သတင်းဆောင်းပါး
ပြည်သူတွေက ကျေးဇူးရှင်လား … တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်လား
ကျော်ဟုန်း
ဒီဇင်ဘာ ၃၊ ၂၀၁၂
 နိုဝင်ဘာ၂၉ ၊ ၂၀၁၂ ညက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ် အကြမ်းဖက်ဖြိုခွဲခြင်းဟာမြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းဆိုင်ရာသတင်းတပုဒ်ဖြစ်ခဲ့ပါပြီ။ ဒီအကြမ်းဖက်မှုဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အသက်ပေးပြီးလုပ်ဆောင်နေပါတယ်ဆိုတဲ့ သမ္မတရုံးအဖွဲ့ ဝန်ကြီးဦးအောင်မင်း၊ သမ္မတအကြံပေး ကိုလှမောင်ရွှေတို့အဖွဲ့ ကလက်ပံတောင်းတောင်သပိတ်စခန်းမှ တက်ကြွလှုပ်ရှားသူ သံဃာများ၊ မသွဲ့ သွဲ့ ဝင်းနဲ့ရွာသူရွာသားများ၊ အထက်ဗမာပြည်(ဗကသ)များရှေ့မှာ တောင်းဆိုမှုတွေသမ္မတထံတင်ပြပေးပါ မယ်ကတိပေးပြီးတဲ့နောက် ဖြစ်ပွားခဲ့တာပါ။
သပိတ်မှောက် ဆန္ဒပြသူတွေက ကြေးနီစီမံကိန်းကို အပြီးရပ်ဆိုင်းစေလိုခြင်းဟာ အဓိကအချက်ဖြစ်ပါတယ်။ အဲ့ဒီတချက်နဲ့တင် အာဏာ ပိုင်တွေနဲ့ဦးပိုင်တို့အတွက် မလိုလားဆုံးဖြစ်စဉ်မို့ မီးတောက်ကြီးကိုဖြစ်စေခဲ့တာပါ။ ပြည်သူ့အသံကိုနားဆင်ပြီး သမ္မတထံ ဘယ်လိုတင်ပြခဲ့ သလဲ မသိရပေမယ့် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ညအိပ်ချိန်ကြီးမှာ အမှောင်ခိုပြီး မီးလောင်ဗုံးတွေပစ်ခတ်အကြမ်းဖက်ဖြိုခွင်းတာဟာ သူရဲဘောကြောင်စွာ အစီစဉ်ရှိရှိကြံရွယ်တိုက်ခိုက်ခြင်းဆိုတာ ငြင်းမရစေတဲ့ အချက်ပါပဲ။  ဘာလို့အစီစဉ်ရှိရှိ ကြံရွယ်တိုက်ခိုက်ခြင်းလို့ပြောရတာလဲဆိုတော့ ညအချိန်ကိုရွေးပြီးအကြမ်းဖက်ခဲ့လို့ပါ။ ညမှောင်ရင် သတင်းသမားတွေ သတင်းမယူနိုင်၊တရားခံရှာမရနိုင်ဆိုတဲ့ မဟာဥာဏ်နီဥာဏ်နက်နဲ့စီစဉ်ခြင်းမျိုးပါ။ ၂၀၀၃ ဒီပဲရင်းအရေးအခင်းတုန်းက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ကြိုးစားစဉ်က အတိုင်းပါပဲ။ ဒါဟာ နိုင်ငံ့အာဏာပိုင်တွေက ယူနီဖောင်းဝတ်ပုံစံတုန်းကလိုကျင့်သုံးနေဆဲဆိုတာကို ထင်ရှားစေခြင်းပါပဲ။ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေပါပြီ၊ နောက်ကြောင်းပြန်မလှည့်တော့ပါဘူးလို့ ကမ္ဘာကိုပါအော်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ ဘယ်လိုရှင်းမလဲ။ သမ္မတရုံးက ထုတ်ပြန်ပြီး ခဏအတွင်းပြန်ရုတ်သိမ်းခဲ့တဲ့စာက (ဒီမိုကရေစီနည်းအရ သပိတ်မှောက်သူတွေကို ဖြိုခွင်းတာပါ) လို့ဆိုတယ်။
မေးခွန်းထုတ်စရာရှိလာတာက ညအမှောင်ကိုရွေးပြီး ဘာလို့တိုက်ခိုက်တာလဲ၊ မျက်ရည်ယိုဗုံးအစား မီးလောင်ဗုံးကို ဘာလို့သုံးတာလဲ၊ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ငြိမ်းချမ်းစွာမဆွေးနွေးဘဲ ဘာလို့အကြမ်းဖက်ရတာလဲ၊ တတိုင်းပြည်လုံးအုံကြွစေဖို့ နောက်ဆက်တွဲပြဿနာတွေကို ဖန်တီးချင်တာလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ရှိလာပါပြီ။
မြန်မာအာဏာပိုင်တွေဟာ အင်တာနက်ခေတ်ကို မေ့နေဟန်ဆောင်တာလား၊  သတင်းစီးဆင်းမှုမြန်ဆန်တဲ့ခေတ်အကြောင်း မသိလေရော့ သလား။ ဗြောင်လိမ်ဗြောင်စားခေတ်မရှိတော့တာ သိစေချင်ပါတယ်။ ဒီနေ့ ပြည်တွင်းဖြစ်ပျက်သမျှဟာ  ပြင်ပကမ္ဘာကို မိနစ်ပိုင်းအတွင်း ပျံ့ နှံ့စေတဲ့ခေတ်မှာ ညအမှောင်လဲ ဆိတ်ကွယ်ရာမရှိပါ။  သံဃာတော်တွေ၊  ကျေးဇူးရှင် တောင်သူလယ်သမားတွေကို မီးလောင်တိုက်သွင်း ခြင်းဟာ  အလွန်ရုပ်ဆိုးတဲ့ လုပ်ရပ်ပါ။
