံဖြင့် တရင်းတနှီးဆောင်းပါးနှင့် အတွေးဇာတ်ဆောင်၏ အိမ်ပ်မက် ခရီးရှည် ဆောင်းပါး၂ပုဒ်ကို ဂျပန် ဘာသာပြန်ပြီး ရွတ်ဆို ဂုဏ်ပြုသည်။ ထိုရွှတ်ဆိုမှုကို MIYAJIMA TO MO KO က အသံဖြင့်ရွတ်ဖတ်ပေးပြီး KATO MASAHIRO-တီးလုံးဖြင့် ကူညီ ပုံဖော်ပေးသည်။ ရွတ်ဖတ်မှုအပြီး ပရိသတ်များမှ သြဘာလက်ခုပ်ခုပ်သံ တို့ ဖြင့် အားပေးကြသည်။

ဆရာတော်ဦးဇဝနသည် ၁၉၉၃နှစ် တွက် ဂျပန်လူမျိုးကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ ပါမောက္ခ ယိုဇိုယိုကိုတာ မြန်ာမာပြည် လာရောက်စဉ်က သံဃာတော်များအပေါ် စစ်အစိုးရ၏ လူ့အခွင့်ရေးချိုးဖောက်မှု မှတ်တမ်းများပေးခဲ့မှု နှင့် အခြားသော ဒီမိုကရေစီအရေး လှုပ်ရှား သူများကို အားပေးကူညီခဲ့မှုတို့ကြောင့် ပစ်ဒဏ်ကျခံ ခဲ့ရခြင်းဖြစ်သည်။အင်စိန်ထောင် -သာယာဝတီထောင် တောင်ငူထောင်တို့၌ နှစ်ပေါင်း၁၆နှစ် ထောင်ထွင်းနေထိုင်ခဲ့ရသူဖြစ်သည်။ သူတည်ထောင်ခဲ့သောရွှေပြည်သာမြို့ ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက်ကိုလည်း ပြန်လည် သီတင်းသုံးခွင့် မရတော့ပဲ စစ်ထောက်လှမ်းရေး တို့ အမျိုးမျိုးအနှောက်အယှက်ပေးမှုကြောင့် ထောင်မှလွတ်ပြီး ၂ လအကြာ နိုင်ငံခြား သို့ ထွက်ခွါလာခြင်းဖြစ်ကြောင်းသိရသည်။
………..

● နာဂိုယာမြို့တွင် ဦးဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) ပြောကြားခဲ့သည့် စာမ်း

မင်္ဂလာပါ ……
မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား ရှိကြသော မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။

ဗုဒ္ဓ၏ တပည့် သာဝက တစ်ပါးအနေနဲ့ ဤ ကဲ့သို့သော နိုင်ငံရေး ကိစ္စကို  လုပ်ဆောင် နေခြင်းအပေါ် ဘာကြောင့် ပါဝင်နေရသလဲ ဆိုတာကို ရှင်းပြလိုပါတယ်။  ဦးဇင်းတို့ မြန်မာနိုင်ငံမှာ အာဏာကိုမစွန့်လွှတ်လိုသူ အုပ်ချုပ်သူတို့ဟာ အာဏာတည်မြဲရေး အတွက် နည်းမျိုးစုံ သုံး ဆောငိရွက်လုပ်ကိုခဲ့တယ်ဆိုတာ မိတ်ဆွေများကြားသိပြီးဖြစ်ပါလိမ့်မယ်။ သူတို့အာဏာ မစွန့်ရရေးအတွက် နည်းမျိုးစုံထဲမှာ ပြည်သူကို ရက်ရက်စက်စက် လုပ်နည်း တွေလဲပါဝင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကိုလည်းကမ္ဘာမှာ အဆိုးဝါးဆုံး ကျူးလွန်ခဲ့ကြပါတယ်။

သံဃာတော်များပါဝင်ရခြင်းကို ရှင်းပြလိုပါတယ် ။ဗုဒ္ဓဘာသာဆိုတာကို လောကုတ္တရာရေးသက်သက် သာ ဖြစ်တယ်လို့ အာဏာရှင်နဲ့ သူရဲ့နောက်လိုက်တွေက ပြောဆိုနေကြပါတယ်။ ဒီလိုပြောဆိုနေတာတွေဟာ ဘာသာတရားရဲ့ ဟောကြားချက်တွေထဲမှာ တကယ်ကို လောကီ ကိစ္စသက်သက် ကိုလုံးဝမဟောခဲ့လို့ ပြောတာဟုတ် မဟုတ်ဆိုတာကို ဆန်းစစ်ဖို့လိုပါလိမ့်မယ်။