အင်တာနက် စာမျက်နှာများကတဆင့် တွေ့ မြင်ရတဲ့ ဓာတ်ပုံများ၊ ရုပ်သံတွေ့ ဆုံ မေးမြန်းခန်းတွေကို ကြည့်ရတဲ့မြန်မာတွေအတွက်စိတ်မချမ်းမြေ့စရာ၊ ခံပြင်းဒေါသထွက်စရာ၊ အရှက်ရစရာတွေချည်းပါပဲ။ ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ သားတော်တွေမှန်းသိလျက် ရိုင်းပြစော်ကားတာ ဒီစစ်အုပ်စုဟာ အကြိမ်ကြိမ်ထပ်နေပါပြီ။ အခု လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုမှာသုံးခဲ့တဲ့ဗုံးဟာ  မျက်ရည်ယိုဗုံးမဟုတ်နိုင်ဘူးလို့ ဓာတုဗေဒပညာတချို့က ယူဆနေကြပါတယ်။ အာဏာပိုင်တွေဘက်ကတော့ လူစုခွဲတဲ့မျက်ရည်ယိုဗုံးလို့ ငြင်းဆန်ပေမယ့် ဒဏ်ရာရ သံဃာတွေ၊ဒဏ်ရာရ ပြည်သူတွေရဲ့ ပျက်စီးသွားတဲ့ အရေပြားတွေက သက်သေခံနေပါတယ်။
သိသမျှ မီးခိုးထွက်ဗုံးတွေအကြောင်း ဒီနေရာမှာပြောပြချင်ပါတယ်။
(၁) ရောင်စုံမီးခိုးထွက်သည့်ဗုံး (Somke Ball ) ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိဖြာထွက်နိုင်ပြီး ပွဲလမ်းသဘင်နဲ့အားစကားပွဲများမှာ သုံးတတ် ပါတယ်။
(၂)  မီးခိုးချောင်းဗုံး (Somke Candle) မိနစ်အတော်ကြာ မီးခိုးတိမ်တိုက်လိုဖြစ်ပေါ်ပြီး အမြင်အာရုံ ဝေ့ဝါးစေပါတယ်။ ပွဲလန်းသဘင်မှာ အ သုံးပြုတဲ့ မီးရှူးတိုင်များနဲ့တူပြီး ဆလင်ဒါပုံဖြစ်ပါတယ်။
(၃)  မီးခိုးဗုံး (Smoke Grenade) စစ်တပ်မှာ တပ်အချင်းချင်း အချက်ပြရန်နဲ့တဖက်ရန်သူက တပ်ရွှေ့ မှုမသိစေရန်အသုံးပြုတတ်ပါတယ်။ စံနက်တံဖြုတ်ပစ်လွှတ်ရတဲ့သတ္ထုဗူးရှည်ပုံဗုံးဖြစ်ပြီး မီးခိုးများထုတ်လွှင့်နိုင်ပါတယ်။
(၄)  မျက်ရည်ယိုဗုံး (Tear Bomb) မီးခိုးလုံးများပျံ့ နှံ့ ထွက်တတ်ပြီး မျက်စိထဲဝင်လျှင် ကျိန်းစပ်ဝေဒနာဖြစ်တတ်၊မျက်ရည်များထွက်တတ်ပါတယ်။ ဒီဗုံးမျိုးကိုတော့ နိုင်ငံတကာမှာ လူစုခွဲရန်အတွက် အသုံးများပါတယ်။
အခု လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသပိတ်မှာ သုံးခဲ့တဲ့ဗုံးဟာ မျက်ရည်ယိုဗုံးအမျိုးအစားမဟုတ်နိုင်ဘူးလို့ဗုံးခွံကို စစ်ဆေးကြည့်ရှု သူများနဲ့ ဆေးပညာရှင်တချို့ က ခန့် မှန်းကြပါတယ်။ ဗုံးရဲ့ထိပ်ဖူးအောက်မှာ အရည်စိမ့်ထွက်နိုင်တဲ့အပေါက်တွေပါကြောင်း၊ ဘယ်လို အမျိုး အစားလို့မခန့် မှန်းနိုင်ပေမယ့် ဖော့စဖရတ်ပါတဲ့ မီးလောင်ဗုံး (Phosphorus Grenade) ဖြစ်ဖို့များတယ်လို့ဆိုကြပါတယ်။ ဒီလို မီးလောင်ဗုံး မျိုးကို အမေရိကန်က ဗီယက်နမ်နဲ့စစ်ဖြစ်စဉ်မှာ ဟိုချီမင်းမြို့နားက ထရန်ဘန်းကျေးရွာမှာ ကြဲချဖူးပါတယ်။ ထိမှန်ခံရသူဟာ အဝတ်မီး လောင်ပြီး အရေးပြားတွေ ပေါက်ပြဲကုန်ပါတယ်။ ဒီလိုဖြစ်ရတာက မီးလောင်ဗုံးမှာ မီးခိုးဖြစ်စေတဲ့ ဓာတ်ငွေ ၊ ဘင်ဇင်း၊ ဓာတ်ဆီတို့ပါဝင်ဖွဲ့ စည်းထားတာကြောင့်လို့ ဓာတုဗေဒပညာရှင်တဦးက ဆိုပါတယ်။  ဒီဗုံးမျိုးဟာ အပူရှိန်မြင့်မားတဲ့ နေရာဒေသတွေမှာပေါက်ကွဲရင် မီးလောင် လွယ်တတ်ပါတယ်။ မီးလောင်ဗုံးထိမှန်ခံရသူဟာ ဒဏ်ရာပေါ် ရေထိမိရင် ပြီတည်၊ ပေါက်ပြဲလွယ်ပြီး အနာရင်း တတ်ပါတယ်။ အရေပြားတွေ ရဲ့ပျက်ဆီးမှုကြောင့် ရောဂါပိုး ကာကွယ်မှု အတွက် ခုခံအားနည်းလို့တခြားရောဂါတွေအလွယ်တကူဝင်နိုင်ကြောင်းနဲ့ နောင် အဆုတ်ကိုလဲ ထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တို့က ပြောပါတယ်။
အခင်းဖြစ်ရာ မုံရွာဒေသကို လူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်ရောက်ပြီး ဦးပိုင်တာဝန်အရှိဆုံးသူတွေ၊ ဝမ်ပေါင်ကုမ္ပဏီကတာဝန် ရှိသူတွေ၊ ဆန္ဒပြရာမှာပါတဲ့ ဒေသခံ (၂၆) ရွာကကိုယ်စားလှယ်တွေ ပြည်သူတွေအပြင် ဆေးရုံရောက်သံဃာတော်များနဲ့ပြည်သူများကိုလဲတွေ့ ဆုံခဲ့ပါတယ်။ ဒေါ်စုက “ဘာ့ကြောင့် ဒီလောက်တောင်မှ ကြမ်းကြမ်းတမ်းတမ်းလုပ်ရတာလဲလို့ ကျမတို့ပြည်သူတွေ မေးပိုင်ခွင့်ရှိ တယ်” လို့ ဆားလင်းကြီးမြို့ နယ်မှာရှိတဲ့ လက်ပံတောင်းတောင်သပိတ်စခန်းမှာ အာဏာပိုင်တွေကို  မေးခွန်းထုတ်ခဲ့ပါတယ်။  အရှင်ဝီရသူ ကတော့ လုံးဝမကျေနပ်ဘူးလို့ပြတ်ပြတ်သားသားပြောပြီး မန္တလေး အိမ်တော်ရာဘုရား မြောက်ဘက်မုဒ်မှာ သံဃာတော် အပါး(၂၀၀)ခန့် စုဝေးပြီး ထိုင်သပိတ်ဆင်နွှဲပါတယ်။ (၅)ရက်အတွင်း အကြမ်းဖက်ဖြိုခွင်းဖို့ ဦးဆောင်ခဲ့သူတွေကို အရေးယူခြင်းမရှိရင် ပတ္တိနိက္ကုဇနကံဆောင်ခြင်းလုပ်မယ်လို့လဲ မိန့် ကြားလိုက်ပါတယ်။
(၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ တွေ လာရောက်အားပေးတာမြင်ရပါတယ်။  ပြည်သူတွေဆီက မဲအများဆုံး ညာယူခဲ့တဲ့ ကြံ့ဖွတ်အမတ်တွေ ပြည်သူကို လာအားပေးတာ မတွေ့ ရပါဘူး။ ဘယ်သူဟာ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ထိုက်တယ်ဆိုတာ တတိုင်းပြည်လုံးက ပြည်သူတွေ သတိ ထားစေဖို့  ဒီမြင်ကွင်းတွေက သက်သေခံနေပါပြီ။
ဒီအရေးအခင်းနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်ကတော့ အလွန်ပါးနပ်ပါပေတယ်။ တရုတ်သံရုံးကတော့  “မုံရွာကြေးနီစီမံကိန်းသည် တရုတ်မြန်မာနှစ်နိုင်ငံကုမ္ပဏီများအချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သောလုပ်ငန်းတခုဖြစ်ပါသည်။ ဤစီမံကိန်းနှင့် ပတ်သက် သော  ရွှေ့ပြောင်းမှုလျှော်ကြေးငွေ၊ ပတ်ဝန်းကျင်ကာကွယ်ရေးနှင့် အကျိုးဝင်ငွေခွဲခြားရေးများကို နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီး သတ်မှတ်ထား ခဲ့သည်။   မြန်မာနိုင်ငံ သက်ဆိုင်ရာဥပဒေများနှင့် ကိုက်ညီပါသည်။ မြန်မာပြည်တွင်းအဖက်ဖက်သည် မြန်မာနိုင်ငံ၏ဥပဒေများကို လေးစား မှုအခြေခံ၍ ဤစီမံကိန်းကိုအဆင်ပြေစွာအကောင်အထည်ဖော်နိုင်ရန် အကျိုးရှိသောအခြေအနေ တည်ဆောက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်” လို့ ပန်ကြားစာထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားမှာတော့ “ ဒီကိစ္စဟာ  မြန်မာပြည်တွင်းဥပဒေနဲ့မြန်မာပြည်တွင်းရေးကိစ္စသာဖြစ်တယ်”လို့ တရုတ်အစိုးရက ဦးသိန်းစိန်အစိုးရဘက်ပုတ်ထုတ်ပြီး သူ့ ဘက်လုံအောင်လို့ ကြိုတင်ကာကွယ်ထားတာ တွေ့ ရပါတယ်။
တကယ့်ရင်းမြစ် သမိုင်းကြောင်းတွေကို ပြန်ကြည့်ရင် စစ်အုပ်စုအဆက်ဆက်ရဲ့ ကလိမ်ခြုံ ဂုတ်သွေးစုပ်မှု၊ စစ်ဖက်နဲ့နီးစပ်သူ ခေတ်ပျက် သူဋ္ဌေး ခရိုနီတွေရဲ့ တကိုယ်ကောင်းကြည့်မှု၊ သမိုင်းနဲ့ချီပြီး မြန်မာပြည်အပေါ် မကောင်းခဲ့ဖူးတဲ့ တရုတ်နိုင်ငံတို့ရဲ့ သရုပ်သကန်တွေကို ဖော်ပြပါရစေ။
မြန်မာနိုင်ငံရဲ့ မုံရွာဒေသကြေးနီစီမံကိန်းအစဟာ ယူဂိုစလားဗီးယားနိုင်ငံ၊ ကနေဒါနိုင်ငံတို့နဲ့ဖက်စပ်လုပ်ခဲ့ချိန်ဟာလွန်ခဲ့တဲ့(၂၅)နှစ်ကတည်းကပါ။ (မဆလ)ဦးနေဝင်းလက်ထက်ပေါ့။ ခေတ်ပျက်ပြီး(နအဖ)လက်ထက်မှာလဲအရှိန်မပျက်လှိမ့်နေနိုင်ခဲ့ပါတယ်။ ဘာမှ ဆူဆူပူပူ အသံတွေမကြားရပါဘူး။ ဘာကြောင့်လဲဆိုတော့ နယ်မြေခံတွေ ရွှေ့ ပြောင်းမပေးရဘူး၊ သစ်ပင်တွေအစားထိုးစိုက်ပေးပြီး သဘာဝပတ် ဝန်းကျင် ပြန်ထိန်းပေးတာတွေရှိတယ်။ စွန့် ပစ်ပစ္စည်းတွေ စနစ်တကျစွန့် မှုကြောင့် ပတ်ဝန်းကျင်ကလူတွေရဲ့အသံ မမြည်ဘူး။  (နဝတ) ခေတ်ပျက်မှာ မြန်မာနဲ့အိုင်ဗင်ဟို(ကနေဒါ)ကုမ္ပဏီတို့ဟာ ၁၉၉၈ နိုဝင်ဘာမှာ ကြေးနီစီမံကိန်း လည်ပတ်နိုင်ခဲ့ပါတယ်။ ၁၉၉၉ သြဂုတ် အထိမှာ ကြေးနီတန်ချိန်ပေါင်း (၂၅၀၀၀) တန်ထုတ်လုပ်နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ (၅၂.၃)သန်း ထက်မနည်းရခဲ့ တယ်လို့ခန့် မှန်းကြပါတယ်။ အဲ့ဒီနောက်  စစ်အုပ်စုကို အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ မှုတွေလုပ်ကြချိန်  ကနေဒါ (အိုင်ဗင်ဟို)လဲ  မြန်မာနိုင်ငံ ကထွက်ဖို့  လုပ်လာဟန်တူပါတယ်။  ၂၀၀၈ အရောက်မှာ (ME-1 နဲ့Ivanhoe)တို့ဟာ ကြေးနီထုတ်လုပ်မှုလုပ်ငန်းကို ဟောင်ကောင်က (Wanbao)ဝမ်ပေါင်ကုမ္ပဏီကို ရောင်းလိုက်ပါတယ်။  အဲ့ဒီမှာ  ဦးအောင်မင်းပြောတဲ့ ကျေးဇူးရှင် တရုတ်ရဲ့ အခန်းကဏ္ဍရောက်လာပါပြီ။  ဘာလို့လဲဆိုတော့ဝမ်ပေါင်ဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီဖြစ်တဲ့(Norin Co/China North Industries Corp)ရဲ့ လက်အောက်ကုမ္ပဏီ တခုမို့ပါပဲ။ အဲ့ဒီ တရုတ်Norin Co ဟာ မြန်မာအပါအဝင်ကမ္ဘာပေါ်ကို စစ်လက်နက်ပစ္စည်း တရားဝင်ရောတရားမဝင်ပါ ထုတ်ရောင်းတဲ့ ကုမ္ပဏီကြီးတခုပါတဲ့။
မြန်မာ(နအဖ) ဟာ သူ့ ကာကွယ်ရေးအတွက် စစ်လက်နက်တွေ ကြိတ်ဝယ်ယူစုဆောင်းချိန်မှာ တရုတ် Norin coကထုတ်တဲ့ MBT2000 တင့်ကားတွေ အကြွေးဝယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် တရုတ်ဟာ သူတို့ရဲ့ကျေးဇူးရှင်နိုင်ငံပါလို့ပြောတာနေမှာ။ မြန်မာစစ်အုပ်စုကိုတရုတ်က အကူအညီပေးပုံကြည့်ပါဦး။စစ်သုံးကားတွေလက်ဆောင်ပေးပြီး ကျောက်စိမ်းလုပ်ကွက်တွေ ဝယ်တယ်။ စစ်လက်နက်တွေ မှောင်ခိုရောင်းပေးတယ်။ မြန်မာကို အနောက်နိုင်ငံတွေ စီးပွားရေး ပိတ်ဆို့ ထားချိန်မှာ လူသုံးကုန်ပစ္စည်းစုံ (ကမ္ဘာ့စံချိန်မမီ) အမှိုက်များ တင်သွင်းပေးတယ်။ (ရေဒါတိုပီတို) တပ်ဆင်ထားတဲ့ စစ်သင်္ဘောစုတ်တစီးလက်ဆောင်ပေးပြီး ငါးဖမ်းရေလုပ်ငန်းတွေမှာ နေရာဝင်ယူတယ်။ အမေရိကန်နဲ့မြန်မာ ဆက်ဆံဖို့ ခြေလှမ်းစချိန်မှာ မောင်းသူမဲ့လေယာဉ်တစီးတောင် လက်ဆောင်ပေး ထားတယ် လို့(အတည်မပြုနိုင်သေးတဲ့သတင်း)ကြားမိလိုက်သေးတယ်။ အဲ့ဒီမောင်းသူမဲ့လေယာဉ်မှာ တရုတ်ကိုပြန်သတင်း  ပို့ နိုင်တဲ့သူလျှိုစက်တွေ တပ်ဆင်ထားလေသလား မသိ။
သမိုင်းစဉ်အရသုံးသပ်ရင် တရုတ်ဟာ ပဒေသရာဇ်ခေတ်တုန်းကလဲ မြန်မာကို ကျူးကျော်ရန်စမှုတွေ လုပ်ခဲ့ဖူးပါ တယ်။ ကျူးကျော်လာတိုင်း စစ်ရှုံးပြန်ခဲ့ရလို့သာ တရုတ်လက်အောက်ခံမဖြစ်ခဲ့တာပါ။  မြန်မာနိုင်ငံ လွတ်လပ်ပြီးဒီဘက်ခေတ်မှာ (ဗကပ) မွေးတာလဲ တရုတ်၊ (ဗကပ)ကို သတ်ပြီး အာဏာသိမ်းစစ်အစိုးရ(ဦးနေဝင်း)ကိုမြှောက်ပေးခဲ့တာလဲ တရုတ်ပါဝင်ခဲ့ပါတယ်။ ခုအချိန်မှာ ဝကိုလဲ တရုတ်ပဲ နောက်ခံပြု မွေးထားတုန်းပါ။  တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့ ကို လက်နက်မှောင်ခို ရောင်းနေတာလဲ တရုတ်ပါ။ ဒါဟာ တရုတ်ရဲ့မြန်မာနိုင်ငံကို လွှမ်း ခြုံတဲ့ နိုင်ငံရေးသွယ်ဝိုက်စွက်ဖက်မှုနည်းပါ။
ခု (၂၁)ရာစုခေတ်တွေမှာ  နည်းပညာ၊ စီးပွားရေးတို့နဲ့သာ နယ်ချဲ့ နေတဲ့ခေတ်မို့ တရုတ်က စီးပွားရေး တောင့် လာချိန်  အာရှနဲ့အာဖရိကကို နယ်ချဲ့ လာပါတယ်။ အနောက်နိုင်ငံတွေမှာလဲ ရှယ်ယာခိုးဝယ်ခြင်းနဲ့ စီးပွားရေး နယ်ကို တရုတ်က ချဲ့ ထွင်ပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဆိုတာ  တရုတ်ရဲ့ ခါးပိုက်ဆောင်ထားစရာနိုင်ငံ အဖြစ် အခွင့်အရေး ရခဲ့တာပါ။ မြန်မာ့ဒီမိုတိုက်ပွဲစခဲ့တဲ့ (၈၈) ကာလတွေမှာ မြန်မာဟာ ဦးနေဝင်းကောင်းမှုနဲ့ ဒေဝါလီခံနိုင်ငံဖြစ်နေချိန်ပါ။ မြန်မာ့နိုင်ငံခြားဘဏ်မှာ အမေရိကန်ဒေါ်လာ မရှိတော့ပါဘူး။ ပြည်ပမှာ အလုပ်ထွက် လုပ်တဲ့သင်္ဘောသားတွေကို ပြည်ပမှာသုံးဖို့  ယခင်က အမေရိကန်ဒေါ်လာ(၅၀) လဲလှယ်ခွင့် ပေးရာကနေ (၁၅) ဒေါ်လာပဲ လဲခွင့်ပေးပါတော့တယ်။ နောက်မကြာခင်မှာ နိုင်ငံခြားထွက်အလုပ်လုပ်သူတွေကိုအမေရိကန်ဒေါ်လာ  လုံးဝလဲမပေးပဲ လွှတ်ရတဲ့ အဆင့်ဖြစ်သွားပါတယ်။  နိုင်ငံရေး၊ စီးပွားရေးတွေ ချွတ်ခြုံကျနေတဲ့ (နဝတ)စစ်အုပ်စုဟာ  ကမ္ဘာကအလိုရှိနေတဲ့ တရုတ်နွယ်ဖွား ဘိန်း ဘုရင်ခွန်ဆာကို  အကာအကွယ်ပေးပြီး သူကောင်းပြုပါတယ်။ ဘိန်းဘုရင်ဟောင်းလော်စစ်ဟန်ကိုလဲ ထောင်ထဲကနေ ပြန်လွှတ်ပြီး သူ ကောင်းပြုပါတယ်။  ဘိန်းဘုရင်တွေဟာ သစ်၊ ကျောက်စိမ်း၊ ပတ္တမြား၊ ကားတင်သွင်း၊ ဘဏ်လုပ်ငန်းတွေလုပ်ခွင့်ရပြီး ငွေမည်းတွေ ခဝါချနိုင်ခဲ့ကြပါတယ်။
(နဝတ) အမည်ပြောင်း (နအဖ)စစ်အုပ်စုလဲ ဒေါ်လာတွေချမ်းသာတဲ့သူတွေ နေ့ ချင်းညချင်းဖြစ်လာပါတယ်။မြန်မာအတိုက်အခံတွေ ဒီမိုကရေစီရဖို့  ကြိုးစားနေတဲ့ နှစ်(၂၀)တွင်းမှာ တရုတ်ဟာ မြန်မာအပေါ် ဈေးပေါပေါနဲ့အသာစီးရခဲ့ပါတယ်။ အနောက်အုပ်စု နိုင်ငံကြီးတွေရဲ့ စီးပွားရေးဒဏ်ခတ်မှု၊  အတိုက်အခံပေါင်းစုံရဲ့ တော်လှန်မှုတွေနဲ့မရှုနိုင်မကယ်နိုင်ဖြစ်နေချိန်တွေမှာ မြန်မာစစ်အုပ်စုကို တရုတ်ဟာချဉ်း ကပ်ရလွယ်ခဲ့ပါတယ်။ ပါဝါရှိသူများကိုလာဒ်လာဘထိုး၊ ပွဲစားများနဲ့ချိတ်ဆက်၊ မြန်မာ့သံယံဇာတတွေကို ရသမျှ လက်ဝါးကြီးအုပ် ခွင့်ရသွားပါတယ်။
ခုဖြစ်ပေါ်နေတဲ့ ကြေးနီစီမံကိန်းကိစ္စဟာ  အစိတ်အပိုင်းအသေးလေးပဲ ရှိပါသေးတယ်။ ဒီအစိတ်အပိုင်းအသေး လေးတောင်မှ တရုတ်ရဲ့ ညစ်ပတ်ပုံ၊ ခေတ်ပျက်သူဌေး ခရိုနီပွဲစားရဲ့ ကိုယ်ကျိုးကြည့်မှု၊ စစ်ဗိုလ်ချုပ်ကြီးများပိုင်တဲ့ဦးပိုင်ကုမ္ပဏီရဲ့ တိုင်းပြည့်ဘဏ္ဍာ အလွဲသုံး စားပြုမှုတွေကို လေ့လာကြည့်ကြရအောင်။
၂၀၀၈ မှာ မုံရွာ ကြေးနီစီမံကိန်းကို မြန်မာသတ္ထုတွင်းနဲ့အိုင်ဗင်ဟိုကုမဏီက တရုတ်ဝမ်ပေါင်ကုမ္ပဏီကို ရောင်းပါတယ်။ ဝယ်ယူသူက တရုတ်ဝမ်ပေါင်နဲ့မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာသတ္ထုတွင်းဝန်ကြီးဌာနကိုငွေသွင်းရာမှာ အစုရှယ်ယာ(၅၀%) စာကို တရုတ်ဝမ်ပေါင်ကပဲ ဦးပိုင်ကိုယ်စား ပေးချေပေးခဲ့ပါတယ်။
တရုတ်က ကြေးနီစီမံကိန်းအတွက်ငွေပေးချေခဲ့ရမှုဟာ အမေရိကန်ဒေါ်လာ (၂၅၀)သန်း ပေးခဲ့ရတာပါ။ ဒါ့အပြင်သတ္ထုတွင်းပြန်လည်မွန်းမံရန်အတွက် အမေရိကန် သန်း(၁၀၀) ထပ်ကုန်ပါသေးတယ်။  မြန်မာငွေ(၂)သောင်းနဲ့တနေ့ ကို (၁၆)နာရီအလုပ်လုပ်ရင်း ကြီးပွားလာခဲ့သူ ပွဲစားကြီး ဦးတေဇ(ထူးကုမ္ပဏီ)ကို သန်း(၅၀) ပွဲခ ပေးခဲ့ရပါသေးတယ်။  ဒါ – တရုတ်ရဲ့ ကြေးနီစီမံကိန်း ရင်းနှီးမှုတွေပါ။  ဒီကြေးနီစီမံကိန်းကို  အိုင်ဗင်ဟိုဟာ  ဖေဖော်ဝါရီ၂၀၀၇ ထဲက သူနဲ့မသက်ဆိုင်တော့ကြောင်းကြေညာခဲ့ပြီး တရုတ်လက်ထဲကို ၂၀၁၀-၂၀၁၁ လောက်မှ ရောက် တာဖြစ်ပါတယ်။  တရုတ်ကလဲ သူ့ အရင်းအနှီးတွေအတွက် မြန်မာအစိုးရဆီမှာ ဒီလိုအခွင့်အရေးတွေ ပြန်လည်တောင်းယူပါတယ်။
(၁) ကြေးနီတူးဖော်ရေး စီမံကိန်းကာလအတွင်း ဝင်ငွေခွန်(၁၀)နှစ် ကင်းလွတ်ခွင့်ပြုရန်။
(၂) ကြေးနီကုဗ (၁)တန်ကို အမေရိကန်ဒေါ်လာ(၄၀၀၀)အောက် ဈေးနှုံးဖြင့် ပထမ(၅)နှစ်ဆက်တိုက် တရုတ်ကိုဝယ်ခွင့်ပြုရန်….. မြန်မာ အစိုးရဘက်မှ သဘောတူပေးခဲ့ရကြောင်း (wikileaks) ဝိကလိခ်သတင်းအရ သိ ရ ပါတယ်။ ဒါက တရုတ်ရဲ့ မြန်မာအပေါ် ကျေးဇူးကြီးပုံနဲ့ စစ်အစိုးရက တရုတ်ကိုကျေးဇူးဆပ်ပုံ တစိတ်တပိုင်းပေါ့။
ဒီနေရာမှာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအကြောင်း အနည်းငယ်သိထားဖို့ လဲ လိုပါတယ်။ ဦးပိုင်ကို တပ်မတော်သားတွေရဲ့ လစာငွေထဲက ဖြတ်တောက်ပြီး တပ်ရင်းရံပုံငွေများနဲ့ စစ်မှုထမ်းဟောင်းတွေထည့်ဝင်ထားတဲ့ အစု-ရှယ်ယာတွေနဲ့ မတည်ဖွဲ့ ထားတာဖြစ်ပါတယ်။ ဖွဲ့ စည်းရာမှာ ဥသျှောင်အဖွဲ့ နဲ့ ဥက္ကဋ္ဌရုံး  – ဒါရိုက်တာအဖွဲ့ ဆိုပြီးခွဲထားပါတယ်။
ဥသျှောင်အဖွဲ့ ဝင်တွေကတော့ – ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး။ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်(ကြည်း၊ရေ၊လေ၊ ညှိနှိုင်းကွက်ကဲရေးမှူး)။ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း(ဦးစီး-ရေ)။ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း(ဦးစီး-လေ)။ ဒု-ဗိုလ်ချုပ်ကြီး သိန်းထိုက်(တပ်စစ်ဆေး ရေး အရာရှိချုပ်)။ ဗိုလ်ချုပ် လှရွှေ(တွဲဖက်စစ်ဦးစီးချုပ်)တို့ပါဝင်ပါတယ်။
ဥက္ကဋ္ဌရုံး-ဒါရိုက်တာအဖွဲ့ ဝင်တွေကတော့ – ယခင် ဒု-ဗိုလ်ချုပ်ကြီး တင်အေး(ကကထုတ်)။ ယခု ဗိုလ်ချုပ် ခင်ဇော်ဦး(စစ်ရေးချုပ်)။ ဗိုလ်ချုပ် ဝင်းသန်း(ကကဝယ်)။ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးများ။ အရာရှိချုပ်များ။ ဒုတိယဗိုလ်ချုပ်ကြီးများနဲ့ ဗိုလ်မှူးကြီးများပါဝင်ကြတယ်လို့ သိရပါတယ်။
ဦးပိုင်ဖွဲ့ စည်းစဉ်မှာ ရည်ရွယ်ချက်(၄)ချက် ပြဋ္ဌာန်းထားတယ်လို့ဆိုပါတယ်။
(၁)  တပ်မတော်သားများနှင့် ၄င်းတို့မီခိုသူ မိသားစုများ သက်သာချောင်ချိရေး
(၂)  စစ်မှုထမ်းဟောင်းများနှင့် ၄င်းတို့မီခိုသူ  မိသားစုများ သက်သာချောင်ချိရေး
(၃)  ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး
(၄)  နိုင်ငံတော်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေး  … လို့ ချမှတ်ထာပေမယ့် လက်တွေ့ မှာ တပ်မတော်သားတွေ အတွက်ရော၊ အရာရှိကြီးကြီးမဖြစ်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေအတွက်ပါ
ဘာမှ ထိရောက်တဲ့ အကျိုးမခံစားရပါဘူး။ ပါဝါကြီး၊ ရာထူးကြီးလက်ရှိများနဲ့ စစ်ဖက်နီးစပ် ခရိုနီကြီးတွေသာတိုင်းပြည်ဘဏ္ဍာတွေ အလွဲသုံးစား အိတ်ထဲကောက်ထည့်နေတာ တွေ့ ရမှာပါ။ နိုင်ငံတော်နဲ့ပြည်သူတွေ ဖွံ့ ဖြိုးရေး၊ သက်သာချေုာင်ချိရေးကတော့ စာရွက်ထဲမှာသာရှိပြီး အိပ်မက်ထဲတောင် ထည့်မက်ခွင့် မရနိုင်တာ လက်ပံတောင်းတောင်အရေးးအခင်းက သက်သေပါပဲ။
ဒါကြောင့်မို့ လွှတ်တော်မှာ ဒေါ်စုက ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတင်ပြဖို့ တောင်းဆိုတုန်းက စစ်အုပ်စုအခွံလဲကြံ့ဖွတ်ဝန်ကြီးတွေ ဝိုင်းကန့် ကွက်ကြတာပေါ့။ မတရားပိုင်ဆိုင်ထားတဲ့ ဝင်ငွေတွေက မနည်းပဲကိုး။ လက်ရှိမှာပဲမြန်မာနိုင်ငံဟာ အကြွေး ဒေါ်လာ(၂၆.၈၄)ဘီလျှံရှိနေချိန်မှာ ဦးပိုင်က ဒေါ်လာသန်းရာချီဝင်တဲ့ ဝင်ငွေအကောင်း ဆုံး၊ လုပ်ငန်းပေါင်း(၆၀)ကျော်ကို ပိုင်ဆိုင်ထားပါသတဲ့။
အဲဒီတော့ “ဦးပိုင်ကိုထိ မီးလောင်ဗုံးကြည့်၊ တရုတ်ကိုထိ သေနတ်ကြည့်” တွေဖြစ်ကုန်ပါတယ်။   ဒါကြောင့်မို့ လွှတ်တော်မှာ စစ်အရေခွံလဲ ကြံ့ဖွတ်ဝန်ကြီးများဟာ အခွန်အထုတ်ထမ်း ပြည်သူကို ကျေးဇူးရှင်လို့မမြင်ကြနိုင်တော့ပဲ သူတို့နဲ့စစ်ရေး၊ စီးပွားရေး ဖက်စပ်ဖြစ်နေတဲ့ တရုတ်ကို ကျေးဇူးရှင်လို့ ထင်နေခြင်းပါ။ စစ်အုပ်စု ချစ်တာဟာ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာတော် မဟုတ်ဘဲ မြန်မာ့မြေမှာ ၅၄% ရှိတဲ့ သတ္ထုတွင်းထွက်တွေများဖြစ်လေသလား၊ တနှစ်မှာ ၃.၄၆ဘီလျှံရနေတဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ မှုများလားလို့မေးရပါလိမ့်မယ်။
ခုဆိုရင် မန္တလေး၊ ရန်ကုန်မြို့ ကြီးတွေမှာ သံဃာတော်တွေ၊ ကျောင်းသားအဖွဲ့ တွေ၊ လုပ်သားပြည်သူတွေ စုပေါင်းပြီး ဆန္ဒပြနေကြပါပြီ။ အာဏာပိုင်တွေဟာ မိမိတို့လက်လွန်ထားတာကို သဘောထားမှန်နဲ့ ဖြေရှင်းဖို့  မတွေးကြသေးဘူးလို့ပဲ သုံးသတ်ရမလိုဖြစ်နေပါတယ်။
လက်ပံတောင်းတောင်သပိတ် စဖြိုခွင်းစဉ်တုန်းက  ဒီချုပ် – နာယက အဘဦးဝင်းတင်က  “ အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ဆောင်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့  စကားပြောနိုင်သေးတာ။  ခုဟာက လယ်သမားတွေက သူတို့နစ်နာချက်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာကို ဘာဖြစ်လို့ သူတို့က စကားမပြောနိုင်ဘဲ  စစ်လက်နက်ပစ္စည်းတွေ အသုံးပြုရတာလဲ။ ခုလို အကြမ်းဖက်ဖြိုခွင်းတာကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့်  သူတို့ပြောနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိုတောင် ထိခိုက်သွားနိုင်တယ်ဆိုတာ သူတို့မသိဘူးလား” လို့ မေးခွန်းထုတ်ခဲ့ပေမယ့် အစိုးရပိုင်းက ဂရုမစိုက်ခဲ့ပါဘူး။
ငြိမ်းချမ်းရေးယူထားတဲ့ ဒီကေဘီအေတပ်ဖွဲ့ မှ ဗိုလ်မှူးဆန်းအောင်က “ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်းချမ်းရေး ကိစ္စပါ ထိခိုက်နိုင်တယ်” လို့ သတိပေးခဲ့ပေမယ့် တကယ်တမ်း သပိတ်အကြမ်းဖက်ဖြိုခွဲခဲ့သူတွေကိုတော့ ထုံးစံအတိုင်း ပြည်သူကျေနပ်အောင် အရေးမယူတဲ့အပြင်  ဆန္ဒပြသူတွေကိုသာ  ဖမ်းဆီးနေတာကြောင့်  နောက်ကြောင်းပြန် စစ်တပ်အာဏာသိမ်းမှုဆီဦးတည်နေပြီလားလို့ သံသယဖြစ်စရာတွေ့ နေရပါပြီ။
စစ်အာဏာရှင်တွေက တိုင်းသူပြည်သားအပေါ် ကျေးဇူးရှင်လို့မမြင်တတ်ကြပါဘူး။ သူတို့ကျေးကျွန်သဖွယ်သာ ပြုမူ ဆက်ဆံတတ်သူတွေမို့ ဒီအတိုင်းဆက်သွားရင် စစ်အုပ်စုအစိုးရအဖို့  ကမ္ဘာ့အာဏာရှင်ကြီးများ ကျဆုံးမှုအတိုင်း ကျရှုံးရန် မဝေးတော့ပါ။  အကောင်းဆုံးက ကမ္ဘာမှလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ကြုံတွေ့ နေတဲ့အခက်အခဲများကို တရားနည်းနဲ့ဖြေရှင်းရန်  အကြံပေးချင်ပါတယ်။
ဒီမိုကရေစီကို တကယ်ဖော်ဆောင်လိုတယ်၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲချင်ပါတယ်ဆိုရင် ဦးသိန်းစိန်အစိုးရအနေနဲ့ ပြည်သူကိုကျေးဇူးရှင်အဖြစ်သတ်မှတ်ပြီး တရုတ်ကို အိမ်နီးချင်းအဆင့်အဖြစ် ဆက်ဆံစေချင်ပါတယ်။တရုတ်အစိုးရရဲ့ ပေးတာယူ ခိုင်းတာ လိုက်လုပ်နေရတဲ့ ဘဝကို မခုံမင်ပါနဲ့။ စစ်သားဖြစ်ခဲ့သူများပီပီ သတ္တိပြနိုင်ပါစေ။   ပြည်သူတွေရဲ့ ဆန္ဒကို  အခုလို အကြမ်းမဖက်ဘဲ သိက္ခာရှိရှိ  ဆောင်ရွက်ဖြေရှင် ဖို့ လိုကြောင်း ပြောပါရစေ။
မှီငြမ်း
The wall street journal/ www.Ivanhoe mines.com/ www. wikileaks.org/cable;2009
ဒေါက်တာခင်မောင်ညို တွေ့ ဆုံမေးမြန်းခန်း/  ဗိုလ်သိန်းတန် (ဆောင်းပါး)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “ပြည်သူတွေက ကျေးဇူးရှင်လား … တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ကျေးဇူးရှင်လား
  1. I have totally support this article,written by “Kyaw Hone”. What he have mentioned is 100% correct,true.The people of Burma,should’nt be trusted too much to this so called New Government,which, all his action and their cruel ways,that it treat to the civilian are same like former Military Junta.,because the same Generals are only changing their uniforms,and they are now,in Hluttaw,with their 25% Military Senators,it is very awkward,and ,I have really guess from that time on, they will not CHANGE,but, they are very smart,that,they can cheat the Whole World,to draw out their sanction and money,which were freeze at outside of Burma. Now,they show that,They have no mercy.These power crazy only thinks of themselves,their families,their cronies,and,they can play many rolls now,which our stupid people did not realize,is so funny.So, What are we going to do NOW???
Comments are closed.