ဗုဒ္ဓဘာသာမှာ မင်္ဂလသုတ်ဆိုတာ နာမည်ကြီးပါတယ်။ ဒီသုတ်ဟာ လူမှုဘဝထဲမှာနေနည်းထိုင်းနည်းတွေကိုဟောခဲ့တာပါ။ ထို့အတူပဲ လူ သားတွေရဲ့တာဝန်တွေ ကျင့်ဝတ်တွေ- ဘုရင် (အုပ်ချုပ်သူ)ရဲ့တာဝန်တွေကို ကျင့်ဝတ်တွေကို အသေချာဟော ကြားတာပါရှိနေပါတယ် ။

ဗုဒ္ဓရဲ့ ကျင့်စဉ်တွေမှာ ပါရမီ၁၀ပါးဆိုတာပါ ပါတယ်။ ဒီအထဲမှာ မေတ္တာပါရမီ ဆိုလဲပါတယ်။ သတ္တဝါတိုင်းကို ကိုယ်နဲ့အတူတူထားဆက်ဆံတာပါ။ ကိုယ်ချင်းစာတရား ပေါ့ ။ဒီတရားကို ဗုဒ္ဓဟာသူကိုယ်တိုင်လဲကျင့်ပြခဲ့တယ် ။သူ့ရဲ့တပည့်တွေကျင့်ကြံကြဖို့ကိုလဲ ဟောကြားခဲ့တယ်။ ဒီတရား ကြောင့်ပဲ ဗုဒ္ဓဟာစစ်ပွဲ အတွင်း ကိုယ်တိုင်ဝင်ရောက်ပြီး စစ်မဖြစ်အောင် လုပ်ပြခဲ့တယ်။ အစာရေစာ ငတ်မွတ်နေသူ-ရောဂါဝေဒနာခံစားနေရသူတွေထံကူညီဖို့ အရောက်သွားခဲ့တယ်။ လောက လူသားတို့အကျိုးဆောင်ရွက်ခြင်းကို ဗုဒ္ဓက အားပေးတော်မူပါတယ် ။ ပါဠိလို လောကတ္ထာစရိယ လို့ခေါ်တဲ့တရားဟာ ဘုရားရဲ့ အရေးပါတဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။ လူသားအကျိုးဆောင်ရွက်ခြင်းပါ။ လူတွေ ဒုက္ခရောက်တိုင်း ရှေ့တန်းကမားမားမတ်မတ် ရပ်ရမည်ဆိုတာ ဘုရားအလိုကျအလုပ်ပါ။ မြန်မာပြည်မှာ အဆိုးဝါးဆုံးဒုက္ခကိုခံနေရတဲ့ လူသားတွေအတွက် ဘုန်းတော်ကြီးတွေဟာ ပါဝင်ကူညီနေရပါတယ်။ ကူညီသူတိုင်းကို အာဏာပိုင်တွေက သူတို့ ရဲ့အာဏာကိုလာရောက်ခြိမ်းခြောက်သူတွေအဖြစ် ရှုမြင်ပြီး နည်းမျိုးစုံ နှိပ်ကွက်ပါတယ်။ တချို့လဲ သေ။ တချို့လဲ ထောင်ကျ ။ တချို့လဲ နေထိုင်ရာနေရာကိုစွန့်ခွာပြီး ထွက်ပြေး နေကြရပါတယ်။ ထောင်ထဲက ကြာရှည်နေခဲ့ရသူတွေမှာ စိတ်ဝေဒနာ ရုပ်ဝေဒနာတွေကို တခုမဟုတ်တခုရခဲ့ကြရပါတယ်။ ဒီဝေဒနာတွေကို  ဂရုမစိုက် ပဲ ရင်ဆိုင်ပြီး ရဟန်းသံဃာတော်တွေ ဟာ လူသားတွေအတွက် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပါတယ် ။ ဒါ ဟာ ဗုဒ္ဓရဲ့အလိုကျဖြစ်တဲ့ မေတ္တာတွေကြောင့်ပါ။ မိတ်ဆွေတို့အားလုံးလည်း မေတ္တာနှင့်လောကကြီးကို တည်ဆောက်နိုင်ကြပါစေ။

ဦးဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts